ရခိုင်မြောက်ပိုင်း သတင်းရယူခွင့်နဲ့ နောက်ဆက်တွဲများ - အပိုင်း (၁)
2018.10.23

၂ဝ၁၆ ခုနှစ် အောက်တိုဘာလကစပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ဒေသလည်းဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်သတင်းရယူခွင့် ပိတ်ပင်ထားတာ ယနေ့ထက် အထိပဲဖြစ်ပါတယ်။
ဒီလိုပိတ်ပင်ထားတဲ့အတွက် ပြည်တွင်းပြည်ပသတင်းဌာနတွေ အနေနဲ့ နိုင်ငံတကာစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တစ်စုံတရာ စုံစမ်းဖော်ထုတ်ရေးသားခွင့်မရသလို၊ အစိုးရအာဏာပိုင်တွေအနေနဲ့ တစ်စုံတရာ ဖုံးကွယ်ထား စရာရှိလို့ အခုလို ကန့်သတ်ထားတာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းဝိုင်းကလည်း ယုံကြည်နေကြပါတယ်။
RFA သတင်းထောက် မသက်စုအောင်၊ ကိုထက်အာကာ၊ ကိုကျော်ဇောဝင်း၊ ကိုကျော်လွင်ဦး၊ ကိုမင်းသိန်းအောင်၊ ကိုကျော်ထွန်းနိုင်၊ ကိုအောင်သိင်္ခတို့က သတင်းအချက်အလက် ပေးပို့ထားပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်း က စုစည်းတင်ပြထားပါတယ်။
---------------------
အပိုင်း (၁)
ခွင့်ပြုမိန့်
၂ဝ၁၆ သြဂုတ်လ ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့က နယ်ခြားစောင့်ရဲစခန်း ၃ဝ ကျော်ကို တိုက်ခိုက်ခဲ့အပြီး မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေနဲ့အတူ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ မွတ်စလင်ကျေးရွာတွေမီးရှို့တာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာ စတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီနောက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ Genocide လို့ပြောတဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ethnic cleasing လို့ခေါ်တဲ့ လူမျိုးရေးရှင်းလင်းမှု စတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေး အရေးယူမှုတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုစွပ်စွဲမှုတွေဖြစ်ပွားခဲ့ရာဒေသကို ၂ဝ၁၆ အောက်တိုဘာလ ၉ ရက်နေ့ ARSA တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပေါ်ကတည်းက ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ လွတ်လပ်စွာ သတင်းရယူခွင့်မပြုဘဲ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။
၂ဝ၁၈ ဧပြီလမှာတော့ သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှာ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ပြုဖို့ ကောင်စီဘက်က တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတရာ ကန့်သတ်တားမြစ်ထားတာမရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ သတင်းရယူခြင်း၊ သတင်းထုတ်ပြန်ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးကသာ ကိုင်တွယ်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဒါဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာသတင်းရယူခွင့် ကန့်သတ်ထားမှုဟာ အစိုးရအာဏာပိုင်တွေဘက်က မူဝါဒချမှတ်ထားတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်။
RFA စုံစမ်းမှု
