ရခိုင်မြောက်ပိုင်း သတင်းရယူခွင့်နဲ့ နောက်ဆက်တွဲများ - အပိုင်း (၂)


2018.10.23
media-maungtaw-622.jpg မောင်တောမှာ သတင်းသွားရောက်ယူနေတဲ့ မီဒီယာသမားတွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: Min Thein Aung/RFA

RFA က လေ့လာစုံစမ်းချက်အရ ၂ဝ၁၆ ARSA အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးစတင်ချိန်ကစတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းရယူခွင့်ဟာ ပိုပြီး တင်းကြပ်လာတယ်လို့ သိရပါတယ်။

သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော် က အခုလို ပြောပြပါတယ်။

"၂၀၁၆ ဖြစ်ပြီးကတည်းက ၂၀၁၇ ဧပြီလမှာတည်းက ရခိုင်ပြည်နယ်မှာ သတင်းရယူခွင့်ကို ခွင့်တောင်းပြီးမှ သွားရမယ်ဆိုတဲ့ဟာမျိုး၊ ပြည်တွင်းသတင်းထောက်ရော၊ ပြည်ပသတင်းထောက်ရောပေါ့နော်၊ ခွင့်ပြုချက်ရှိမှ သွားရမယ်ဆိုတဲ့ဟာမျိုးကို သမ္မတရုံးရဲ့ စာနဲ့ ထုတ်ထားတဲ့ဟာမျိုး အွန်လိုင်းပေါ်မှာလည်း တက်လာဖူးတယ် ပေါ့နော်၊ အဲတာ ၂၀၁၇ ဧပြီလပေါ့၊ ဒုတိယအကြိမ် အတိုက်ခိုက်ခံရတာ မဖြစ်ခင်ကတည်းက အဲလိုကန့်သတ် ထားတာ။ "

ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနတခုက အမည်မဖော်လိုတဲ့ သတင်းထောက်တဦးက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

"ပထမပိုင်းကတော့ စစ်တွေသွားမယ်၊ စစ်တွေသွားပြီးတော့ Camp တွေထဲ သွားချင်တယ်ဆိုလို့ရှိရင် Permit လုပ်လို့ရတယ်၊ တစ်ရက်စောင့်ရတယ်၊ ရပြီးရင် Camp တွေထဲ သွားလို့ရတယ်၊ ၂၀၁၆ နှစ်ပိုင်းမှာဆိုလို့ရှိရင် အဲ Camp တွေထဲ ဝင်ခွင့်ပိတ်လည်းလိုက်တယ်၊ ကျန်တဲ့နေရာလည်း သွားခွင့်မရတော့ဘူးပေါ့၊ နောက်ပိုင်းတော့ အစိုးရခရီးစဉ်နဲ့ သွားတာတွေလုပ်တယ်၊ အဲတာတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ပို့တဲ့နေရာတွေပဲ သွားခွင့်ရတာ၊ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်သွားလို့ မရဘူး။ "

အရင်အစိုးရလက်ထက်က စစ်တွေအနီးတဝိုက်နဲ့ မောင်တောဒေသကို သတင်းရယူခွင့် ခက်ခဲတာမှန်ေပေမယ့် ခွင့်ပြုချက်ရခဲ့ကြောင်း၊ ဒါပေမဲ့ ဒီအစိုးရလက်ထက် ၂ဝ၁၆ တိုက်ခိုက်မှုနောက်ပိုင်းမှာ စစ်တွေအနီးတဝိုက် ဒုက္ခသည်စခန်းတွေကို ဝင်ရောက် သတင်းယူဖို့တောင် ခက်ခဲလာကြောင်း ပြည်ပသတင်းဌာနကြီးတခုမှာ သတင်းထောက်အဖြစ် တာဝန်ထမ်းနေသူ ကိုပြည့်စုံဝင်း က RFA ကိုပြောပြပါတယ်။

