KNPP နယ်မြေထဲ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ၇၀၀ ကျော် အကူအညီလိုအပ်

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.07.15

ကယားပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးနေကြရဆဲဖြစ်သလို ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးရောက်ရှိနေ ကြသူတွေလည်း ဒီနေ့အထိ ၇၀၀ ကျော်ရှိတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီဒုက္ခသည်တွေထဲမှာ အမျိုးသမီးက ၃၃၀ ကျော်ပါဝင်ပြီး အမျိုးသားက ၃၇၀ ကျော် ရှိပါတယ်။ အများစုဟာ KNPP ထိန်းချုပ်နယ်မြေထဲကိုရောက်ဖို့ တောထဲတောင်ထဲကို သီတင်းတစ်ပတ်နီးပါး ခြေလျင်လျှောက်ပြီး ဖြတ်ကျော်လာရတာဖြစ်ပါတယ်။ လမ်းမှာအခက်အခဲတွေမျိုးစုံနဲ့ ထွက်ပြေးလာခဲ့ရတာလို့ စစ်ဘေးဒုက္ခသည် ဒေါ်မူမူ က ပြောပါတယ်။

"လာတဲ့အချိန်ကဆိုရင် မိုးရွာနေလို့ မအိပ်ခဲ့ရဘူး။ ထမင်းချက်လည်း ထမင်းကမနပ်လည်း ဒီအတိုင်းစားခဲ့ ရတယ်။ စားမကောင်းလည်းစားရတယ်။ သွားတော့လည်း ညတောင်ပေါ်လမ်းဆိုတော့ မသွားနိုင်တော့ရင် ဖင်ထိုင်ချပြီး တစွတ်တိုက် တဖြည်းဖြည်းချင်းသွားခဲ့ရတယ်။ လူက တစ်နေရာ ပလိုင်းတွေကတစ်နေရာ ပြုတ်ကျကုန်တယ်။ ရှေ့ကသွားတာလိုက်မမှီရင်လည်း တစ်ခါမှမသွားဖူးတော့ လမ်းမှားတာပေါ့ အသက်က ကြီးပြီဆိုတော့ သူများနောက်လိုက်မမှီလို့လေ တောင်ကြားထဲမှာကျန်ခဲ့ရင် အော်ငိုကြရပြန်တယ်"

KNPP ထိန်းချုပ်နယ်မြေအထိ ထွက်ပြေးခိုလှုံလာကြသူတွေထဲမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲက ဖမ်းဝရမ်းထုတ်ခံရလို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေလည်း ပါဝင်ပါတယ်။

"ဝရမ်းထုတ်ခံရတဲ့သူတွေ ကျေးလက်တောရွာမှာနေတဲ့သူတွေ သူတို့ကြောက်လို့ ထွက်လာကြတဲ့သူတွေများပါတယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နောက်ပိုင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်မှာ ကြောက်လန့်လို့ ထွက်ပြေးလာတဲ့ ဒေသခံတွေလည်း ပါဝင်ပါတယ်။

အခုလက်ရှိမှာ တောတောင်ထဲမှာပဲ ယာယီတဲတွေထိုးပြီးတော့ ခိုလှုံနေကြရပြီး သောက်သုံးရေ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်ဖရေမယ်က ရေရရှိဖို့အတွက် သူတို့ခိုလှုံနေတဲ့ ယာယီစခန်းကနေ တစ်မိုင်လောက်ဝေးတဲ့နေရာက စိမ်းစမ်းရေကို ခပ်ယူသုံးစွဲနေကြရတယ်လို့ ပြောပါတယ်။

"ရေကိုအဝေးကြီးမှာ သွားခပ်ရတယ်။ ဒီဘက်နားမှာကလည်း မရှိတော့ ပိုဝေးတဲ့နေရာမှာ သွားခပ်ရတယ် နီးနီးနားနားလေးတော့ သွားခပ်ချင်ပါတယ်"

karenni-refugees.jpg
(KNPP ထိန်းချုပ်နယ်မြေမှာ ကရင်နီဒုက္ခသည်တွေကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်)

အခုလိုနယ်စပ်အထိ တောတောင်တွေကို ခက်ခက်ခဲခဲလာခဲ့ကြသူတွေကို လာနေဖို့ ဖိတ်ခေါ်တာမဟုတ်ဘဲ မိမိတို့ဆန္ဒအတိုင်း ပြေးလာကြတဲ့သူတွေဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြည်ထဲ ရေးဝန်ကြီး ဦးဒယ်နီယာယ် က ပြောပါတယ်။