ဒီအခြေအနေတွေသိနိုင်ဖို့ ၂ဝ၁၈ သြဂုတ်လ ၁၇ ရက်နေ့မှာ RFA က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို လိပ်မူပြီး “ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂ဝ၁၆၊ ၂ဝ၀၁၇ ARSA အဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာဒေသ၊ ဟိန္ဒူမိသားစုများ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဒေသများ အပါအဝင် အစိုးရက လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ပြန်လည်နေရာချထားရေးနဲ့ တဖက်နိုင်ငံထွက်ပြေးသူများ ပြန်လည် လက်ခံရေး ဆောင်ရွက်နေတာတွေကို သီးသန့် ရိုက်ကူး ထုတ်ဖော်ရေးသားတင်ပြလိုပါကြောင်း၊ ဒါကြောင့် သီးသန့် သွားရောက်သတင်းရယူခွင့်ပြုဖို့ တောင်းခံအပ်ပါကြောင်း စာရေးသားတင်ပြခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဒီလို သီးခြား ခရီးစဉ်တွေ စီစဉ်ပေးတာမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုသာ တင်ပြပြီး ခွင့်ပြုချက်ရယူဖို့ RFA ကို အကြောင်းပြန်ကြားခဲ့ပါတယ်။
" ကျနော်တို့ပြန်ကြားရေးအနေနဲ့ကတော့ ဆောင်ရွက်ပေးတာမရှိဘူး။ သက်ဆိုင်ရာပြည်နယ်ပေါ်မှာပဲ မူတည်တာပေါ့ဗျာ။ သက်ဆိုင်ရာပြည်နယ်ကို အဲဒီကနေ ယူနေတာလို့ထင်တာဘဲ"
ပြည်ထောင်စုအစိုးရက အကြောင်းပြန်ရာမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အခုနှစ်မတ်လက စတင်ပြီး တလကို နှစ်ကြိမ်နှုန်း ပြည်တွင်းသတင်းမီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေကို ခရီးစဉ် ၂ ခုခွဲပြီး အလှည့်ကျ ပို့ဆောင်ပေးနေကြောင်း၊ RFA အနေနဲ့ သွားရောက်လိုက စာရင်းပေးလိုက်ပါနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သီးသန့်သွားရောက်လိုပါက အစိုးရအနေနဲ့ ကန့်သတ်မထားဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရထံမှာသာ ခွင့်ပြုချက်တင်ဖို့ ပြောပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့မှာ RFA က မောင်တောဒေသကို သီးသန့်သတင်းသွားရောက်ရယူခွင့်ကို စစ်တွေမြို့မှာ ရှိတဲ့ ဝန်ကြီးချုပ် ဦးညီပုကို လိပ်မူပြီး ရခိုင်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဌာန ကို လျှောက်လွှာတင်ခဲ့ပါတယ်။ လျှောက်လွှာတင်အပြီး ၅ ရက်အကြာမှာ ပြည်နယ်ပြန်ကြားရေးရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ အရာရှိတဦးက ပြည်နယ်အစိုးရအဖွဲ့က လျှောက်လွှာနဲ့ပတ်သက်လို့ အကျိုးအကြောင်း မေးမြန်းခဲ့ကြောင်း အခုလို ပြောပြပါတယ်။
"သူတို့ကတော့ အစ်ကိုတို့ဆီအကြောင်းပြန်တယ် ခွင့်ပြုရင်ပြုတယ်၊ မပြုရင်မပြုဘူးပြောတယ်၊ အခုချိန်ထိတော့ မဆက်သွယ်သေးဘူး၊ ဟိုတနေ့ကတော့မေးတယ်၊ ငါက ဒီလိုတင်လာသလားမေးတယ်၊ ဟုတ်တယ် ဒီလို တင်လာတယ်လို့ အစ်ကိုကပြောတယ်၊ ပြည်ထောင်စုကနေသွားဖို့ ပြည်ထောင်စုကလည်း သူတို့ကမလိုက် ချင်ဘူး၊ သူတို့သွားချင်တဲ့ခရီးစဉ်နဲ့ ပြည်ထောင်စုကပေးတဲ့လမ်းကြောင်းနဲ့က မတူတဲ့အခါကျတော့ သူတို့ကသီးခြားသွားချင်တယ်ဆိုပြီး တောင်းဆိုနေတယ်၊ အဲတာကြောင့်မလို့ ပြည်ထောင်စုကလည်း ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပါဆိုပြီး သူတို့က ဒီကိုရောက်လာတာလို့ အဲတာကြောင့် အစ်ကိုကထောက်ခံပြီး တင်ပေးလိုက်တာလို့၊ တချက်လောက် အစိုးရအဖွဲ့ကို စုံစမ်းကြည်ပါလား"
စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ RFA က ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ရဲ့ ရုံးကို သွားရောက်မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းရာမှာ နယ်လုံဝန်ကြီးရုံး တာဝန်ရှိ အမျိုးသမီးတဦးက RFA ရဲ့ ခရီးသွားခွင့်နဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။
