စစ်တွေကို ထပ်မံရောက်ရှိလာတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များ

မင်းသိန်းအောင်
2020.01.16

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခန့်ရှိတဲ့ အနက် အဲဒီအထဲက လူဦးရေ ၇၀၀ ခန့်ဟာ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတိုက်တွေမှာ ထွက်ပြေး ခိုလှုံနေကြရပါတယ်။

စစ်တွေမြို့မှာ အရင်က စစ်ဘေးဒုက္ခသည် ရာဂဏန်းလောက်သာရှိခဲ့ရာကနေ အခုနှစ်ဆန်းပိုင်းမှာ ထွက်ပြေး တိမ်းရှောင်လာကြသူတွေများလာလို့ အရေအတွက်တိုးလာနေတာပါ။

ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ က တစတစထွက်ပြေးလာကြသူတွေဟာ ဒီနေ့မနက်ပိုင်းအထိရှိနေဆဲပါ။

ပလက်ဝမြို့နယ် သဲမဝကျေးရွာကနေထွက်ပြေးလာတဲ့ ဒေါ်ချိုချိုဝင်းဟာ မိသားစုနဲ့အတူ စစ်တွေမြို့ မေတ္တာ ပါရမီကျောင်းကို ထွက်ပြေးလာတာ အချိန်တစ်လလောက်ရှိပါပြီ။

အိမ်ခြေ ၅၀ လောက်ရှိတဲ့ သူတို့ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေအိမ်အချို့လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားသလို ရွာသားတွေလည်း အားလုံးထွက်ပြေးနေကြရလို့ အခုတော့ရွာမှာ ဘယ်သူမှမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရွာကိုမပြန်တော့ဘဲ စစ်တွေမြို့မှာပဲ အခြေချနိုင်အောင်ကြိုးစားတော့မယ်လို့ ဒေါ်ချိုချိုဝင်းက ဆိုပါတယ်။

ရွာကိုမပြန်ချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဆွေမျိုးတွေလည်း မရှိတော့ပါဘူး။ အားလုံးပြန့်ကြဲနေ ကြတယ်။ အခုဒီနေရာမှာ နေလို့ရမယ့်နေရာတစ်ခုလောက်ရမယ်ဆိုရင် မုန့်လုပ်လို့ ရောင်းစားရစားရ ရောင်းစား ချင်ပါတယ်။ ရွာကိုတော့ မသွားချင်တော့ပါဘူး

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာကနေ စစ်တွေမြို့ကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကိုဇော်ဝင်း ထွန်းကလည်း ရွာကိုမပြန်တော့ဘဲ စစ်တွေမြို့မှာပဲ ကြုံရာကျပန်းလုပ်ပြီး သူတို့ရဲ့ဘဝခရီးကို စတင်တော့မယ်လို့ ဆိုပါတယ်။

ရွာမပြန်တော့ဘူး။ ဒီမှာပဲ ကြုံရာကျပန်းနဲ့ ဖြစ်သလိုလုပ်စားရမှာပေါ့။ ရွာကိုပြန်လို့လည်း မရတော့ဘူး။ ရွာကိုပြန်ရင်လည်း ကလေးတွေနဲ့ဆိုတော့ အဆင်မပြေဘူး။ ဒုက္ခတွေအမျိုးမျိုးရောက်ပြီး ပြေးလာရတာ။ အဝတ်မရှိ အစားမရှိပြေးလာရတာ။ ရွာက ကိုယ့်မှာရှိတာကို လုပ်မစားနိုင်ဘဲ ထွက်ပြေးနေရတာ။ နောက်ဆုံး ဒီကိုရောက်လာတဲ့အချိန်မှာတော့ ကျပန်းပဲလုပ်စားရမှာ

ကိုဇော်ဝင်းထွန်းဟာ စစ်တွေမြို့မှာ ခိုလှုံဖို့အဆင်ပြေနိုင်မယ့်နေရာတစ်ခုကိုရှာဖို့ သူ့အမျိုးသမီးနဲ့ကလေး ကို အရင်ဆုံးလွှတ်လိုက်ပြီးမှ သူလည်းနောက်ကနေ အပြီးတိုင်လိုက်လာခဲ့သူပါ။

အလားတူ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓဝိဟာရကျောင်းမှာလည်း ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကနေ စလို့ မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာသားတွေ တဖြည်းဖြည်းခိုလှုံလာနေကြတာ ဒီနေ့မနက်ပိုင်းအထိ ဆိုရင် လူပေါင်း ၁၃၀ ကျော်အထိရှိနေပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ကနဦးထွက်ပြေးခဲ့ကြပြီး ရပ်တည် ရေးအခက်အခဲတွေကြောင့် အဲဒီကနေတဆင့် စစ်တွေမြို့ကိုထွက်ပြေးရောက်ရှိလာကြတာပါ။