"ခေါ်တာတော့မရှိဘူး ဘယ်သူ့ကိုမှ လာခဲ့ပါလို့လည်းမပြောဘူး သို့သော် ပြည်တွင်းရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးမှ ဒီစစ်တပ်ရဲ့တိုက်ခိုက်မှုတွေ လှုပ်ရှားမှုတွေကြောင့် ရှောင်ထွက်လာတဲ့လူတွေ သူ့ဘာသာ ရောက်လာတာဖြစ်တယ်။ ဝရမ်းထုတ်ခံရတဲ့သူတွေ ကျေးလက်တောရွာမှာနေတဲ့သူတွေ သူတို့ ကြောက်လို့ထွက်လာကြတဲ့သူတွေများပါတယ်။ ခေါ်တဲ့သူ သီးသန့်မရှိဘူး သူ့ဘာသာသူထွက်လာတဲ့သူပဲ ရှိတယ်"

ဒီလိုခရီးဝေးကို ခြေလျင်ခရီးနဲ့ ဒုက္ခသည်အများအပြား အခုလိုရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ အတွက် နေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိနေကြောင်းနဲ့ လက်ရှိမှာတော့ တတ်နိုင်သလောက်သာ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဦးဒယ်နီယာယ် ကပြောပါတယ်။

"အများကြီးလိုအပ်တာပေါ့လေ၊ နေရာတွေနောက်ပြီးတော့မှ သူတို့အမိုးအကာတွေ ကျနော်တို့ စီစဉ်ဆောင် ရွက်ပေးတယ်။ လိုအပ်တာတွေ လုံလုံလောက်လောက်တော့ မဟုတ်ဘူးပေါ့ တတ်နိုင်တဲ့ဘက်ကနေ မိုးကာထုတ်ပေးတယ်။ ဟင်းထုတ်ပေးတယ်။ ရိက္ခာထုတ်ပေးတယ်။ ဒါတွေအများကြီး လိုအပ်သေးတယ်။ ကျန်းမာရေးဆိုင်ရာတွေကလည်း ရှိတဲ့ဟာတွေနဲ့ ရှိတဲ့ဆေးမှူးတွေနဲ့ ရှိတဲ့ဆေးတွေနဲ့ပဲ အခုသူတို့ကို ပြုစုစောင့်ရှောက်ပေးနေတယ်ပေါ့။ ဒီနောက်ပိုင်းတွေကတော့ ဒီစားနပ်ရိက္ခာတွေ အများကြီးလိုအပ်တယ်။ သူတို့ရေရှည် ပညာရေး၊ ကျန်းမာရေးတွေအတွက်လည်း စီစဉ် ဆောင်ရွက်ပေးဖို့လိုတယ်။ ဆိုတော့ အဲဒီအပေါ်မှာလည်း လိုအပ်ချက်တွေ အများကြီးရှိသေးတယ်"

ဒီးမော့ဆိုမြို့နယ်မှာလည်း မေလအတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော် ရှိနေတယ်လို့ KNDP က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) မှာ အနိုင်ရခဲ့ပြီး၊ လက်ရှိမှာ စစ်ဘေးရှောင် ယာယီဒုက္ခသည်စခန်းထဲကို ရောက်နေတဲ့ ဒေါ်ခင်သန်းနုက သူ့ရဲ့ လမ်းခရီးက ပင်ပန်းဆင်းရဲပေမယ့်လည်း ရှေ့တန်းမှာ စစ်ကောင်စီတပ်တွေကို တိုက်နေတဲ့ ရဲဘော်တွေထက် ခံသာပြီး သူတို့တွေကို လေးစားတယ်လို့ ပြောပါတယ်။

"ရှေ့တမ်းမှာတိုက်နေတဲ့ အာဇာနည်သူရဲကောင်းတွေလိုတော့ သွေးမထွက်ခဲ့ရဘူး၊ သွေးမထွက်ဘူးဆိုတော့ ရှေ့တန်းမှာ တိုက်ပေးနေတဲ့လူငယ်တွေကို အရမ်းဂုဏ်ယူတယ်။ လေးလည်းလေးစားတယ် ဒီမှာရောက် လာတဲ့ ဒုက္ခသည်တွေကလည်း နေလို့မရတော့လို့သာ ခိုစရာပြေးစရာမရှိတော့လို့သာ လာကြတယ်။ အခက်အခဲကိုယ်စီရှိကြတယ်"

လက်ရှိ နယ်စပ်အနီးမှာရောက်လာကြတဲ့ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ ဆွေးနွေးတင်ပြထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လည်း ယခင်ကပင် ထိုင်းနိုင်ငံမှာခိုလှုံပြီး ကုလသမဂ္ဂကအသိအမှတ်ပြုထားတဲ့ ထိုင်းနဲ့ ကရင်နီနယ်စပ်ဘက်တွေဘက်က စစ်ပြေးဒုက္ခသည် တစ်သောင်း နီးပါးလောက်ဟာလည်း ဒီနေ့ချိန်အထိ ပြည်တွင်းမပြန်နိုင်ကြသေးပဲ ရှိနေကြပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။