ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ပလက်ဝဒေသခံတွေ အကြောင်း
2019.02.10

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒေသခံ ၂၀၀ ခန့်နဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။
ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာ နဲ့ ခမောင်းဝကျေးရွာတွေက ကျောင်းသား ကျောင်းသူ ၃၈ ဦးအပါအဝင် ဒေသခံ ၂၀၀ ခန့်ကို ရက္ခိုင့်တပ်မတော် AA က ခေါ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်လိုက်တယ်လို့ ဖေဖော်ဝါရီလ ၇ရက်နေ့က အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ရက္ခိုင့်တပ်မတော် AA က အခုလ ၃ ရက်နေ့မှာ ရွာတွေအတွင်းကို ဝင်ရောက် ခေါ်ဆောင်သွားတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိသွားတဲ့ ရခိုင်၊ ခမီနဲ့ ခူမီးတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်နဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့က လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
အဲဒီဒေသခံတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို သတင်းပို့ထားပြီး ပြန်လည် ခေါ်ယူရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် က ပြောပါတယ်။
“ကျွန်တော်တို့ သတင်းတော့ ပို့ထားတယ်။ သူတို့ဆောင်ရွက်မှာပါ။ ကလေးတွေက အရမ်းနစ်နာတယ်လေ။ ပညာရေးမှာလည်း နစ်နာတယ်။ နေအိမ်စွန့်ခွာတဲ့အခါ ဒုက္ခလည်း အရမ်းရောက်တယ်။ နှစ်နိုင်ငံကိစ္စကျတော့ ချက်ချင်း ပြည်နယ်အစိုးရအနေနဲ့ လုပ်လို့မရသေးဘူး။ ပြည်ထောင်စုကလည်း သိလာမှာပါ။ အဖွဲ့အစည်းတွေကျတော့ အမျိုးမျိုးဖြစ်နိုင်တယ်လေ။ ကလေးတွေနဲ့ သွားမှ သူတို့ပိုလုံခြုံမယ်ထင်လို့ ခေါ်တာလား။ ဒီကလေးတွေနဲ့ ရွာသားတွေ ပိုလုံခြုံမယ့်နေရာ သူတို့သွားပို့တာလား။ ဘာမှ ကြေညာချက်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့သိတာက AA က ကလေးတွေ ခေါ်သွားတယ်ဆိုတဲ့ သတင်းလောက်ပဲ ကျနော်တို့ဆီ ရောက်တယ်"
အစိုးရတပ်မတော်က ကင်းတလင်းနဲ့ ခမောင်းဝ ကျေးရွာ တွေထဲကို လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံတွေဟာ ဇန်နဝါရီလကုန်လောက်က တောတွေထဲမှာ ပုန်းအောင်းခိုလှုံနေကြရတဲ့အတွက် AA က ခေါ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ပို့ဆောင်ပေးခဲ့တာလို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။ အဲဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်တာမရှိကြောင်း၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်အသုံးပြုတိုက်ခိုက်တာတွေ မရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
ခေါ်ဆောင်သွားခံရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ပတ်သက်လို့ ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက အခုလိုပြောပါတယ်။
"ပြည်နယ်ကိုတော့ ကျွန်တော်တို့ တင်ထားတာရှိတယ်။ ကင်းတလင်း၊ ခမောင်းဝ ရွာထဲမှာ ဝင်ခေါ်သွား တယ်လို့ ကျွန်တော်တို့ကြားတယ်။ အမက ကင်းတလင်းကတော့ ကျောင်းသူ၊ ကျောင်းသား ၁၁ ယောက်လို့ ကျောင်းအုပ်က အကြောင်းကြားတယ်။ ခမောင်းဝက အားလုံး ၂၇ ယောက်ရှိတာ ၊ ၂၇ ယောက်လုံးခေါ်သွားတယ်။ စာမေးပွဲမဖြေခင် ၃ ရက်နေ့ ခေါ်သွားတာဆိုတော့ မဖြေလိုက်ရဘူး။ ကျန်တဲ့ကျောင်းတွေကတော့ အားလုံးတော့ ပြောလို့တော့မရဘူး။ နည်းနည်းတော့ စိုးရိမ်ရတာပေါ့။ အခုစာမေးပွဲကာလလည်း ဖြစ်တော့ အခုထိတော့ သတင်း ဘာမှမထူးဘူး"
AA က ဒေသခံတွေကို ခေါ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ဆောင်တယ်ဆိုတဲ့ သတင်းတွေအရ ပလက်ဝ မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတွေက စိုးရိမ်မှုတွေရှိနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပလက်ဝမြို့နယ် လူမှုကူညီရေးအဖွဲ့က ဦးကျော်အောင်က အခုလို ပြောပါတယ်။
"တော်တော်များများက ကြောက်နေတယ်။ ရွာအပြင်တောင် မထွက်ရဲဘူး။ လယ်ယာတွေလုပ်ဖို့ တော်တော်လေး ခက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့လူတွေကျတော့ လမ်းပန်းဆက် သွယ်ရေးက အချိတ်အဆက်မရှိဘူး။ သတင်းကလည်း ဂဃနဏ မရသေးဘူး။ ကျွန်တော်တို့ အနေနဲ့ ကူညီဖို့က တော်တော်လေးခက်ခဲတယ်"
ပလက်ဝမြို့နယ်အတွင်းက အရပ်ဖက်အဖွဲ့တွေကတော့ ကင်းတလင်းနဲ့ ခမောင်းဝက ဒေသခံတွေဟာ လမ်း ခရီးကြမ်းတမ်းမှုကြောင့် သူတို့ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင် က အခုလိုသုံးသပ်ပါတယ်။
"ဒါကသွေးရိုးသားရိုးဖြစ်ဖို့တော့ ခက်တယ်။ သူတို့အနေနဲ့ ဟိုဘက်သွားရင် အကူအညီရဖို့ ခက်တယ်။ အစိုးရ ထိန်းချုပ်နယ်မြေဘက်သွားရင် အကူအညီ ပိုရနိုင်တော့ ထွက်ပြေးရင် အစိုးရဘက်ထိန်းချုပ်တဲ့ မြို့ဘက်ကို ထွက်ပြေးတာပဲ များတာပေါ့"
လက်တလောမှာတော့ ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘူးလို့ သိရပါတယ်ရှင်။