"အဓိကကတာ့ ကျနော်တို့ နိုင်ငံခြားသားသတင်းထောက်တွေနဲ့ တွဲဖက်ပြီးတော့ သွားသတင်းယူရတဲ့ အခါမှာ အရင်တုန်းကတော့ ၂၀၁၇ တိုက်ခိုက်မှု မတိုင်ခင်အထိတော့ ဒီစစ်တွေမှာဆိုလို့ရှိရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရကို စာတင်လို့ရှိရင် ခွင့်ပြုချက်ရတယ်၊ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေရယ်၊ အနီးတဝိုက်က ဒုက္ခသည်စခန်းတွေရယ် ကျနော်တို့ သွားပြီးသတင်းယူလို့ရတယ်၊ အဲကာလကတည်းက ဒီမောင်တော သွားဖို့ဆိုတာ ခက်ခဲတယ်ပေါ့၊ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး၊ စာအဆင့်ဆင့်တင်ရတယ်၊ ကျနော်တို့ နှစ်လကြာတယ်၊ ၃ လကြာတယ်ပေါ့နော်၊ အဲကာလမှာတော့ စစ်တွေသွားရင် အဆင်ပြတယ်၊ တပတ်စောင့် ရတယ်၊ ၁၀ ရက်စောင့်ရတယ်၊ ဝင်ခွင့်ရတယ်ပေါ့၊ ဒါပေမဲ့ ဒီတိုက်ခိုက်မှုပြီးတဲ့ကာလမှာ ဆိုလို့ရှိရင် စစ်တွေက ဒုက္ခသည်စခန်းသွားရင်တောင် အခက်အခဲတွေရှိတယ်ပေါ့ ဆိုတော့ ဒီလိုအခြေအနေမှာ မောင်တောဒေသကို လွတ်လွတ်လပ်လပ်သွားခွင့်ရဖို့တောင်မပြောနဲ့၊ စစ်တွေမြို့နဲ့ အနီးအနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားဖို့တောင်မှ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောလို့ရတယ်ဗျ။ "

တကယ်လို့ အစိုးရရဲ့ခွင့်ပြုချက်မပါဘဲ သတင်းရယူဖို့ကြိုးစားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ လိုက်ပါသွားပြီး သတင်းယူဖို့ ကြိုးစားသူတွေကိုလည်း ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ပစ္စည်းသိမ်းယူတာတွေရှိခဲ့တယ်လို့ ဦးမြင့်ကျော် က ပြောပြပါတယ်။

"အဲဒီမှာ ဘယ်လိုအကန့်အသတ်တွေ ကြုံတွေခဲ့ရလဲဆိုတော့ ဒီ ၂၀၁၇ မှာပဲ နိုင်ငံခြားသတင်းထောက် တချို့ကို ကြားကနေ ခရီးစဉ်စီစဉ်ပေးတဲ့ fixer အနေနဲ့ လိုက်သွားပေးတဲ့သူတွေ အပါအဝင်ပေါ့နော် နိုင်ငံခြားသတင်းထောက်တွေကို ဟိုတယ်မှာလာပြီး တော့ လူအုပ်နဲ့လာရှာတာ၊ တချို့လမ်းမှာတင် ဓါတ်ပုံရိုက်တယ်ဆိုပြီးတော့ ခြိမ်းခြောက်တာ၊ အဲတာမျိုးတွေက ကျနော်မှတ်မိသလောက်ဆိုရင် နိုင်ငံခြားသတင်းထောက်တွေ အနည်းဆုံး ၂ ကြိမ် ကြုံဖူးတာပေါ့၊ ဒါပြီးခဲ့တဲ့ ၂၀၁၇ ထဲမှာပေါ့နော်၊ ပြည်တွင်းသတင်းထောက်တွေလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက စေတီပြင်မှာ သိတဲ့အတိုင်းပဲ နှစ်ယောက်ပေါ့နော်၊ သူတို့လည်း ခြိမ်းခြောက်ခံရတယ်၊ သူတို့ရဲ့ ကင်မရာတွေ၊ လက်ပ်တော့ တွေရော ဖုန်းတွေရော လနဲ့ချီပြီး အသိမ်းခံရတာတွေ ရှိတယ်ပေါ့။ "

၂ဝ၁၇ သြဂုတ်လကထုတ်ပြန်တဲ့ ကိုဖီအာနန်ကော်မရှင်အစီအရင်ခံစာ စာမျက်နှာ ၃၉ မှာ ၂ဝ၁၆ အောက်တိုဘာလ ၆ ရက်ကတည်းက သတင်းမီဒီယာတွေကို ဝင်ရောက်ခွင့် တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပြီး ဒီဒေသကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ ဝင်ရောက်ခွင့်ပြုဖို့ အားပေးတိုက်တွန်းခဲ့ကြောင်း၊ ၂ဝ၁၇ မတ်လက စတင်ပြီး အနည်းငယ်တိုးတက်လာပေမယ့် အကန့်အသတ်တွေများစွာရှိကြောင်း၊ အထူးသဖြင့်နိုင်ငံခြား သတင်းထောက်တွေကို အကန့်သတ်တွေရှိနေကြောင်း ဖော်ပြထားပါတယ်။


