စစ်ဘေးဒုက္ခသည် သုံးသန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

2022.11.16
စစ်ဘေးဒုက္ခသည် သုံးသန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ဒေသခံများအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဥ်။
ဓာတ်ပုံ - ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကရင်နဲ့ ကရင်နီ ဒေသအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်အသစ် တစ်သန်း ခုနစ်သိန်း နီးပါး (၁,၆၅၀,၆၆၁)ရှိလာပြီး အာဏာ မသိမ်းခင်ကရှိနေတဲ့ ဒုက္ခသည်အဟောင်း ငါးသိန်း နီးပါး (၄၉၇,၂၀၀)၊ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးမှ နယ်စပ်ဖြတ်ကျော် ထွက်ပြေး သွားတဲ့ ဒုက္ခသည် တစ်သန်းကျော် (၁,၀၁၉,၁၉၀) ရှိနေကြောင်း လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP- Myanmar က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ISP- Myanmar ရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်းနဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ သုံးသန်းကျော်နေပါပြီ။

လက်ရှိမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ အထူးလိုအပ် နေတယ်လို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“အခက်အခဲဖြစ်တာတော့ စားဖို့သောက်ဖို့ရယ်၊ ဆေးဝါးတွေရယ် အဲဒါတွေ လိုအပ်နေ တယ်။ နောက်ပြီးတော့ သက်ကြီးဘိုးဘွားတွေရယ်၊ ကိုယ်ဝန်သည်မိခင်၊ နို့တိုက်မိခင် နောက် ငါးနှစ်အောက်ကလေးတွေရဲ့ ဆေးဝါးပေါ့နော် အဲဒါတွေ တအား လိုအပ်နေ တယ်”

ချင်းလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းတစ်သောင်းကျော်ရှိနေ ပြီး ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေး နေရသူ ခြောက်သောင်းကျော်၊ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးသွားသူ ငါးသောင်း နီးပါး ရှိနေပါတယ်။

“အခက်အခဲဖြစ်တာတော့ စားဖို့သောက်ဖို့ရယ်၊ ဆေးဝါးတွေရယ် အဲဒါတွေ လိုအပ်နေတယ်"

ကရင်ပြည်နယ်မှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ စစ်ကောင်စီတပ် အကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေပြီး တပ်မဟာ ၅ ဖာပွန်မြို့နယ်နဲ့ တပ်မဟာ ၆ ထိန်းချုပ်ရာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရ တဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကိုးသောင်းနီးပါး (၁၈၆,၄၇၁) ရှိနေတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အလုပ်အကိုင်မရှိဘဲ သူတစ်ပါးသူရဲ့ အလှူငွေပေါ် အသက်ရှင်သန် နေထိုင်ရတာကြောင့် နေ့စဉ် စားဝတ်နေရေး ခက်ခဲတယ်လို့ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် ကမ်းဘေး ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ဒုက္ခသည်တွေ ကျနော်တို့ဆီကတော့ ဘာပြောချင်လဲဆိုတော့ စားဝတ်နေရေးအတွက်ပဲ ပေါ့နော်။ ကျနော်တို့ နေရာက အိမ်ပြန်လို့မရသေးတဲ့နေရာတွေပေါ့နော်။ ပြန်လို့မရသေး တဲ့အခါကျတော့ စားဖို့ပဲပေါ့နော်။ အလုပ်အကိုင်ကမရှိ စားဖို့ပဲ ကျနော်တို့ဆီမှာ လိုအပ် နေတာပေါ့။ စားဖို့ရှိရင်တော့ အဆင်ပြေပါပြီပေါ့”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကလည်း ရာသီဥတုက အေးလာတာကြောင့် အနွေးထည်တွေကအစ အိုးခွက်ပန်းကန်အထိ အစစအရာရာ လိုအပ်နေတယ် လို့ RFA ကို ပြောပါတယ်။

“အေးလာပြီဆိုတော့ ကျနော်တို့နေတဲ့အိမ်က ပထမဦးဆုံး လုံခြုံမှုမရှိဘူး။ နောက်ပြီး တော့ အနွေးထည်တွေဘာ တွေ၊ အိုးပန်းကန်တွေ အကုန်လုံး လိုမှာပေါ့ခင်ဗျာ”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားတဲ့ ပဋိပက္ခ‌တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် ဟာ စစ်တွေမြို့နယ် သဲချောင်း၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ ဒါးပိုင်၊ အနောက်စံပြ၊ မှန်စီ စတဲ့ ဒုက္ခသည်စခန်း ၁ဝ ခုကျော်မှာ ခိုလှုံနေရပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ အညာကတဲကျေးရွာက စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း ပြည်တွင်းရော ပြည်ပ ကပါ ဘာအကူအညီမှ မရတဲ့အတွက် စားစရာမရှိတော့တဲ့ အခြေ အနေအထိ ရင်ဆိုင်နေရတယ်လို့ RFA ကို ပြော ပါတယ်။

“ခက်တာတော့ အရမ်းကို ခက်ခဲပါတယ်။ စားစရာမရှိတဲ့အခြေအနေကတော့ အများကြီး ပေါ့နော်။ နေ့စား (အလုပ်) လိုက်မယ်ဆိုရင်လည်း နေ့စားလိုက်မယ့်နေရာ မရှိဘူးဆို တော့ တော်တော့်ကို ခက်ခဲကြပါတယ်”

