မြန်မာစစ်ကောင်စီ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်နေကြောင်း USCIRF ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.05.02
မြန်မာစစ်ကောင်စီ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်နေကြောင်း USCIRF ပြော ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ ထန်တလန် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း။
Thantlang Baptist Church

အမေရိကန်နိုင်ငံအစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ဟာ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆိုးဆိုးဝါးဝါးကျဆင်းနေတဲ့အတွက် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုအခြေအနေ စိုးရိမ်ရတဲ့နိုင်ငံ Country of Particular Concern (CPC) အဖြစ် သတ်မှတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ အထူးစိုးရိမ်ပူပန်ရတဲ့နိုင်ငံတွေ Country of Particular Concern (CPC) အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။

မေလ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံအစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ရဲ့ အစီရင်ခံစာမှာတော့ အခုနှစ်မှာ မြန်မာအပါအဝင် နိုင်ငံ ၁၇ နိုင်ငံက အစိုးရတွေကို CPC စာရင်းထဲမှာ ထပ်မံထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို တိုက်တွန်းထားပါတယ်။

မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဆီရီးယား နဲ့ ဗီယက်နမ် နိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေရဲ့ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

USCIRF ရဲ့ ၂၀၂၃ ခုနှစ် အတွက် အစီရင်ခံစာထဲမှာ ၂၀၂၁ခုနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကျဆင်းနေပြီး၊ ၂၀၂၂ ခုနှစ်မှာ ပိုမိုကျဆင်းနေခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့် သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ် USCIRF ရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီလက်အောက်မှာ လူနည်းစုကော၊ လူများစုတွေပါ ဖိနှိပ်ခံနေရတဲ့အခြေအနေကို ဖော်ပြထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ကိုအောင်ကျော်မိုးက ပြောပါတယ်။

“အဓိကကတော့ ဒီအစီရင်ခံစာက နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ထင်ဟပ်ပြတာပေါ့။ အရင်တုန်းက ဆိုရင်တော့ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေကို ပစ်မှတ်ထားပြီး လုပ်တာတွေကိုပဲ ကျယ်ကျယ်ပြန့်ပြန့်ပိုရေးတာပေါ့။ ကျွန်တော်တို့ ဘာသာရေး လွတ်လပ်ခွင့်က မြန်မာ့သမိုင်းတစ်လျှောက်မှာ လူနည်းစု ဘာသာဝင်တွေဟာ နှစ်ခါခံရတာများတာပေါ့။ လူနည်းစုဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်တဲ့နေရာမှာလည်း ပါဝင်တဲ့အတွက် နဂိုရှိတဲ့ ရှိရင်းစွဲ အမုန်းတရားကို အခြေခံပြီးတော့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ ဘာသာရေးဆရာတွေကို ဖမ်းဆီးတာကို စစ်တပ်က အမြဲလုပ်လေ့လုပ်ထရှိတယ်။”

ပြီးခဲ့တဲ့နှစ်မှာ စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရွှေစည်းခုံပုံတူစေတီ ထီးတင်ခဲ့တာနဲ့ ဗုဒ္ဓဘာသာကို စော်ကားတဲ့ ရေးသားပြောဆိုမှု လုပ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာတွေကို ထောက်ပြပြီး စစ်ကောင်စီဟာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ထောက်ခံမှုကို ရဖို့ ဗုဒ္ဓဘာသာကို အကာအကွယ်ပေးသူအဖြစ် ရှုမြင်လာအောင် ကြိုးစားနေတာ ဖြစ်တဲ့အကြောင်း USCIRF က သုံးသပ်ထားပါတယ်။

monestry.jpg
လက်နက်ကြီးကျည် ထိမှန်ပျက်စီးသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့က မွေတော်ဘုရားကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: PKPF, MRT)

ဒါပေမဲ့လည်း စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်းမှာ အနည်းဆုံးဘုန်းတော်ကြီးကျောင်း အနည်းဆုံး ၃၀ နဲ့ မကွေးတိုင်းမှာ ဘုန်းကြီးကျောင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာတွေကို ထောက်ပြပြီး၊ စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုပဲ အားပေးကူညီနေတာပြီး၊ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို သတ်ဖြတ်ချေမှုန်းဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့ပြင် ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ လူနည်းစုဘာသာဝင်တွေရဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ဝတ်ပြုကိုးကွယ်ဆောင်တွေ၊ ဘာသာရေးနဲ့ ဆက်စပ်တဲ့အဆောက်အအုံတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကို ထောက်ပြပြီး၊ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့အတိုင်း အလားတူနည်းဗျူဟာအတိုင်း ရှင်းလင်းရေး လုပ်နေတာလို့ ဆိုပါတယ်။

အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်တဲ့ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ထဲမှာ အနည်းဆုံး ကက်သလစ်ဘုရားကျောင်း ကိုးကျောင်း ဖျက်ဆီးခံခဲ့ရပြီး၊ ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

karenni.jpg
၂ဝ၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်း။ (Photo: KNDF)

အခုဆိုရင် မြန်မာနိုင်ငံ ဧရိယာရဲ့ ၈၃ ရာခိုင်နှုန်းမှာ စစ်ရေးတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီနဲ့ NUG နှစ်ဖက်လုံးက နယ်မြေအများစုကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အကြောင်း၊ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူအရေအတွက် ၁.၄ သန်းအထိ ရှိလာပြီး၊ ဒီထိခိုက်လွတ်တဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအများစု နေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း စစ်ကောင်စီနဲ့ NUG နှစ်ဘက်လုံးက ထိန်းချုပ်နိုင်ခြင်းမရှိပဲ ရခိုင့်တပ်တော် AA ရဲ့ သြဇာအာဏာ ကြီးထွားလာပေမယ့်၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ AA အဖွဲ့ရဲ့ မလိုလားတဲ့ ရပ်တည်ချက်က မပြောင်းလဲသေးဘူးလို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီနှစ်အတွက် အစီရင်ခံစာထဲမှာ အမေရိကန်အစိုးရကို အကြံပြုတိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး ကိုအောင်ကျော်မိုးက အခုလို သုံးသပ်ပါတယ်။

“ဒီတစ်ခေါက် recommendation မှာ အမေရိကန်အစိုးရကို အကြံပေးတာက ပိုပြီးပြီးပြည့်စုံတယ်လို့ ကျွန်တော်ယူဆတယ်။ NUG နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့ ICJ၊ ICC နဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းထားတာ တွေ့ရတယ်။ အမေရိကန်အစိုးရအနေနဲ့ တိုက်တွန်းတဲ့အတိုင်း ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ”

USCIRF ရဲ့ အစီရင်ခံစာထဲမှာ အမေရိကန်အစိုးရအနေနနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ စိုးရိမ်ရတဲ့ CPC စာရင်းထဲမှာ ဆက်လက်ထည့်သွင်းထားဖို့၊ Burma Act ဥပဒေမှာပါတဲ့အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားဖို့၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာတွေကို အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချနိုင်အောင် ကူညီဖို့ စတဲ့ အချက်တွေကို တိုက်တွန်းထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။