အစိုးရစီစဉ်တဲ့ခရီးစဉ်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းမီဒီယာအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်သတင်းရယူခွင့်ရှိဖို့ အစိုးရက ခွင့်ပြုပေးနေတဲ့အကြောင်း ပြည်နယ်အစိုးရကရော၊ ပြည်ထောင်စုအစိုးရကပါ ထုတ်ဖော်ပြောလေ့ရှိတဲ့ ကိစ္စကတော့ အစိုးရစီစဉ်နေတဲ့ ခရီးစဉ်တွေပါပဲ။

၂ဝ၁၇ သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အမှတ် ၃၁ အရ ပဋိက္ခဖြစ်ပွားရာ ဒေသကို သတင်းမီဒီယာဝင်ရောက်ခွင့် အပြည့်အဝနဲ့ ပုံမှန်ခွင့်ပြုချက်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီလိုအကြံပြုချက်ထွက်ပေါ်အပြီး ၂ဝ၁၈ မတ်လမှာ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်တဲ့ နှစ်ပတ်တကြိမ် သတင်းထောက်ခရီးစဉ်ကို စတင်ခဲ့တာဟာ အောက်တိုဘာ ၂၂ ရက် ဒီသတင်းရေးသားချိန်အထိ ၁၃ ကြိမ်ရှိသွားပြီလို့ သိရပါတယ်။

ပြည်ပသတင်းဌာနတခုက သတင်းထောက်တဦးဖြစ်တဲ့ ဦးသီဟသွေးက ဒီခရီးစဉ်တွေနဲ့ပတ်သက်ပြီး အခုလို သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုစာထဲမှာလည်း ပါတာဖြစ်တဲ့အတွက်ကြောင့်မိုလို့ အစိုးရအနေနဲ့ကတော့ ပုံမှန်တစ်လကို နှစ်ကြိမ် အနည်းဆုံးပေါ့နော်၊ မီဒီယာတွေကို ပို့ပေးတယ်၊ သူတို့ အစီအစဉ်နဲ့ သွားရတာပေါ့နော်၊ သွားတဲ့အခါမှာလည်း သူတို့ အစီအစဉ်ထဲကအတိုင်းပဲ တနေရာပြီးတနေရာကို အချိန်တိုတိုအတွင်းမှာပဲ၊ ၃ ရက်ခရီးလောက်ဖြစ်တတ်ပြီးတော့ လမ်းပေါ်မှာပဲ အချိန်ကုန်တာများတယ်၊ ရွာတွေ၊ လူတွေ တွေ့တဲ့အခါမှာတော့ အချိန်နည်းတယ်၊ အများဆုံး ၄၅ မိနစ်ပေါ့၊ အချိန်အကန့်အသတ် တစ်ခုထဲမှာပဲ သတ်မှတ်ထားတဲ့နေရာ တွေပေါ့နော်၊ ခွင့်ပြုထားတဲ့နေရာတွေလောက်ပဲရတယ်၊ အကန့်အသတ်တစ်ခုထဲမှာပဲလုပ်နေရတယ်ပေါ့၊ ကိုယ်သွားချင်တဲ့နေရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပြီး မေးချင်တာမေးလို့ရတဲ့ အနေအထားမျိုးတော့ မဟုတ်သေးဘူးပေါ့နော်။"

အစိုးရကစီစဉ်ပေးတဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ သတင်းပြန်လည်ရေးသားကြရမှာ နိုင်ငံတကာသတင်း မီဒီယာတွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေအကြား အမြင်တူညီမှုမရှိပါဘူး။ နိုင်ငံတကာ မီဒီယာတွေရဲ့ အလေးထားတဲ့ အကြောင်းအရာဟာ ဒီဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့သလား၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့သလားဆိုတာကို စုံစမ်းတင်ပြဖို့ပဲဖြစ်ပါတယ်။

အောက်တိုဘာ ၁ဝ ရက်နဲ့ ၁၃ ရက် ဝါရှင်တန်ပို့စ်သတင်းစာရဲ့ သတင်းတင်ပြချက်နဲ့ ဆောင်းပါးတွေမှာ

ဒီလို အစိုးရက စီစဉ်တဲ့ ခရီးစဉ်တွေကို ဝါဒဖြန့် ခရီးစဉ်လို့ အတိအလင်းရေးသားထားပါတယ်။ အောက်တိုဘာ ၁၈ နဲ့ ၂၂ ရက်နေ့က CNN သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းရီပို့တွေမှာလည်း ဒီအချက်တွေကိုပဲ တင်ပြထားတာဖြစ်ပါတယ်။