အညာကတဲ ဒုက္ခသည်စခန်းကို ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့ကတည်းက ဒေသခံတွေရဲ့ အကူအညီနဲ့ ဖွင့်လှစ် ထားတာပါ။ အဲဒီစခန်းမှာ ဒုက္ခသည်အိမ်ထောင်စု ၁၁၇ စုက လူဦးရေ ၅၀၀ ခန့် ယာယီခိုလှုံနေပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေကို ပြည်တွင်းလမ်းကြောင်းတစ်ခုတည်းကိုပဲ အားကိုးပေးအပ် တာမျိုးမဟုတ်ဘဲ ပြည်ပကနေပါ ထိရောက်အောင် ကူညီပေးနိုင်ဖို့ လိုအပ် တယ်လို့ တိုက်တွန်းပါတယ်။

sagaing refugees.jpg
၂ဝ၂၂ ခုနှစ် ဇူလိုင်လလယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ကြား တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် အညာဒေသက စစ်ဘေးဒုက္ခသည်များ။ (Photo: Citizen Journalist)

“အကူအညီတွေကတော့ ပြည်တွင်းကနေရော၊ ပြည်ပနေရော ရရှိနိုင်ဖို့ လိုမှာဖြစ်တဲ့ အတွက် ရရှိတဲ့ အကူအညီတွေကို ပြည်တွင်းလမ်းကြောင်းသာမကဘဲနဲ့ နယ်စပ်တွေက ပေးနိုင်ဖို့လည်း အရေးကြီးတယ်။ ဒုက္ခသည်တွေ လုံခြုံဖို့ လိုသလို သူတို့ဆီ ပို့ဆောင်တဲ့ အကူအညီတွေ လုံလုံခြုံခြုံနဲ့ သူတို့ဆီ ရောက်နိုင်ဖို့လည်း လိုပါတယ်”

၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ မြန်မာနိုင်ငံက ဒုက္ခ သည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကတစ်ဆင့် အကူအညီတွေ ပေးအပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အခု ခြောက်လကြာတဲ့အထိ ဒုက္ခသည်တွေ အကူအညီမရရှိသေးတာနဲ့ပတ်သက်လို့ အာဆီယံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (AHA Center) ကို RFA က အီးမေးလ်ပေးပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကိုထောက်ပံ့ကူညီပေးနေတဲ့ ကရင်နီလူအခွင့် အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ကူညီဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထိရောက်အောင်မလုပ်နိုင်ရင် မြန်မာပြည်တွင်းကနေ ပြန်ထွက် သွားပြီး အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် ကူညီပေးတာက ပိုထိရောက်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“အကယ်၍များ UN အေဂျင်စီဖြစ်စေ၊ INGO ဖြစ်စေ၊ ကျနော်တို့ ပြည်နယ်မှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေပေါ့နော် ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီကို အကန့်အသတ်နဲ့ လုပ်နေရမယ့်အစား ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခုချဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကနေ တရားဝင် နုတ်ထွက်သွားပါ။ မြန်မာနိုင်ငံက ထွက်သွားပါ၊ ပြီးရင် ကျနော်တို့ကို မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကနေတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုလုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မှု ရှိပါတယ်”

မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း ကလည်း လူသားချင်းစာနာမှု အကူ အညီတွေ အရေးပေါ် လိုအပ်နေသူတွေလက်ထဲ အမှန်တကယ် ရောက်ရှိဖို့အတွက် နယ်စပ်လမ်းကြောင်းက တစ်ဆင့် ထောက်ပံ့ကူညီတာမျိုးကို စဉ်းစား ရွေးချယ်သင့်တယ်လို့ အကြံပြု တိုက်တွန်းပါတယ်။

“ဆိုတော့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှာ သူတို့တွေ အလုပ်လုပ်နေကြတဲ့ အဖွဲ့ အစည်းတွေရှိကြတယ်။ ခိုင်ခိုင်မာမာ ရှိကြတယ်။ ဆိုတော့ ဒါတွေနဲ့ အလုပ်လုပ်ဖို့ ကျနော်တို့ အကြုံပြုလို့ရတယ်။ နောက်တစ်ခုက အဲဒီ့လို လူသားချင်းစာနာမှု အကူအညီ ပေးတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် ထိုင်းနယ်စပ်မှာ လာထိုင်ပြီးတော့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနယ်စပ်မှာ လာထိုင်ပြီးတော့ ဒီကနေ ကူညီပေးနေလို့လည်း ရတယ် ပေါ့နော်။ ဒီဟာကတော့ တဖြည်းဖြည်း ညှိနှိုင်းဆောင်ရွက်ပြီး စကားပြောရမယ့်ကိစ္စတွေ အများကြီး ရှိတယ်ပေါ့”

ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး နယ်စပ်အသင်း (TBC) ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့ ကတိပြုထားတဲ့ အာဆီယံလူသားချင်း စာနာမှုဆိုင်ရာ အကူ အညီပေးရေးစင်တာ (AHA) ဟာ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ အတွေ့အကြုံမရှိဘူးလို့ ဖော်ပြထားပါတယ်။ ဒေသဆိုင်ရာ စစ်ကောင်စီတပ်တွေရဲ့ ခွင့်ပြုချက်မရရင် မြန်မာနိုင်ငံက ကျေးလက်ဒေသ တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ဟာ မဖြစ်နိုင်ဘူးလို့လည်း ထောက်ပြဝေဖန်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် TBC အသင်းကို နိုင်ငံပေါင်း ၉ နိုင်ငံက INGO အဖွဲ့အစည်း ကိုးဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ထိုင်း -မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက မြန်မာစစ်ဘေးဒုက္ခသည်တွေ ကို ၁၉၈၄ ခုနှစ်ကစပြီး ထောက်ပံ့ကူညီပေး နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။