ပင်လယ်ထဲ ရိုဟင်ဂျာစက်လှေနှစ်စီးထက်မနည်း မျောနေဆဲ
2022.12.28

ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ခြေများတဲ့ ပင်လယ်ပြင်ခရီးကို ထွက်လာကြတဲ့ ရိုဟင်ဂျာ ၂၄ဝဝ လောက်ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ငါးဆ ပိုများလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။
ဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာနှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ပင်လယ်ပြင်ထဲ ထွက်လာတဲ့ ရိုဟင်ဂျာစက်လှေ ဆယ်စီးခန့်ရှိတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေထဲက ခန့်မှန်းကြပါတယ်။
အဲဒီထဲမှာ ကယ်ဆယ်ခံလိုက်ရတဲ့စက်လှေတွေ၊ ကမ်းဆိုက်ကပ်နိုင်ခဲ့တဲ့ စက်လှေတွေ ရှိပေမယ့် ပင်လယ်ပြင်မှာ အဆက်အသွယ်ပြတ်တောက်နေတဲ့ စက်လှေ နှစ်စီးထက်မနည်းရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
“၁၈ဝ ပါတဲ့ စက်လှေနစ်မြှုပ်ပြီး အားလုံးသေသွားပြီလို့ ယူဆနေကြတယ်။ ဒါက လူသားမျိုးနွယ်အတွက် ကြေကွဲစရာကောင်းတဲ့သတင်းလို့ ယူဆရမှာပေါ့။”
အဲဒီထဲမှာ တစ်စီးက ဒီဇင်ဘာ ၁၃ရက်နေ့က ထွက်တဲ့လှေဖြစ်ပြီး ရိုဟင်ဂျာ ၂၆၀ ကျော်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုး က ပြောပါတယ်။
“ကျွန်တော်တို့ စုံစမ်းထားချက်အရကတော့ နှစ်စီးလောက် ကျန်သေးတယ်။ တစ်စီးကတော့ လူ ၁၈ဝ လောက်ပါတယ်၊ ဒုတိယလှေကတော့ သိပ်မကြာခင်က ထွက်တာပဲ။ အဲဒီလှေက ဒီဇင်ဘာ ၁၃ရက်နေ့က ထွက်တာ၊ သူကတော့ ဒုက္ခသည်စခန်းကထွက်တာမဟုတ်ဘူး၊ ရခိုင်ပြည်ဘက်က ထွက်တာလို့ သိရတယ်။ လူဦးရေအားဖြင့် ၂၆၀ ပါတယ် ဒီအစီးမှာကလေ၊ တော်တော်များတယ်။”
အဲဒီစက်လှေနဲ့ နောက်ဆုံးအဆက်အသွယ်ရထားတဲ့အထိ ထိုင်းရေပိုင်နက်ထဲမှာပဲ ရှိနေပါသေးတယ်။ နောက်ထပ်စက်လှေတစ်စီးကတော့ နိုဝင်ဘာ ၂၆ရက်နေ့မှာ နောက်ဆုံးအဆက်အသွယ်ရထားပြီး မလက္ကာရေလက်ကြားမှာ မျောနေတဲ့ လူ ၁၈ဝ ကျော်ပါတဲ့စက်လှေပါ။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတချို့ပြောပြချက်အရ စခန်းတွေကနေ နတ်မြတ်ကိုဖြတ်ပြီး ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်ထဲက ကျေးရွာတချို့မှာ လူကုန်ကူးပွဲစားတွေက လူစုဆောင်းကြပါတယ်။ အဲဒီကတစ်ဆင့် ကုန်းလမ်းကနေ သွားကြတာရှိသလို ရေလမ်းကြောင်းကနေ သွားကြသူတွေလည်း ရှိပါတယ်။ သူတို့ဟာ အဓိက မလေးရှားနိုင်ငံကို သွားဖို့ ဦးတည်ကြတာပါ။
ဒါပေမဲ့ ခိုင်ခံ့မှုမရှိတဲ့ စက်လှေလေးတွေပေါ်မှာ လူရာနဲ့ချီလိုက်ပါလာတာကြောင့် ပင်လယ်ပြင်ခရီးမှာ ကြာကြာမခုတ်မောင်းနိုင်ဘဲ စက်ပျက်ပြီး မျောနေတဲ့လှေတွေ များနေပါတယ်။
ရိုဟင်ဂျာ ၁၈ဝ လောက်ပါတဲ့ စက်လှေတစ်စီးဟာ သီရိလင်္ကာကမ်းရိုးတန်းမှာ ဒီဇင်ဘာပထမသီတင်းပတ်လောက်က နစ်မြှုပ်သွားပြီး လှေပေါ်ပါလာသူအားလုံး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေက ယူဆထားကြပါတယ်။
“တချို့နိုင်ငံတွေက ဒါ မြန်မာပြည်တွင်းရေး ဖြစ်တယ်၊ မြန်မာတွေနဲ့ပဲ သက်ဆိုင်တယ်၊ မြန်မာတွေပဲ လုပ်ဖို့ ပြောတာရှိတယ်။”
ပင်လယ်ထဲက ရိုဟင်ဂျာတွေအရေးကို ဒေသတွင်းနိုင်ငံတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုက အားရစရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက သုံးသပ်ပါတယ်။
“ဒီလူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာရော၊ လူ့အခွင့်အရေးအဖွဲ့တွေကရော တောင်းဆိုနေပေမယ့် ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုက တော်တော်အားနည်းတယ်၊ မရှိသလောက်နည်းတယ်။ လုံးဝတုံ့ပြန်ဆောင်ရွက်မှုမရှိဘူး။ ဒါ့အပြင် တချို့နိုင်ငံတွေက ဒါ မြန်မာပြည်တွင်းရေး ဖြစ်တယ်၊ မြန်မာတွေနဲ့ပဲ သက်ဆိုင်တယ်၊ မြန်မာတွေပဲ လုပ်ဖို့ ပြောတာရှိတယ်။ ၁၈ဝ ပါတဲ့ စက်လှေနစ်မြှုပ်ပြီး အားလုံးသေသွားပြီလို့ ယူဆနေကြတယ်။ ဒါက လူသားမျိုးနွယ်အတွက် ကြေကွဲစရာကောင်းတဲ့သတင်းလို့ ယူဆရမှာပေါ့။ ကျွန်တော်တို့မှာ အသက်ပေါင်းများစွာကို ကူညီကယ်ဆယ်ခွင့်ရလျက်နဲ့ ဒါကိုတုံ့ပြန်ပြီး နိုင်ငံရေးအရ စိတ်ဆန္ဒမပါတဲ့အတွက် မဆောင်ရွက်ခဲ့ဘူးဆိုရင် မလိုအပ်ဘဲနဲ့ လူ့အသက်ပေါင်းများစွာ စတေးခံလိုက်ရတယ်။”
သူတို့ဟာ နိုဝင်ဘာလကုန်လောက်က ဘင်္ဂလားဒေ့ရှ်ကနေ စတင်ထွက်ခွာလာတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ရက်နေ့အထိ သူတို့မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားတာပါ။ ဒါကြောင့် ဒီစက်လှေ နစ်မြှုပ်ပြီး ပါလာသူအားလုံး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ UNHCR က ကြေညာခဲ့တာပါ။ UNHCR ပြောရေးဆိုခွင့်ရှိသူ ဘာဘလို့ချ်က ၂ဝ၂၂ ခုနှစ်ဟာ ရိုဟင်ဂျာအများဆုံး ပင်လယ်ပြင်မှာ အသေအပျောက်များရတဲ့ အဆိုးဆုံးနှစ်ဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားကို ကမ်းကပ်နိုင်ခဲ့တဲ့ စက်လှေ လေးစီးရှိပြီး လူဦးရေ ၅ဝဝ နီးပါးရှိပါတယ်။ ဒါဟာ သီတင်းပတ် ခြောက်ပတ်အတွင်း အရေအတွက် ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၅ရက်နဲ့ ၁၆ ရက်နေ့တို့မှာ ရိုဟင်ဂျာ ၂၃၀ ပါတဲ့ စက်လှေနှစ်စီး အင်ဒိုနီးရှားကို ရောက်ခဲ့ပါတယ်။
အမျိုးသားတွေချည်း ၅၈ ယောက်ပါလာတဲ့ စက်လှေ တစ်စီးက ဒီဇင်ဘာ ၂၅ရက်နေ့က ကမ်းကပ်ခဲ့ပါတယ်။ နောက်ထပ်အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ၁၈၅ ယောက် လိုက်လာပါတဲ့ စက်လှေကတော့ ဒီဇင်ဘာ ၂၆ ရက်နေ့က ရောက်ခဲ့တာပါ။
လူ ၁၈၅ ယောက်ပါတဲ့ စက်လှေပေါ်မှာ အမျိုးသား ၈၃ ယောက်၊ အမျိုးသမီး အယောက် ၇ဝနဲ့ ကလေး ၃၂ ယောက်ပါဝင်တယ်လို့ AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အဲဒီလှေတွေဟာလည်း ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးမှ ကမ်းကပ်နိုင်ခဲ့တာပါ။
အဲဒီစက်လှေ ပင်လယ်ထဲမျောနေစဉ်အတွင်း လူအယောက် ၂ဝ ကျော် သေဆုံးခဲ့ပြီး သူတို့ကို ပင်လယ်ထဲ ပစ်ချခဲ့တယ်လို့ လှေပေါ်ပါလာသူ တစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာစက်လှေတွေကို အမြန်ဆုံး ကယ်ဆယ်ကြဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုကြပေမယ့် ဒေသတွင်းနိုင်ငံတွေက အကူအညီတွေအလျင်အမြန်မပေးခဲ့ကြဘူးလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