၂ဝ၁၄ ကနေ ၂ဝ၁၆ အထိ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က အခုလို သတင်းမီဒီယာတွေကို အစိုးရက ခရီးစဉ်ဆွဲပြီး လိုက်ပို့တာဟာ အကျိုးကျေးဇူးနည်းပြီး အလုပ်မဖြစ်ဘုူးလို့ သုံးသပ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ၊ ကျနော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကို နိုင်ငံတကာက အသေအချာ သိဖို့ဆိုတာက နိုင်ငံတကာသတင်းမီဒီယာတွေမှာ များများဖော်ပြဖို့လိုတာပေါ့၊ နိုင်ငံတကာ သတင်းမီဒီယာ တွေမှာ ပါဖို့ဆိုတာက ကျောင်းသား၊ ကျောင်းသူတွေကို လေ့လာရေးခရီးသွားသလို ခေါ်ပြီးတော့မှ လိုက်ပြတာမျိုးက အလုပ်မဖြစ်ဘူးဗျ၊ တပ်မတော်အစိုးရလက်ထက်တုန်းကလည်း အဲလိုပုံစံမျိုးလုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီဟာမျိုးကို စပြီးတော့ စီစဉ်တယ်ဆိုတည်းကိုက အထူးသဖြင့် နိုင်ငံတကာမီဒီယာတွေက သိပ်ပြီးတော့ အယုံအကြည်မရှိဘူးပေါ့၊ လုပ်ကြံဇာတ်လမ်းဆင်ပြီး ပြတယ်လို့ သံသယရှိတဲ့အတွက်ကြောင့်မို့ အကျိုးသက်ရောက်မှုက နည်းတယ်၊ အကောင်းဆုံးကတော့ တိကျတဲ့စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ပြီးတော့ လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုတာက အကောင်းဆုံးပါပဲ။ "

ဒါကတော့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် သုံးသပ်ပြောသွားတာဖြစ်ပါတယ်။

ဒီခရီးစဉ်တွေနဲ့ပတ်သက်လို့ RFA ကဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေနဲ့ ပြန်ကြားရေးဌာန အရာရှိတချို့ရဲ့အဆိုအရ ဒီလိုစီစဉ်ပြသတဲ့ခရီးစဉ်တွေမှာ ကုန်ကျစရိတ်များလာတာ၊ စိတ်ဝင်စားစရာ သတင်းအကျိုးကျေးဇူး နည်းပါးလာတာတွေကြောင့် အခုနောက်ဆုံး အောက်တိုဘာလ ဒုတိယပတ် ခရီးစဉ်မှာ ပြည်တွင်းသတင်းမီဒီယာ တခုသာ လိုက်ပါမယ့်သူရှိတဲ့အတွက် အဲဒီခရီးစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။


အစိုးရတုံ့ပြန်ချက်

ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခမှာ နိုင်ငံတကာက စွပ်စွဲနေသလို အပြစ်ကျုးလွန်တာတွေရှိခဲ့သလား၊ ရှိနေသလား၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေက ဘယ်သူတွေလဲ၊ မွတ်စလင်ကျေးရွာတွေကနေ ထွက်သွားအောင် လှုံ့ဆော်အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာက အာဏာပိုင်တွေ စွပ်စွဲသလို ARSA အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူတွေလား၊ နိုင်ငံတကာက စွပ်စွဲနေသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလား။ ဒီအချက်တွေကို ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေ၊ ပြည်တွင်းသတင်းဌာနတွေက သတင်းထောက်တွေအဖို့ တိတိကျကျ သိခွင့်မရခဲ့ သလို ရေးသား ဖော်ပြနိုင်ခြင်းလည်း မရှိပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေးကော်မတီက သတင်းထုတ်ပြန်ချက်အရပဲ သိရတာဖြစ်ပြီး ဆန်းစစ်မေးမြန်းခွင့်၊ လေ့လာစုံစမ်းမေးမြန်းခွင့်တွေ မရခဲ့ပါဘူး။

ဒါတွေကို သိနိုင်တင်ပြနိုင်ဖို့ ကိုယ်တိုင်လွတ်လွတ်လပ်လပ် သတင်းရယူခွင့်တင်ကြရာမှာလည်း ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအကြား အပြန်လှန်လွှဲချနေပြီး တာဝန်ယူ ဖြေရှင်းမှု မရှိတာကို တွေ့ရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အောက်တိုဘာ ၉ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နဲ့ RFA တွေ့ဆုံမေးမြန်းရာမှာ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။ ဒုဝန်ကြီးဦးအောင်လှထွန်းက ဒီကိစ္စ သူ့အနေနဲ့ မသိရှိကြောင်း၊ ဒါပေမဲ့ တဆင့်ချင်းခွင့်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ဖြေကြားခဲ့ပါတယ်။

