စစ်ကောင်စီရဲ့ MRTV ရုပ်သံ App ကို အမေရိကန်နည်းပညာကုမ္ပဏီတွေ ဖယ်ရှား

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံပိုင် MRTV ရဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်တွေကို အင်တာနက်ကနေ ကြည့်ရှုနိုင်မယ့် Application တစ်ခုကို စတင်ဖြန့်ဖြူးတဲ့ အခမ်းအနားကို နေပြည်တော် MRTV ဌာနချုပ်မှာ ကျင်းပခဲ့ပြီး နောက်တစ်နေ့ မေလ ၅ ရက်မှာတော့ ဒီ MRTV app ကို ဒေါင်းလုပ်ဆွဲ ရယူရမယ့် အဓိက ပလက်ဖောင်းတွေ ဖြစ်တဲ့ Apple store နဲ့ Google play store တို့က သူတို့ရဲ့ ပလက်ဖောင်းတွေကနေ MRTV app ကို ဖယ်ရှားလိုက်ပါတယ်။
အဲဒီနေ့ နေပြည်တော်က ရုံးချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ MRTV app ကို မိုဘိုင်းဖုန်းကနေ အင်တာနက် အသုံးပြုသူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ Apple ရဲ့ Apple playstore နဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Google play store ပလက်ဖောင်းတွေကနေ ဒေါင်းလုပ်လုပ်ပြီး MRTV ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဆောင်းပါးတွေကို ကြည့်ရှုနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ အမေရိကန်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Google နဲ့ Apple ကုမ္ပဏီ လိုဂိုတွေကို အခမ်းအနား နောက်ခံစင်မြင့်ပေါ်မှာ ဖော်ပြထားခဲ့တာတွေ့ရပါတယ်။
နိုင်ငံပိုင် MRTV ရုပ်သံဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရာမှာ အားပေးထောက်ခံတဲ့ ထုတ်လွှင့်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် အခုအချိန်မှာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါဝင်တဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ နည်းပညာအကူအညီတွေ မပေးကြဖို့ စစ်ကောင်စီကို လေ့လာစောင့်ကြည့်နေတဲ့ Justice for Myanmar က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
MRTV ရဲ့ application ကို ဖန်တီးခဲ့တဲ့ နည်းပညာကုမ္ပဏီကလည်း အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အိုင်အိုဝါ ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ Apps Web Social LLC ဖြစ်ပြီး MRTV ရဲ့ ဝက်ဘ်ဆိုဒ် အသစ် mrtvmedia.com ကို လက်ခံလွှင့်တင်ပေးထားတဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ပလက်ဖောင်း Godaddy.com ဟာလည်း အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို ဖိနှိပ်အကြမ်းဖက်နေတာနဲ့ပတ်သက်ပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဆောင်ရာမှာ နိုင်ငံပိုင် MRTV ရုပ်သံဌာနက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အကြောင်း၊ Alpherbet နဲ့ Apple တို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင်တွေကို ကုမ္ပဏီနဲ့ ပလက်ဖောင်းတွေ အသုံးပြုခွင့်ပေးထားခြင်းဟာ စစ်ကောင်စီက သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ချိရာမှာ အလိုတူအလိုပါ ဖြစ်နေလိမ့်မယ်လို့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။
ဒါကြောင့် “Alphabet, Apple, GoDaddy.com နဲ့ App Web Social ကုမ္ပဏီအားလုံးဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ ပါဝင်ကူညီနေတာကို ရပ်တန်းကရပ်ဖို့ တာဝန်ရှိတယ်လို့ မရတနာမောင်က ပြောပါတယ်။
မေလ ၄ ရက်နေ့ အခမ်းအနားမှာတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက MRTV app ကို ဖန်တီးဖို့ အမေရိကန်ကုမ္ပဏီတွေက နည်းပညာပေးခဲ့တာဖြစ်ကြောင်း ပြောသွားပါတယ်။
စစ်ကောင်စီဟာ အဲဒီ MRTV app ကို မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းအသုံးပြုသူတွေရဲ့ တည်နေရာကို အတိအကျ ထောက်လှမ်းသိရှိဖို့ နဲ့ အရုပ်အသံနဲ့ ဗွီဒီယိုတွေ ရိုက်ယူထားတာတွေ လုပ်လာနိုင်တဲ့အတွက် အသုံးပြုသူတွေဟာ ပုဂ္ဂလိကလုံခြုံရေး ချိုးဖောက်ခံရဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့လည်း Justice for Myanmar က ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ကလဲ မြန်မာစစ်တပ်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ Facebook အကောင့် Page Group ၁၀၀ ကျော်ကို ပိတ်ပင်ခဲ့ပါတယ်။
MRTV app ကို ဖန်တီးခဲ့တဲ့ Apps Web Social ကုမ္ပဏီ အနေနဲ့ စစ်ကောင်စီက ဘယ်လို ငွေပေးချေခဲ့တယ်ဆိုတာ အများသိအောင် ချပြဖို့ တာဝန်ရှိကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့လည်း မြန်မာစစ်ကောင်စီနဲ့ ဆက်စပ်လုပ်ငန်းတွေကနေ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး အမေရိကန်ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်အသုံးပြုလို့ ရနေတေဲ့ လွတ်နေတဲ့ ကယ်ပေါက်တွေကို ပိတ်ပေးဖို့လိုကြောင်း Justice for Myanmar က တောင်းဆိုထားပါတယ်။