“အစိုးရတွေက သူတို့ဒါတွေကို ကယ်တင်လိုက်ရင် နောက်ထပ်လူတွေပိုရောက်လာမှာ စိုးရိမ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကယ်တင်တာတွေ မလုပ်ဘူး။ ဘယ်လောက်ပဲတိုက်တွန်း တိုက်တွန်း အစိုးရတွေက မမြင်သလို နေကြတယ်။ ပြည်သူလူထုအကူအညီနဲ့ ရောက်လာရင်တော့ သူတို့မောင်းထုတ်လို့ မရဘူး။ အစိုးရတွေအနေနဲ့ ပေါ်ပေါ်တင်တင်လာပါ ကယ်တင်မယ်ဆိုတဲ့ ပုံစံမျိုးတော့ ကျွန်တော်တို့ မမြင်ရဘူး“
ဒီဇင်ဘာ ၇ ရက်နေ့ကတော့ ကပ္ပလီပင်လယ်ပြင်ထဲ မျောနေတဲ့ ရိုဟင်ဂျာစက်လှေတစ်စီးကို ဗီယက်နမ်ရေနံကုမ္ပဏီတစ်ခုက ကယ်တင်ပြီး မြန်မာရေတပ်ဆီ လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီလှေပေါ်မှာတော့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ ၁၅၄ ယောက်ပါပါတယ်။
သီရိလင်္ကာရေတပ်ကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့က ရိုဟင်ဂျာ ၁၀၉ ယောက်ပါတဲ့ ငါးဖမ်းစက်လှေတစ်စီးကို ကယ်တင်ခဲ့ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကိုသွားရင်း လမ်းမှာစက်လှေပျက်ပြီး ပင်လင်ပြင်ထဲမျောနေခဲ့တာလို့ သီရိလင်္ကာရေတပ်က ထုတ်ပြန်ထားပါတယ်။ အဲဒီ ၁ဝ၉ ယောက်ထဲမှာ အမျိုးသမီး ၃၉ ဦးနဲ့ ကလေး ၂၃ ဦးပါပါတယ်။

အခုလို ပင်လယ်ထဲမှာ စက်လှေပျက်၊ အစာအာဟာရ ပြတ်တောက်ပြီး ကမ်းမမြင်လမ်းမမြင်နဲ့ ဒုက္ခရောက်နေကြတယ်ဆိုတာ သိနေရပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ ထွက်ဖို့ ကြိုးစားနေသူတွေ နေ့စဉ်ရှိနေဆဲပဲလို့ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင် က ပြောပါတယ်။
“လူတွေက နေ့စဉ်ထွက်နေတာရှိပါတယ်။ တော်တော်များများက မလေးကိုပဲ စိတ်ဝင်စားတာပါ။ ဒီမှာ ဘာမှအဆင်မပြေတော့ နေ့စဉ်ထွက်နေတာပါ။ ကျွန်တော်ကတော့ နောက်ထပ် ငါးစီး ပင်လယ်ထဲမှာ ရှိမယ်လို့ ယူဆပါတယ်။ နောက်လည်းထွက်မှာပါပဲ။ လမ်းမှာ ဖမ်းခံနေရတာလည်းရှိတယ်၊ ပင်လယ်ထဲ မျောနေတာလည်း ရှိတယ်။ သိလျက်သားနဲ့ ထွက်နေတာပါ။ ထွက်လို့ရနေလို့ ထွက်တာပါ”
မြန်မာပြည်နိုင်ငံရေးအခြေအနေတွေကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်လို့မရသလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလည်း လွတ်လပ်စွာ သွားလာခွင့်မရ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိနဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေပြီး စားဝတ်နေရေးအခက်အခဲ စတဲ့ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပင်လယ်ပြင်ခရီးကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
နိုဝင်ဘာလကနေ ဧပြီလအတွင်း ပင်လယ်ပြင်ရာသီဥတုကောင်းမွန်တဲ့အတွက် ဒီကာလမှာ ရေလမ်းခရီးကနေ သွားသူများတယ်လို့လည်း ပြောကြပါတယ်။
သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင် က လူကုန်ကူးသမားတွေက ဒီကာလမှာ ပင်လယ်ထဲ သွားရလွယ်ကူတယ်လို့ ပြောပြီး လူစုနေတာလို့ ပြောပါတယ်။
“ဒီဇင်ဘာဆိုတာက ပင်လယ်က တည်ငြိမ်နေတဲ့အနေအထားရှိတယ် ဒါကြောင့် လူကုန်ကူးပွဲစားတွေက လူတွေကို ခန့်မှန်းပြီး ပြောတာ၊ ဒီလက ပင်လယ်က တည်ငြိမ်တဲ့အနေအထားရှိတော့ ခင်ဗျားကို လွယ်လွယ်ကူကူသွားနိုင်မှာဖြစ်တယ်ဆိုပြီး လူတွေကို ပြောတာကြောင့် ထွက်တာများတာ ဖြစ်နိုင်တယ်။”
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်အရေးဆိုင်ရာ မဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန် က ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ပြောထားပါတယ်။