"RFA ကမောင်းတောကို သွားမယ် စာမှာလေ ဝန်ကြီးက ပြည်ထောင်စုကစာပါလို့ရှိရင် ကန့်ကွက်ရန်မရှိ၊ အားလုံးသူခွင့်ပြုပါတယ်၊ အခုကပြည်ထောင်စုက စာမပါလို့ပါ၊ ပြည်ထောင်စုကဆိုရင် အားလုံးခွင့်ပြုပါတယ်၊ လွတ်လွတ်လပ်လပ်ခွင့်ပြုပါတယ်၊ ပြည်ထောင်စုကစာပါလို့ရှိရင် ကန့်ကွက်ရန်မရှိ၊ အားလုံးကိုခွင့်ပြုပါတယ်တဲ့၊ အခုက ပြည်ထောင်စုကစာ မတောင်းလာလို့ပါ၊ ပြည်ထောင်စုက စာနဲ့တခါတည်းလာပါလို့ပြောပါတယ်"
RFA ရဲ့ ကိုယ်ပိုင်စုံစမ်းလေ့လာချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သီးသန့်သတင်းရယူခွင့်ကို ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကို တင်ပြဖို့ အကြံပြုသလို ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုအစိုးရကို တင်ပြပြီး ခွင့်ပြုချက်ရယူဖို့ ပြောခဲ့တာတွေ့ရပါတယ်။
သတင်းမီဒီယာတွေ ကန့်သတ်ထားတဲ့ မူဝါဒမရှိ
အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနကို ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းရယူခွင့်နဲ့ပတ်သက်လို့ RFA က သီးသန့်ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိတဦးက ၁ လ ၂ ကြိမ်ခရီးစဉ်တွေရှိကြောင်း၊ သီးသန့်သွားလိုက ပြည်နယ်အစိုးရကိုသာ တင်ပြပြီးသွားလို့ရကြောင်း ဖြေကြားခဲ့ပါတယ်။
"ရခိုင်ပြည်နယ် မီဒီယာခရီးစဉ်နဲ့ပက်သတ်လို့ ကျနော်တို့ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၃လပိုင်းကနေ စပြီးတော့မှ တလကိုနှစ်ကြိမ် စီစဉ်ဆောင် ရွက်ပေးလျက်ရှိနေပါတယ်၊ အဲတာကလည်း ရခိုင်ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဒီရခိုင်ပြည်နယ်အစိုးရ သက်ဆိုင်ရာ ပို့ဆောင်ရေးဌာန ကျနော်တို့ ဒီဆက်ဆက်ပြီးတော့မှ ဝန်ကြီးဌာနဆက်ဆက်ပြီးတော့မှ ဆောင်ရွက်ပေးနေတဲ့ မီဒီယာ ခရီးစဉ်ပေါနော် မီဒီယာခရီးဖြစ်တယ် သီးခြားအနေနဲ့ကတော့ တစ်ဦးချင်းစီသွားဖို့ကျတော့ မီဒီယာ သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင် ရွက်လို့ရပါတယ်"
တရက်ထဲမှာပဲ ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်အစိုးရဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကျင်းပပါတယ်။ ဒီလိုကျင်းပချိန်မှာ RFA က ပြည်နယ်အစိုးရရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းရယူခွင့်နဲ့ပတ်သက်လို့ မူဝါဒသဘောထားကို မေးမြန်းရာမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သတင်းရယူခွင့် ကန့်သတ်ထားတာမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
"သတင်းယူခွင့်နဲ့ပတ်သက်ပြီးတော့ တားမြစ်ပိတ်ပင်ဆောင်ရွက်တာ အဲဒီအတွက် မူချထားတာ မရှိပါဘူး ပြောချင်တာကတော့ လွတ်လွတ်လပ်လပ်ယူနိုင်အောင်ဘဲ ကျနော်တို့ ဒါပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်ပေးဖို့ ဒါပဲရှိပါတယ်"
RFA က ပြည်နယ်အစိုးရထံကို သတင်းရယူခွင့်လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့ တရားဝင်အကြောင်းပြန်စာ မရှိခဲ့တာ၊ ဘယ်လိုဆုံးဖြတ်ခဲ့သလဲဆိုတာကို ဆက်ပြီး မေးမြန်းရာမှာတော့ ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က အဖွဲ့အစည်းတွေသွားလာခွင့်၊ သတင်းမီဒီယာတွေ သွားလာခွင့်ကို နယ်လုံဝန်ကြီးက ခွင့်ပြုပေးနေတာဖြစ်ကြောင်း၊ သူ့အနေနဲ့ ခွင့်ပြုမိန့်ကို အကြန့်အကြာမရှိ ချပေးလေ့ရှိကြောင်း၊ စာရွက်စာတမ်းလိုတယ်ဆိုရင် လိုတဲ့မှတ်ချက်နဲ့ ချပေးခဲ့ကြောင်း အခုလို ပြန်ပြီး ဖြေကြားခဲ့ပါတယ်။
