စစ်ကောင်စီက နေအိမ်ချိပ်ပိတ်မှုတွေ ဆက်တိုက်လုပ်နေ
2022.03.08

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး နိုင်ငံရေးလှုပ်ရှားသူတွေ၊ နာမည်ကြီး အနုပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ သူတို့နဲ့ ဆက်စပ်သူတွေနဲ့ ပြည်သူတချို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်တာတွေ ပြီးခဲ့တဲ့လက စပြီး ဆက်တိုက်ဆိုသလို လုပ်လာပါတယ်။
အဲဒီထဲမှာ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဆက်နွယ်သူတွေက အများဆုံးဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ၁၃ လတာ ကာလအတွင်း NLD ပါတီကိုယ်စားလှယ် ၁၀၀ နီးပါးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရတယ်လို့ NLD က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ အခု ၂ဝ၂၂ ခုနှစ်အတွင်း နေအိမ်ပိတ်သိမ်း ခံရတာက ၆၀ ဝန်းကျင် ရှိပါတယ်။
အဲဒီထဲမှာ NLD ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်၊ ရန်ကုန်တိုင်း ဒလမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဘိုဘိုဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကိုယ်စားလှယ် ဒေါ်သီရိရတနာ စတဲ့ ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် တွေက NLD လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀ ဝန်းကျင် ဖေဖော်ဝါရီလအတွင်း ချိပ်ပိတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် တခြားပါတီတွေက ကိုယ်စားလှယ်တွေဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ရဲ့ တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ် ပူးရှန်မန်းတို့ရဲ့ နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ ရပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက စစ်ကောင်စီဟာ ပြည်သူတွေ သူတို့ကို မဆန့်ကျင်ရဲအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာတော့ CDM ရဲမှူး ဦးတင်မင်းထွန်းရဲ့ မြောက်ဥက္ကလာက နေအိမ်ကို ချိပ်ပိတ်ခံခဲ့ရပြီး ပုဒ်မ ၅ဝ၅ (ခ)နဲ့ တရားစွဲခ့ရပြီး တရားခံပြေးအဖြစ် ကြေညာထားတဲ့ နာမည်ကျော်အဆိုတော် လင်းလင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ တို့ရဲ့နေအိမ်၊ သန်လျင်မြို့နယ်က အဆိုတော်ချမ်းချမ်းရဲ့နေအိမ် နဲ့ ၅ဝ၅ (က)၊ တရားစွဲခံထားရတဲ့ မြောက်ဒဂုံက ဒါရိုက်တာ ကိုပေါက်ရဲ့နေအိမ် အပါအဝင် ဆိုရှယ်မီဒီယာမှာ ထင်ရှားတဲ့ ပန်ဆယ်လိုနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတချို့ရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။
အဆိုတော်ချမ်းချမ်းက ဒါမျိုးကြုံရမယ်ဆိုတာ အရင်ထဲက တွေးမိပြီးသားမို့ အခုလို နေအိမ် ချိပ်ပိတ်ခံရတဲ့အပေါ် တစ်စုံတစ်ရာအထူး မခံစားရဘူးလို့ လူမှုကွန်ရက်ကနေ တဆင့် ပြောကြားပါတယ်။
စစ်ကောင်စီဟာ NLD လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းကိုလည်း လာမဲ့ ၁၈ ရက်နေ့မှာ တရားရုံးကို လာရောက်ရင်ဆိုင်ဖို့နဲ့ နေအိမ်ကိုပါ သိမ်းဆည်းဖို့ မတ်လ ၄ ရက်နေ့က ဝရမ်း ကပ်သွားပါတယ်။ ဒေါ်ဖြူဖြူသင်းက စစ်အာဏာရှင်တော်လှန်ရေးမှာ အသက်စွန့် ပါဝင်သူတွေ တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ သူတွေနဲ့ နေအိမ်မီးရှို့ ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် စစ်အာဏာရှင် ကျဆုံးသည်အထိ အောင်ပွဲရသည်အထိ တိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်းနဲ့ အောင်ပွဲနဲ့အတူ မကြာခင်ပြန်ဆုံအောင် ကြိုးစားပါ့မယ်လို့ သစ္စာပြုကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ရေးထားပါတယ်။
အလားတူ အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်လင်းကိုလည်း စစ်ကောင်စီက တရားရုံးမှာ လာရောက်ရင်ဆိုင်ဖို့နဲ့ မလာရောက်ရင် နေအိမ်ကို ချိပ်ပိတ်မှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေနဲ့ ပါဝင်ပတ်သက်တယ် ဆိုပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေလည်း ရှိပါတယ်။
ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးက အသံတိတ်သပိတ်ကို ထောက်ခံ အားပေးလို့ဆိုပြီး သူ့ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူဖို့ အမိန့်ထုတ်ခဲ့ကြောင်း၊ သူထွက်ပြေးတဲ့နေ့မှာ စစ်ကောင်စီတပ်တွေ အိမ်ကို လာရှာခဲ့ကြပြီး လူကိုမဖမ်းမိလို့ နေအိမ်ကို ချိပ်ပိတ်သွားခဲ့ကြောင်း RFA ကို ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ ဖမ်းဆီးလိုတဲ့သူကို မတွေ့ရင် မိသားစုဝင်ရဲ့နေအိမ်ကို ချိပ်ပိတ် သွားတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ ကို ဖမ်းမမိတဲ့အတွက် ယောက်ခမဖြစ်သူ နေအိမ်ကို ချိပ်ပိတ်ခဲ့ပါတယ်။

ဒါ့အပြင် လူနေအိမ်တွေသာမက ဈေးဆိုင်တွေ အဆောက်အဦးတွေကိုလည်း စစ်ကောင်စီ က ချိပ်ပိတ်တာတွ ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က တန့်ဆည်မြို့က နေအိမ် ငါးလုံးကို PDF နဲ့ ဆက်နွယ် ပတ်သက်တယ်ဆိုပြီး ချိတ်ပိတ်ခဲ့သလို မန္တလေး အောင်မြေသာဇံက အကင်ဆိုင်တဆိုင် နဲ့ မဟာအောင်မြေမြို့နယ်က မဟာလူမှုကယ်ဆယ်ရေး အသင်းကို လည်း ဖေဖော်ဝါရီလထဲမှာ ချိပ်ပိတ်ခဲ့ပါတယ်။
ဒီလို စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုတွေဟာ တရားမဝင်ကြောင်းနဲ့ ဒါဟာ စစ်ကောင်စီက သူတို့ အာဏာတည်မြဲရေးအတွက် အဓမ္မ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ချိပ်ပိတ်ခံရသူတွေဟာ သူတို့ရဲ့ထင်ပေါ်ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေအတွက် လှုံ့ဆော်စည်းရုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အခုလို ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေကိ ချိပ်ပိတ်သိမ်းဆည်းနေမှုတွေဟာ တရားဥပဒေနဲ့မညီဘဲ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။