စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို နိုင်ငံရေးအင်အားစုတွေ မယုံကြည်
2022.04.25

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို သူနဲ့ကိုယ်တိုင်လာရောက်ဆွေးနွေးပါလို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၂၂ ရက်နေ့က ဖိတ်ခေါ်ခဲ့တာပါ။
အခုလို စစ်ခေါင်းဆောင်ရဲ့ကမ်းလှမ်းချက်ကို အင်အားနည်းတဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တချို့ကလွဲပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်နေသူ အားလုံးကတော့ လက်ခံယုံကြည်မှု မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ခေါင်းဆောင်ရဲ့ ဒီကမ်းလှမ်းချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြားစည်းလုံးမှုကို ဖြိုခွဲဖို့ကြိုးစားတဲ့ လုပ်ရပ်ပဲလို့ ဝေဖန်ပါတယ်။
“ဒီလိုပြောတဲ့ကိစ္စကတော့ လုပ်ရိုးလုပ်စဉ်ပါပဲ။ တကယ်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးမျိုးဆိုတာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပြီးပြီပဲလေ။ ဖြစ်မှဖြစ်မလာတာ။ သဘောထားမှန်လို့ရှိရင် အခုမှပြောစရာမလိုဘူး။ ဒီထက်ကောင်းတဲ့ အခွင့်အရေးတွေ အများကြီးရှိခဲ့တာပဲ။ အခုချိန်မှာမှ ထပြောတယ်ဆိုတာကတော့ အားကောင်းလာတဲ့ NUG ၊ PDF ၊ လူထုလှုပ်ရှားမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ရှိနေတဲ့ စုစည်းမှုကို ဖျက်ချင်လို့လုပ်တဲ့ကမ်းလှမ်းမှုလို့ပဲ မြင်တယ်။”
KNU ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက စစ်ကောင်စီရဲ့ပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း RFA ကိုပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကလည်း တိုင်းပြည်ငြိမ်းချမ်းဖို့ လိုအပ်တာ မှန်ပေမယ့် လက်တွေ့ကျကျ ဖြေရှင်းဖို့လိုတယ်လို့ ဝေဖန်ပါတယ်။
“စစ်ပွဲတွေထက်စာရင် ဆွေးနွေးပွဲက ပိုကောင်းတာပေါ့ဗျာ။ EAOs တွေရပ်တဲ့ဘက်ကတော့ အသာစီးရမှာပဲ။ အဲ့ဒါကြောင့်မို့လို့ EAO တွေကို အပြိုင်ပဲ စည်းရုံးနေကြတာ။ စည်းရုံးတာနဲ့ မရဘူးလေ။ တိုင်းပြည်အတွက်ကော လူထုအတွက်ကော ကောင်းကျိုးတွေကို လုပ်ပြမှရမှာ။ တကယ့်ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် All-inclusive ဖြစ်ဖို့လိုတယ်။ NUG တို့၊ CRPH တို့လည်း လောလောဆယ်မှာတော့ သူတို့လည်း Stakeholder တစ်ခုပဲလေ။ သူတို့ကိုလည်း ထည့်စဉ်းစားပေးဖို့လိုတယ်။ ထည့်ဆွေးနွေးဖို့လိုတယ်။”
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောစကားနဲ့ပတ်သက်ပြီး KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးလို့အကျိုးရှိမယ်မထင်ကြောင်း ဧရာဝတီသတင်းဌာနကို ပြောထားပါတယ်။
ဒါ့အပြင် ချင်းအမျိုးသားတပ်ဦးဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း စစ်ကောင်စီနဲ့ သူတို့သွားရောက်ဆွေးနွေးမှာ မဟုတ်ဘဲ သွားရောက်ဆွေးနွေးသူမှန်သမျှ စစ်ကောင်စီအဖွဲ့ဝင်တွေနည်းတူ သမိုင်းတရားခံဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။
ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို သူ့အနေနဲ့ အယုံအကြည်မရှိပါဘူး။ လက်ရှိအခြေအနေမှာ မြန်မာပြည်ရဲ့လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးတာနဲ့ မလုံလောက်တော့ဘူးလို့ RFA ကိုပြောပါတယ်။