ပင်လယ်ပြင်မှာ ဘယ်လောက်အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီး အရေးယူတာတွေလည်း လုပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေကနေ ထွက်တာကို တားဆီးဖို့ဆိုရင် စခန်းတွင်း တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျှောဖို့သလို ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လည်း လိုတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။

ဒါ့အပြင် လူကုန်ကူးပွဲစားတွေကို ဖမ်းဆီးအရေးယူတာတွေ ထိရောက်ဖို့လည်း ပြောပါတယ်။ လူကုန်ကူးပွဲစားတွေက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တချို့နဲ့ ပေါင်းပြီး အခုလိုလှုပ်ရှားနေတာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
ကုတုပါလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က သူသိထားတဲ့ အခြေအနေတွေကို အခုလိုပြောပါတယ်။
“ဖမ်းဆီးတယ်ဆိုတာ တစ်ခါတစ်လေပဲရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ရှောင်ပြီး ထွက်တာပါ။ လှေရဲ့အောက်မှာပဲထားပြီး သွားတာလည်းရှိတယ်တဲ့ မြန်မာ့ရေတပ်ဆိုရင် သူတို့ ပိုင်ပြီး သွားနေတာပါ။ အားလုံးကိုတော့ မဟုတ်ဘူးနော်။ ရေတပ်မှာ ဘယ်သူရှိလဲ၊ ဘယ်ကပ္ပတိန်က တာဝန်ယူထားတာရှိလဲ၊ ဥပမာအားဖြင့် တနင်္လာနေ့ စနေနေ့ ဘယ်ကပ္ပတိန်က လှုပ်ရှားတာရှိလဲ၊ အဲဒီကပ္ပတိန်နဲ့ပဲ သူတို့ချိန်းပြီး လှုပ်ရှားနေတာပါ၊ ကျွန်တော်တို့ ဒီကနေ ဒီအထိသွားမယ် ဘယ်လောက်ပေးရမလဲဆိုပြီးတော့ပေါ့နော်။”
ဒီကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ်ကအာဏာပိုင်တချို့လည်း ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ ယူဆကြပါတယ်။ ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ကယ်ဆယ်ခံလိုက်ရတဲ့သူတွေကို သူတို့အခြေချနေထိုင်နိုင်မယ့် တတိယနိုင်ငံတွေကို သွားခွင့်ရအောင် ကူညီပေးဖို့ တိုက်တွန်းပါတယ်။
“သူတို့ကိုအရင်ဆုံး ကယ်ဆယ်ပြီးပြီဆိုတော့ လူသားချင်းစာနာမှုအကူအညီတွေ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပြီးတော့ ခိုလှုံခွင့်ပေးဖို့၊ ပြီးတော့ UNHCR နဲ့ ချိတ်ဆက်ပြီး တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ပေါ့နော်”

ကုန်းလမ်း ရေလမ်းကြောင်းတွေမှာ ဖမ်းဆီးခံရသူတွေ ဒုက္ခရောက်နေသူတွေ ရှိနေပေမယ့် ဒီနှစ်အတွင်း မလေးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ငါးထောင်နီးပါးရှိတယ်လို့ မလေးရှားရောက် ရိုဟင်ဂျာအသိုင်းအဝန်းက ခန့်မှန်းပါတယ်။
မလေးရှားနိုင်ငံမှာ UNHCR ရဲ့ ဒုက္ခသည်အသိအမှတ်ပြုကတ်ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတစ်သိန်းနှစ်သောင်းနီးပါးရှိပြီ စောင့်ဆိုင်းနေသူ နှစ်သောင်းကျော်ရှိပါတယ်။
မလေးရှားမှာ အလုပ်လုပ်ကိုင်ခွင့်ရပြီး သူတို့ဘဝတွေ ဆက်လက်ရပ်တည်နိုင်ကာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ကျန်ခဲ့တဲ့မိသားစုတွေကို ပြန်လည်ထောက်ပံ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီဒုက္ခသည်တွေ ထွက်ခွာနေကြတာဖြစ်ပါတယ်။