အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော် အကူအညီလိုအပ်နေ

RFA Burmese
2024.05.15
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော် အကူအညီလိုအပ်နေ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီး ဒါဟာ တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရုံးက မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂ဝ၂၃ ခုနှစ်‌ အောက်တိုဘာလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပိုများလာပြီး ပြီးခဲ့တဲ့ခြောက်လအတွင်း ဒုက္ခသည်အရေအတွက် ငါးဆယ်ရာခိုင်နှုန်း သိသိသာသာတိုးလာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အကူအညီတွေ လိုအပ်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေအိမ်မပြန်နိုင်ကြသေးပါဘူး။

စစ်ကောင်စီနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်အဖွဲ့တွေကြား ဒီနှစ်ဆန်းကစပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ဟာ အခုဆို မြို့ပျက်လို ဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်နေရတာ အခက်အခဲမျိုးစုံရှိပေမဲ့လည်း လေကြောင်းရန်ကို စိုးရိမ်နေကြတာကြောင့် မြို့ကို မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးတိမ်းရှောင်နေတဲ့ ကော့ကရိတ်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“နေရာတိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ဆန်စပါးတွေလည်း ရှားပါးနေတဲ့အခါမှာ စားနပ်ရိက္ခာ အတော်လေး အခက်အခဲရှိတယ်။ နောက်တစ်ခါ တိုက်ပွဲက လကြာလာတဲ့အခါမှာ ကုန်စီးဆင်းမှုကမရှိတော့ ခက်ခက်ခဲခဲ တောလမ်းနဲ့ အသုံးပြုနေရတဲ့အတွက် ကုန်စျေးနှုန်းတွေ တက်လာတယ်။ ကျန်းမာရေးပိုင်းမှာဆိုရင်လည်း ကော့ကရိတ်တောင်ပိုင်းမှာ လည်ပတ်နေတဲ့ဆေးရုံဆိုရင်လည်း မဖွင့်နိုင်တော့ တော်တော်လေး ဒုက္ခရောက်တယ်။ လုံခြုံရေးအပိုင်းက ဟိုတစ်လောက စစ်ရှောင်တွေနေတဲ့ မြို့ဟောင်းရွာက ဘုန်းကြီးကျောင်းမှာ လေယာဥ်နဲ့ လာကြဲတဲ့အတွက် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားတယ်။ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲဖော်ဆောင်တဲ့ လေးလအတောအတွင်းမှာ မြို့ပျက်ဖြစ်သွားတယ်။ အဲဒီတော့ တော်တော်များများ စစ်ဘေးရှောင်ရာကနေ မပြန်တာ များတယ်”

ကော့ကရိတ်မြို့နယ် ဒေသခံတွေဟာ တောတောင်တွေထဲနဲ့ ဘုန်းကြီးကျောင်းတွေ၊ အသိမိတ်ဆွေအိမ်တွေမှာ ခိုလှုံနေထိုင်နေရပါတယ်။

“နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ ပိုပြီးလိုအပ်နေပါတယ်”

ကုလသမဂ္ဂစာရင်းတွေအရ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တစ်သန်းခွဲနီးပါး၊ ကယား၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အရှေ့တောင်ပိုင်းတို့မှာ ကိုးသိန်းကျော်၊ ရခိုင်ပြည်နယ်မှာ သုံးသိန်းခွဲကျော် ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် နေရပ်မပြန်ရဲကြသူတွေရှိသလို မီးရှို့ဖျက်ဆီးမှုတွေကြောင့်လည်း ပြန်စရာနေအိမ်မရှိတော့တဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိပါတယ်။

ရွာမီးရှို့ခံရတာကြောင့် ပြန်စရာအိမ်မရှိတော့လို့ စစ်ဘေးရှောင်စခန်းမှာ တစ်နှစ်နီးပါး နေထိုင်နေရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံတစ်ဦးက စစ်ပွဲတွေ အမြန်ပြီးဖို့ ဆုတောင်းနေပါတယ်။

“အခုလောလောဆယ်က အလုပ်အကိုင်တွေကလည်း မသွားရဘူး။ မုံရွာတစ်ဖက်ကမ်းကို အလုပ်သွားမယ်ဆိုရင်လည်း စစ်တပ်ကိုလည်း ကြောက်ရ၊ ယောက်ျားလေးဆိုရင်လည်း သူတို့က ပေါ်တာဆွဲ၊ အဲဒီလိုကျတော့ အလုပ်က လုပ်စားဖို့ မလွယ်ဘူး။ စားဝတ်နေရေး အခက်အခဲဖြစ်တယ်။ နေရာထိုင်ခင်းက စာသင်ကျောင်းမှာပဲ နေတယ်။ အခက်အခဲကတော့ အများကြီးရှိတယ်။ အဆင်ပြေရင်တော့ ကိုယ့်အိမ် ကိုယ့်ယာနဲ့ အမြန်နေချင်ပါပြီ။ ဒီဟာကြီးလည်း မြန်မြန်ပြီးပါစေလို့ ဆုတောင်းပါတယ်”

ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုတိုက်နယ် အကြည်ပန်းပလွန်းရွာမှာ ဒေသခံ ၁၆ ဦး၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနဲ့ ဒေသခံသုံးဦး စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ ပိုပြီးလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ စတဲ့မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများ တာဝန်ခံ မဖူးပွင့်ဝေက ပြောပါတယ်။

“အရေးပေါ် စစ်ဘေးရှောင်လာရရင် လက်ထဲ ရန်ပုံငွေမရှိတဲ့အခါ တအားဒုက္ခရောက်တယ်။ နိုင်ငံတကာရဲ့ အကူအညီကတော့ လိုအပ်တာပေါ့နော်။ ကျွန်တော်တို့မှာလည်း အတိုင်းအတာရှိတယ်။ တစ်ခါတလေမှာ ကူရမယ့်နေရာက များတယ်။ ဒါပေမဲ့ လုံလောက်တဲ့ပမာဏ မရှိဘူး”

ဒုက္ခသည်တွေဟာ ပူပြင်းတဲ့ရာသီဥတုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ သောက်သုံးရေ ရှားပါးတာ၊ သန့်ရှင်းတဲ့ရေရဖို့ ခက်ခဲတာ စတာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိတဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့မှာတော့ ဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပြီး စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

မကြာခင် မိုးရာသီရောက်တော့မှာဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာတွေ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“မိုးတွင်းလည်း ရောက်တော့မယ်ဆိုတော့ အမိုးအကာတွေ လိုအပ်တယ်။ အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်တယ်။ မြို့ပေါ်စခန်းတွေမှာ အခု တုပ်ကွေးတွေ ဖြစ်နေကြတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်။ ကလေးတွေရဲ့ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရတဲ့ အခက်အခဲတွေ ရှိတယ်။ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ ဒီဘက်မှာ စျေးတက်လို့ အဲဒါတွေ လိုအပ်တယ်”

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်တွေ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကိုသာ ဆက်သွယ်ဖို့ပြောပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့လည်း ဆက်သွယ်လို့မရပါဘူး။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးကြရသည့် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ မြောက်ခြမ်းမှ ‌ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း)
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးကြရသည့် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ မြောက်ခြမ်းမှ ‌ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း)

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ လစဥ် ဒုက္ခသည် သုံးသိန်းနီးပါးကို ထောက်ပံ့နေပြီး အရေးပေါ် အခြေအနေရှိလာရင် သုံးသိန်းခွဲအထိ ကူညီနေတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့တဲ့ဧပြီလက NUG သုံးနှစ်ပြည့်မှာ ထုတ်ပြောထားပါတယ်။ ရေရှည် စစ်ဘေးတိမ်းရှောင်ရသူတွေ များလာတာကြောင့် လစဉ် မထောက်ပံ့နိုင်တဲ့အချိန်တွေ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တစ်ခုတည်းမှာတင် နေရပ်စွန့်ခွာလာရတဲ့ အိမ်ထောင်စုပေါင်း ကိုးရာကျော်ရှိတယ်လို့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ပုလဲမြို့ နယ်တာဝန်ခံ ကိုဇော်ထွန်းက ပြောပါတယ်။

“စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလို့ မီးရှို့တာတွေ၊ အကြောင်းမဲ့ မီးရှို့တာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲသွားလို့ နေလို့မရတာတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအတွက် NUG လူသားစာနာက ကူညီနေပါတယ်။ အိမ်မရှိတော့ဘူးဆိုတော့ အရေးပေါ် အမိုးအကာတွေရအောင် ဆောင်ရွက်ပေးတယ်။ ပြီးရင် ယာယီတဲတွေ ပြန်ဆောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်”

မြန်မာပြည်မှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူ ၁၈ ဒဿမ ၆ သန်းက လူသားချင်း စာနာမှုအကူအညီ လိုအပ်နေပြီး ဒါဟာ ၂ဝ၂၃ ခုနှစ်ကထက် တစ်သန်းကျော် ပိုတိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။