ထွက်ပြေးလာတဲ့ ဟင်းခရော်ကျေးရွာက လူကြီးတစ်ဦးဖြစ်သူ ဦးထွန်းယဉ်ဦးက နယ်မြေငြိမ်းချမ်းရင် အိမ်ပြန်ချင်တယ် လို့ဆိုပါတယ်။

ကျွဲ၊ နွား၊ ဝက်၊ လယ်တွေ၊ အိမ် အကုန်လုံးကိုထားခဲ့ရတာ။ ဘယ်မှာပဲနေနေ ကျွန်တော်တို့က မပျော်ပါဘူး။ ဘယ်လောက်ပဲစားရစားရ မပျော်ပါဘူး။ ကိုယ့်နေရာကိုယ့်ဒေသမှာ ကိုယ့်ဥယျာဉ်ခင်းလေးနဲ့ ကိုယ့်လယ်ကွက် လေးနဲ့ ကိုယ့်နေရာမှာနေရတာကိုပဲ ကျွန်တော်တို့ အမြဲတမ်းတန်ဖိုးထားပါတယ်။ အဲဒါနဲ့ ဒီနေ့စစ်ရေးပဋိပက္ခ အေးချမ်းလို့ရှိရင် ကျွန်တော်တို့ ဒီနေ့ပြန်မှာပါ

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ကျေးရွာနဲ့မလှမ်းမကမ်းမှာ တိုက်ပွဲဖြစ်တာ၊ အေအေအဖွဲ့တွေ ခိုလှုံ နေတယ်ဆိုတဲ့ သံသယနဲ့ရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာ စစ်ဆေးခံရတာ၊ အိမ်ပေါ် ကပစ္စည်းတွေကို အတင်းအဓမ္မလုယူခံရတာ၊ စစ်ပွဲတွေကြောင့် အလုပ်မလုပ်နိုင်ကြတာတွေစတဲ့ အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေးလာကြသူတွေပါ။

ဒေသခံတွေဘက်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အရင်လို အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နိုင်အောင် ငြိမ်းချမ်းရေးအတွက် နှစ်ဘက်ပြေပြေလည်လည်ဖြစ်ဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။

မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်တင်တင်ဝင်း က တိုက်ပွဲတွေ ရပ်စဲစေချင်ကြောင်းပြောပါတယ်။

ဒေသခံတွေရဲ့စိတ်ထဲမှာ ဘာတွေရှိလဲဆိုတော့ တိုက်ပွဲတွေမဖြစ်တာ အကောင်းဆုံးပေါ့။ သူတို့နှစ်ဦးနှစ်ဖက် မဖြစ်ကြဘူးဆိုရင် ကျွန်မတို့လည်း ကိုယ့်ဆီမှာသွားနေလို့ရတယ်။ သူတို့အချင်းချင်းအဲလိုမျိုးဖြစ်နေရင် ကျွန်မတို့လည်းနေလို့မရဘူး။ ကျွန်မတို့လည်းကြောက်တယ်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စစ်တွေမြို့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းကို ရသေ့တောင်မြို့နယ်က ထွက်ပြေးခိုလှုံ လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ ကျော်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီလ ၇ ရက်နေ့ မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခုလိုပြောဆိုခဲ့ပါတယ်။

"ရွှေ့ပြောင်းပြီးတော့လာကြတယ်၊ ဒီမှာအခက်အခဲတွေဖြစ်တယ်၊ ဒုက္ခရောက်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့လည်း ဒီကရွာခံလူကြီးတွေနဲ့အတူ ထပ်တူထပ်မျှစိတ်မကောင်းပါဘူး။ ဖြစ်လည်းမဖြစ်ချင်ပါဘူး။ မဖြစ်တာကတော့ အကောင်းဆုံးပဲပေါ့နော်။ ဒါပေမဲ့ ဖြစ်လာတော့လည်း ရင်ဆိုင်ရမှာပေါ့၊ ဖြေရှင်းရမှာပေါ့။ အဲတော့ အားလုံးက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည်ဖြစ်သွားရင်တော့ အကောင်းဆုံးပါပဲ။ ဒီအတွက် ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်

ရခိုင်ပြည်နယ်မှာ အခုနှစ်ဆန်းပိုင်းမှာပဲ စစ်ရေးပဋိပက္ခတွေ ပိုပြီးကြီးထွားလာနေသလို ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ရတာ၊ သေကြေထိခိုက်တာတွေလည်း ပိုများလာနေပါတယ်။

အရပ်သားတွေ သေဆုံးမှုက ပြီးခဲ့တဲ့ ၂၀၁၉ ကနေ ဒီနေ့အထိ လူဦးရေ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူဦး ရေ ၂၆၀ ကျော်အထိရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။