“ဒီနေ့ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ပြည်သူလူထုတစ်ရပ်လုံးက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ပြီးတော့ကို တောင်းဆိုနေတာ။ ငြိမ်းချမ်းရေးဆိုတာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ Stakeholder အသစ်တွေပေါ်ထွန်းလာတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)စသဖြင့် ဖြစ်ထွန်းမှုအသစ်တွေ ရှိလာတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီဟာတွေလည်းရှိလာတယ်။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို အစစ်အမှန်လိုချင်တယ်ဆိုရင် သက်ဆိုင်တဲ့သူ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့လိုတယ်။ အထူးသဖြင့် ပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပြီးတော့ ဒီလိုဆောင်ရွက်မှလည်း ငြိမ်းချမ်းရေးဆိုတဲ့ လမ်းစပေါ်နိုင်မှာဖြစ်ပါတယ်။”
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ရဲ့ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေကို ချန်လှပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် အကျိုးရလဒ် တစ်စုံတစ်ရာရှိမှာ မဟုတ်သလို မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေသမျှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိမှာမဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘူး တစ်ဖက်ကလည်း မလျှော့ကြဘဲနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆိုတဲ့ အနေအထားကို ဘယ်လိုစကားပြောလို့ရမလဲ ဆိုတာကမေးခွန်းရှိတယ်။ နောက်တစ်ချက်က နိုင်ငံရေးစကားပြောတော့မယ်ဆိုရင် စပြောရမယ့် အကြောင်းအရာ ကျွန်တော်တို့ ပြည်သူတွေ နှစ်ရှည်လများ ခံစားခဲ့ရတဲ့ နွေဦးတော်လှန်ရေးမှာကော တောက်လျှောက်ခံစားခဲ့ရတဲ့ မတရားမှုတွေ စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှုတွေ၊ လူတွေသတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတရားမျှတမှုကို ဖော်ဆောင်မှာလဲဆိုတဲ့ ကိစ္စကလည်း တကယ့်အရေးတကြီး ပြောကိုပြောရမယ့် ကိစ္စပါပဲ။”
“စစ်တပ်က ကျုးလွန်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ကနေ ဟိုးအောက်ခြေထိ တာဝန်ရှိတဲ့သူအဆင့်ဆင့်က ပြန်ပြီးတော့ မျှတတဲ့ အပြစ်ဒဏ်ခံရဖို့ လိုတယ်လို့ ယုံကြည်ထားတယ်။ ဒီအဆင့်ကိုကျော်လွန်ပြီးတော့ သွားလို့မရဘူး။ နောက်တစ်ချက်က စစ်တပ်က နိုင်ငံရေးမှာပါနေသမျှ ကာလပတ်လုံး မြန်မာ့နိုင်ငံရေး ပြဿနာက ဘယ်သောအခါမှ အဖြေရှာလို့ ရမှာမဟုတ်ဘူးလို့ ကျွန်တော်တို့က ယုံကြည်တယ်။”
NUG အစိုးရတည်ထောင်ဖွဲ့စည်းမှု တစ်နှစ်ပြည့်ကာလမှာ NUG ခေါင်းဆောင်တွေက စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို နိုင်အောင်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် တိုင်းပြည်ရဲ့နယ်မြေဒေသအများစုဟာလည်း စစ်ကောင်စီအုပ်ချုပ်မှုအောက်က လွတ်မြောက်နေပြီဖြစ်ပြီး အဲဒီဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေပြီလို့ ထုတ်ဖော်ပြာကြားထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ ဆွေးနွေးမှာဖြစ်ပြီး NUG နဲ့ PDF တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးလို့ RFA ကို ပြောဆိုထားပါတယ်။