"တို့အဲမှာ ဒီဌာနတွေကနေ တင်ပြလာလို့ရှိရင် ပြည်ထောင်စုမှ ခွင့်ပြုချက်ယူပြီးတော့ တင်ပြသွားရန်ဆိုပြီးတော့ မှတ်ချက်ပေးပါတယ်၊ အဲတိုင်းကိုမှတ်ချက်ပေးတာ အဲတိုင်းကို ညီတို့မရဘူးဆိုလို့ရှိရင်တော့ တနေရာမှာ ကြန့်ကြာနေလို့ဖြစ်ပါလိမ့်မယ်၊ အစ်ကိုတို့ဆီကတခါတည်းကို ဒီနေ့တင်ရင်ဒီနေ့ ခွင့်ပြုပြီးတော့ ပြည်ထောင်စုက ဆိုရင် ပြည်ထောင်စု တို့ဆီကခွင့်ပြုရင် ခွင့်ပြုတယ်တခါတည်းပေးပါတယ် ရက်မဆိုင်းပါဘူး၊ တို့မီဒီယာမှမဟုတ် ပါဘူး ဒီမှာရှိတဲ့ NGO၊ INGOအဖွဲ့အစည်းများ သွားလာလုပ်ရှားမှုကစ ဒီနေ့တင်လာတယ် တင်လာပြီး ဆင့်ကဲ ဆင့်ကဲ တင်လာလို့ ဒါအထူးသဖြင့် ခွင့်ပြုနေတာသည် နယ်လုံဝန်ကြီးပဲဖြစ်ပါတယ်၊ ကို့ဆီရောက်လာလို့ရှိရင် ဒီနေ့ရောက်ရင် ဒီနေ့ဖတ်တာနဲ့ဒီနေ့ ခွင့်ပြုမပြု တခါတည်းချပေးတာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင် စာရွက်စာတမ်း လိုရင် ဘာစာရွက်စာတမ်း လိုပါတယ်ဆိုပြီး တခါတည်းမှတ်ချက်ပြုပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ် အခြားကြန့်ကြာမှုမရှိပါဘူး"
ဒါကတော့ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးဖြေကြားချက်ပါ။
အပြန်အလှန် ဘောလီဘောပုတ်နေ
RFA ရဲ့ စုံစမ်းလေ့လာချက်အရ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားရာဒေသကို သွားရောက်သတင်းရယူခွင့်ရရှိရေး အစိုးရအာဏာပိုင်တွေထံ အကြိမ်ကြိမ်တင်ပြခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့တဲ့ သတင်းဌာနတချို့ရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံခြားသတင်းထောက်တဦးဖြစ်တဲ့ ကိုပြည့်စုံဝင်းကတော့ အစိုးရ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်က တစုံတရာ တာဝန်မယူဘဲ ပြည်ထောင်စုနဲ့ပြည်နယ်အစိုးရအကြား အပြန်အလှန် လွှဲချတာကို ကြုံတွေ့ခဲ့ပြီး နောက်ဆုံးလက်လျော့ခဲ့ရတဲ့အခြေအနေကို RFA ကို အခုလို ပြောပြပါတယ်။
"သတင်းရယူဖို့ကြိုးစားတယ် ဒီသက်ဆိုင်ရာဌာနတွေမှာ ကျနော်တို့စာတင်တယ်၊ စာတင်တဲ့အခါမှာ ဘယ်လို့ပြောလည်း ဆိုတော့ ကျနော်တို့နေပြည်တော်ကို စာပို့ရမယ်လို့ပြောတယ်၊ နေပြည်တော်ကိုစာပို့တဲ့ အခါမှာ နေပြည်တော်က သက်ဆိုင်ရာဌာနတွေကို စာပြန်ပို့တဲ့အခါမှာလည်း နေပြည်တော်က ဘာပြန်ပြောလည်းဆိုတော့ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တယ်ပေါနော်၊ ဒီပြည်နယ်အစိုးရကနယ်လုံကို စာတင်ရမယ် ဆိုပြီးပြောတယ် ဆိုတော့ အခြေအနေကဘယ်လို့ဖြစ်နေလည်းဆိုတော့ ပြည်နယ်အစိုးရကိုပြောတဲ့အခါမှာလည်း ပြည်နယ်အစိုးရကနေပြီးတော့ ပြည်ထောင်စုအစိုးရကိုပြောတယ် ပြည်ထောင်စုအစိုးရကိုပြောတဲ့အခါမှာလည်း ပြည်နယ်အစိုးရကိုပြောတဲ့အခါမျိုးရှိတယ် ဒီလို့အခြေအနေမှာ ကျနော်တို့မောင်းတောဒေသကို မပြောနဲ့ လွတ်လွတ်လပ်လပ်သွားခွင့်ရဖို့မပြောနဲ့ ကျနော်တို့စစ်တွေမြို့နဲ့ စစ်တွေမြို့ပေါ်မှာရှိတဲ့ ဒီဒုက္ခသည်စခန်းတွေ ဒီအနီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုသွားဖို့တောင်မှ အခက်အခဲဖြစ်နေတယ်လို့ဖြစ်လို့ရမယ်ဗျ အခက်အခဲကတော့ ဒီဟာက တော်တော်လေးကို စိုးတယ်ဗျ ဘယ်လို့လိုက်လို့လိုက်ရမယ့်မသိတဲ့ အခြေအနေတခုပေါ့"