ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်

ဇာဏီထွဏ်း
2020.01.19

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထိရောက်မယ်လို့ ယုံကြည်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ပြည်တွင်းစစ်တွေ မပြီးသေးတာ၊ အခုအချိန်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်နေတာ၊ တိုက်ပွဲတွေကြားမှာ ကလေးငယ်တွေ အပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးကြရတာတွေဟာ ငြိမ်းချမ်းရေးကိုပိုပြီး အလှမ်းဝေးစေမှာ ဘာသာရေး ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆို ညှိနှိုင်းဖို့ ငြိမ်းချမ်းရေးကော်မရှင်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့ကို အစိုးရက ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့တွေမှာ တပ်မတော်၊ အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တချို့ ပါဝင်ပေမယ့် ဘာသာရေး ခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပါဝင်တာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ နေထိုင်သူတွေဟာ ဘာသာရေးကိုယုံကြည်ပြီး ဘာသာရေးခေါင်းဆောင်တွေကို လေးစား ကြတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရရင် ပိုပြီးထိရောက်နိုင်တယ်လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးစခန်း အာရှအလင်းရောင် ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ၂၀၂၀ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေး ကြိုဆိုပွဲအခမ်းအနားမှာ တက်ရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို အသိအမှတ်ပြုပေးလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား တွေ့ဆုံညှိနှိုင်းလို့ ရနိုင်တယ်လို့ အာရှအလင်းရောင် ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်စိန္တိတက မိန့်ကြားပါတယ်။

ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်နိုင်ဖို့ အရေးကြီးတယ်လို့ မြဝတီကျောင်းတိုက်ဆရာတော် အရှင်အရိယာဘိဝံသ က မိန့်ပါတယ်။

ဘာသာရေးတိုင်းမှာ ချစ်ခြင်းမေတ္တာကိုသာ ပြဆိုထားတာဖြစ်တဲ့အတွက် နှစ်ဘက်ခေါင်းဆောင်တွေကို မေတ္တာရှေ့ထားဖို့၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲယူလို့ မရတော့ဘဲ မေတ္တာတရားနဲ့သာ လဲယူကြဖို့ ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းချင်ကြတာပါ။ အစိုးရကသာ ပါဝင်ခွင့်ပြုပေးလိုက်တာနဲ့ တိုက်ပွဲတွေဖြစ်တဲ့ နေရာတွေအထိ သွားရောက်ပြီး ညှိနှိုင်းဆွေးနွေးပေးနိုင်တယ်လို့ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဆန်းမင်းအောင်က ပြောပါတယ်။

အခုချိန်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရတဲ့အပြင် စစ်ဘေးရှောင်တွေကို ကူညီခွင့်ရဖို့ ကြိုးစားရာမှာတောင် အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။ ပညာသင်ကြားရေး ခက်ခဲတဲ့အတွက် လက်မှုပညာတွေကို စစ်ဘေးရှောင်နေရာတွေမှာ သွားရောက်သင်ကြားပေးချင်တယ်လို့ ပြင်ဦးလွင်ခရိုင် အစ္စလာမ်သာသနာရေးရာ ကောင်စီဥက္ကဋ္ဌ ဟာဂျီဦးခင်မောင်ဝင်းက ပြောပါတယ်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ စကားတွေကို လေးစားကြသလို ပြည်သူတွေကလည်း လိုက်နာကြတဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရေငုံနုတ်ပိတ်မနေဘဲ ငြိမ်းချမ်းရေးအတွက် ဟောပြောကြဖို့ ကက်လစ်ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောလိုက်ပါတယ်။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ရေငုံနုတ်ပိတ်မနေဘဲ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီး ဟောပြောကြဖို့၊ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်ဖို့ နေ့တိုင်းဟောပြောဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများဆုံးပါ။ အဲဒီအထဲကမှ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ သံဃာတွေကလည်း ပါတီထောက်ခံသူ၊ တပ်မတော်ကို အားပေးသူ၊ အစိုးရကို ဝန်းရံသူတွေဆိုပြီး ကွဲပြားနေရင်တောင် ငြိမ်းချမ်းရေးကို ဦးတည်ဖို့ လိုတယ်လို့လည်း သဘောထားပြောကြပါတယ်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်အပါအဝင် ဘာသာရေးခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်အဖွဲ့တွေကို ညှိနှိုင်းပြောဆိုခွင့်ရဖို့၊ ငြိမ်းချမ်းရေး လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းတာတွေကို အသိအမှတ်ပြုပေးဖို့အတွက် တိုက်တွန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။