RFA မေးခွန်း - " ပြည်ထောင်စုအစိုးရကို ကျနော်တို့ ခွင့်ပြုချက်တင်ခဲ့တယ်၊ ပြီးခဲ့တဲ့လတည်းက၊ တင်တဲ့အခါကျတော့ ဆရာတို့ပြန်ကြားရေးဝန်ကြီးဌာနကပဲ ဒါကကန့်သတ်မထားပါဘူး၊ ပြည်နယ်ကိုပဲတင်ပါ၊ ပြည်နယ်က ခွင့်ပြုရင်သွားလို့ရပါတယ်ဆိုပြီး ကျနော်တို့ကို တယ်လီဖုန်းက အကြောင်းပြန်တယ်ပေါ့ဗျာ၊ အဲအခါမှာ ကျနော်တို့က ရခိုင်ပြည်နယ်အစိုးရကို သွားတင်ပါတယ်၊ သွားတင်တဲ့အခါကျတော့ ရခိုင်ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရခွင့်ပြုချက်ပါမှပဲ သူတို့လက်ခံမယ်လို့ပြောပါတယ်၊ တနည်းဆိုရင်ဗျာ၊ အပြန်အလှန်လွှဲချသလိုဖြစ်နေတယ်၊ ဘောလီဘောပုတ်သလိုဖြစ်နေတယ်၊ ဒါအရပ်သားပြောတဲ့စကားပေါ့၊ ဆိုတော့ ဒါကသတင်းမီဒီယာတွေ သွားရောက်ခွင့် ကန့်သတ်ထားရာရောက်လား၊ မတော်တဆပဲ ဖြစ်နေတာ လား၊ အစိုးရကနေ တမင်ပဲ သတင်းထောက်တွေ သွားခွင့်မရအောင် ကန့်သတ်ထားတဲ့မူဝါဒလား၊ ဒီဒေသကို ကျနော်တို့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ်သွားခွင့် ဘယ်တော့ပြုနိုင်မှာလဲ၊ အစိုးရကစီစဉ်တဲ့ ခရီးစဉ်မဟုတ်ဘဲနဲ့ သီးသန့်သွားရောက်ခွင့်က ဘယ်အချိန်များရနိုင်မလဲ။ "

ဦးအောင်လှထွန်း - " ဆရာဒီမေးခွန်းကို မေးတာ ကျနော်သိပ်ကျေးဇူးတင်ပါတယ်၊ ဘာလို့ဆို ကျနော် မသိဘူးအဲတာ၊ အဲတော့ကျနော်ထင်ပါတယ်၊ ဆရာပြောသလိုပါပဲ၊ အချိတ်အဆက်မမိ ဖြစ်နေတာပေါ့၊ အခုကတော့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်ဆဲကာလ ပေါ့လေ၊ မီဒီယာနဲ့အစိုးရကြား၊ မီဒီယာနဲ့ ပြည်သူကြား၊ အဲတာအတွက် ကျနော်တို့ အစောင့်အရှောက်တွေ၊ လမ်းညွှန်တွေလိုက်ပါပြီး ခရီးစဉ်တွေ လွှတ်နေပါတယ်၊ ဒါပေမဲ့ တချိန်ကျရင် နောက်တဆင့်တက်ဖို့အတွက် အဲတာ ကျနော်ရဲ့ စိတ်ကူးပါ၊ ကျနော်တို့ တင်ပြဖို့ အစီအစဉ်ရှိပါတယ်၊ ကျနော်တို့ ယုံကြည်ရတဲ့ ပြည်တွင်းမြန်မာလူမျိုး သတင်းထောက် တွေပေါ့၊ RFA တို့ DVB တို့ VOA တို့ ကိုယ့်မြန်မာလူမျိုးတွေပေါ့၊ နိုင်ငံခြားကဟာတွေမပါဘဲ၊ အဲလို တဖြည်းဖြည်း တဖြည်းဖြည်း Confident Building ကို ရှေ့ကိုတိုးဆောက်ဖို့ရှိပါတယ်၊ လာပါလိမ့်မယ်ခင်ဗျာ။"

ဒါကတော့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းဖြေသွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။