ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့ မြန်မာနိုင်ငံ

2022.10.27
ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့ မြန်မာနိုင်ငံ သေနတ်ကိုင် လေ့ကျင့်နေသည့် ဆရာတော်များကို စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo : Citizen Journalist

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဘာသာရေးကို နိုင်ငံရေးအရ ပိုအသုံးချလာနေတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့မှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ သူ့ကိုထောက်ခံတဲ့ ဘုန်းကြီးတွေကို လက်နက်ထုတ်ပေးပြီး ပြည်သူတွေကို သတ်ဖြတ်ခိုင်းနေတယ်လို့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရေး လှုပ်ရှားသူ ကိုသက်ဆွေဝင်းက ပြောပါတယ်။

"စစ်တပ်ဟာ သူနဂိုရှိပြီးသား မဘသ အင်အားစုတွေကို ပုံစံပြောင်းပြီး ပျူစောထီးဆိုပြီး ရပ်ရွာတွေထဲ ဖြန့်ထားတယ်။ ဘုန်းကြီးတွေ လက်နက်ကိုင်လာတယ်။ ဘုန်းကြီး အကြမ်းဖက်သမားတွေ ပေါ်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာကို ပြန်ပြောရင်တော့ PDF တွေ NUG က ဘုန်းကြီးတွေကို သတ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ပျူစောထီး ဘုန်းကြီးတွေကို လက်နက်ပေးပြီး ပြည်သူတွေကို သတ်ဖြတ်ခိုင်းတာ မြင်လာရတယ်"

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံနေထိုင်ကြပေမယ့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပါတယ်။ စစ်ကောင်စီဟာ လူများစု ဗုဒ္ဓဘာသာဝင်တွေကို ဦးစားပေးသယောင်လုပ်ပြီး ဘာသာခြားတွေ အချင်းချင်းကြားမှာ ရန်တိုက်ပေးနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုကလည်း ဆိုပါတယ်။

"လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ စစ်တပ်ဟာ ဘာသာရေးကို အခြေခံပြီးတော့ အကျိုးအမြတ်ရဖို့ နိုင်ငံကိုထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့တယ်။ သူတို့လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်တာလည်းမဟုတ် တန်ဖိုးထားတာလည်း မဟုတ်ပါဘူး။ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဘုန်းကြီးတွေ အများကြီးသတ်ခဲ့တယ်။ အခုလည်း သူတို့ကိုထောက်ခံတဲ့ ဘုန်းကြီးတွေကို အားပေးပြီး သူတို့ကို မထောက်ခံတဲ့ ဘုန်းကြီးတွေကိုဆိုရင် ပစ်မှတ်ထား တိုက်ခိုက်လာတယ်"

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေ ပိုပြီးဆိုးရွားသွားကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဖဂ္ဂဂန်၊ အီရန်၊ တရုတ်၊ မြောက်ကိုးရီးယား စတဲ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်က သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘာသာရေးအဆောက်အဦတွေ တိုက်ခိုက်ခံရတာလည်း ဆက်တိုက်ရှိနေပါတယ်။ RFA က လက်လှမ်းမှီသလောက်ပြုစုထားတဲ့ စာရင်းတွေအရဆိုရင် အာဏာသိမ်းတစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘာသာရေးအဆောက်အအုံ ၁၃၂ ခုထက်မနည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဘုန်းကြီးတွေ၊ အစ္စလာမ် ဗလီတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပါပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ အဆက်အသွယ်မရပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်သားတွေဟာ ဘုရားစေတီပုထိုးတွေကို တိုက်ခိုက်နေတယ်၊ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်နေတယ်လို့ ခဏခဏပြောဆိုပါတယ်။

ဒါ့အပြင် PDF စခန်းတွေမှာ ခရစ်ယာန်ဘာသာအရ ဝတ်ပြုဆုတောင်းတဲ့ ဗီဒီယိုတွေ ဘုရားစေတီတွေကို အကာအကွယ်ယူပြီး PDF တွေ ပစ်ခတ်နေတဲ့ ဗီဒီယိုတွေအပြင် အစ္စလာမ္မစ်ဘာသာရပ်တွေကို သင်ကြားနေတယ်လို့လည်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောလေ့ရှိပါတယ်။

PDF တွေကတော့ ဒါဟာ သူတို့ကို ပုံဖျက်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ဘာသာရေးအသုံးချပြီး ဝါဒဖြန့်တဲ့နည်းမှာ အခုခေတ်လူငယ်တွေအတွက်တော့ အလုပ်မဖြစ်တော့ဘူးလို့လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမိုးသွေးက ပြောပါတယ်။

"နွေဦးတော်လှန်ရေးမှာ ပြည်သူတွေက ဘာသာရေးကို မေးခွန်းထုတ်လာတယ်။ ပြောင်ပြောင်တင်းတင်း ဝေဖန်ရဲလာတယ်။ ဘာကြောင့်လဲဆို သူတို့ယုံကြည်တဲ့ ဘာသာတရားတွေက စစ်အုပ်စုရဲ့ ပေါ်ပေါ်ထင်ထင် နှိပ်စက်သတ်ဖြတ်မှုတွေ မတရားမှုတွေမှာ ရေငုံနှုတ်ပိတ်နေတယ်။ မတားကြဘူး။ ဒါကြောင့် ဒီဘာသာတွေက ဘယ်သူ့အတွက် တည်ရှိနေတာလဲဆိုတာ မေးခွန်းဖြစ်လာတယ်"

စစ်အာဏာဆန့်ကျင်ရေးမှာ ဘာသာပေါင်းစုံက ပြည်သူတွေ ပါဝင်နေကြပါတယ်။ ဒါကြောင့်လည်း ဘာသာရေးတက်ကြွလှုပ်ရှားသူတွေ စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားသူတွေကတော့ စစ်အာဏာသိမ်းအစိုးရ ပြုတ်ကျပြီးနောက် ပေါ်ပေါက်လာမယ့် ဖက်ဒရယ်အစိုးရ လက်ထက်ရောက်ရင် မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာဝင်တွေကြား ပိုလက်ခံလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။