ရခိုင်မှာ စစ်တပ်ဘက်က အင်အားတိုးချ၊ လက်နက်ကိုင်နှစ်ဖွဲ့ကြား အားပြိုင်မှုတွေ ပိုများလာ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.09
ရခိုင်မှာ စစ်တပ်ဘက်က အင်အားတိုးချ၊ လက်နက်ကိုင်နှစ်ဖွဲ့ကြား အားပြိုင်မှုတွေ ပိုများလာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေရပ်စဲတာ အချိန်ဆယ်လ နီးပါး ရှိနေပေမယ့် စစ်တပ်ဘက်က အင်အားတွေ တိုးချဲ့တာတွေရှိသလို စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြားမှာလည်း အားပြိုင်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ချန်လှပ်ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်ကိုးခုကို ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ အပြန်အလှန် သဘောထားတွေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ တိုက်ပွဲတွေရပ်စဲခဲ့တာပါ။

ဒါဟာ အာမခံချက်မရှိတဲ့ ယာယီအပစ်အခတ် ရပ်စဲခြင်းသာဖြစ်ပြီး အခုလက်ရှိ မြေပြင်အခြေအနေမှာလည်း စစ်တပ်က တပ်စခန်းတွေကို မရုပ်သိမ်းသလို အချို့နေရာတွေမှာဆိုရင် နှစ်ဖက်တပ်စခန်းတွေ နီးနီးကပ်ကပ် နေရာယူပြီး အသင့်ပြင်ရင်ဆိုင်ထားကြဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် နေရပ်ပြန်ဖို့ ကြိုးစားနေတဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားတွေ နေရပ်ပြန်ဖို့ စိုးရိမ် နေကြတယ်လို့ တင်းမဆရာတော်က RFA ကို မိန့်ကြားပါတယ်။

“တိုက်ပွဲတွေမဖြစ်ဘူး အေးဆေးကျမယ်ဆိုလို့ရှိရင်တော့ အကုန်လုံးကတော့ ပြန်ချင်ကြတာပဲလေ။ ဒါပေမဲ့လည်း တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့အင်အား ဖြည့်တင်းတဲ့ဟာကိုကြည့်ပြီးတော့ တိုက်ပွဲဖြစ်နိုင်ချေ ရှိတဲ့ဟာတွေကိုလည်း ဦးပဇင်းတို့ ကြားလည်းကြားတယ် မြင်လည်းမြင်ရတယ်။ တိုက်ပွဲ ဖြစ်နိုင်ခြေကတော့ များပါတယ်။ အဲဒီလိုဆိုလို့ရှိရင်တော့ ပြန်သွားလို့ရှိရင်လည်း နောက်ထပ် စစ်ဘေးထပ် ရှောင်ရမလား အဲဒါတွေကိုလည်း စိတ်ပူမိတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ ဦးပဇင်းတို့ သားကောင်ဖြစ်သွားမယ်။ ပြန်လို့မဖြစ်ဘူး”

အိမ်ခြေငါးရာကျာ်ရှိတဲ့ တင်းမကျေးရွာဟာ ရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပြီး လူနေအိမ် တစ်ရာကျော်လည်း မီးလောင်ပြာကျသွားတဲ့ ကျေးရွာဖြစ်ပါတယ်။

အခုလက်ရှိ ခိုလှုံနေတဲ့ ကျောက်တော်မြို့ပေါ်က ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး တော်တော်လေးကို အခက်အခဲဖြစ်နေတာကြောင့် နေရပ်ကိုအမြန်ဆုံး ပြန်နိုင်ဖို့ ကြိုးစားနေကြတာပါ။

အလားတူပဲ ရသေ့တောင်မြို့နယ်မှာလည်း တိုက်ပွဲတွေ ရပ်စဲနေတဲ့ ဒီကာလအတွင်း စစ်တပ်ကအင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုဆိုရင် အငူမော်ဆိပ်ကမ်းမှာ စစ်တပ်က အင်အားဖြည့်တာ တစ်ထောင်ကျော်လောက်တောင် ရှိနေပြီလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အခုကျွန်တော်တို့ အငူမော်ဆိပ်ကမ်းမှာ မြင်နေရတာကတော့ တပ်အပြောင်း တပ်ရွှေ့လုပ်နေတာတွေကို မြင်ရတယ်။ ဆင်းတာက အယောက်တစ်ရာဆိုရင် ပြန်တက်လာတာက တစ်ရာ့ငါးဆယ်၊ နှစ်ရာ အဲဒီလို ပြန်တက်လာတယ်။ နယ်ခြားစောင့် အဝတ်တွေနဲ့လည်းပါတယ်။ ပြီးလို့ရှိရင် စစ်အဝတ်တွေနဲ့လည်း ပါတယ်။ အစိမ်းရော၊ အပြာရော ဝတ်စုံကိုယ်စီနဲ့လာတယ်။ လက်နက်တွေလည်း အပြည့်ပါတယ်။ သူတို့ အင်အားဖြည့်တော့ သုံးလေးခါ လောက်ရှိပြီဆိုတော့ လူပေါင်း တစ်ထောင်ကျော်လောက်တောင် အင်အားဖြည့်ပြီးသွားပြီထင်ပါတယ်”

ဒါကြောင့် ဒေသခံတွေဟာ တိုက်ပွဲပြန်ဖြစ်လာရင် ဆုံးရှုံးသွားမှာစိုးရိမ်တာကြောင့် အရင်းအနှီးတွေစိုက်ပြီး စီးပွားရေးတွေတောင် မလုပ်ရဲကြသေးဘူးလို့လည်းဆိုပါတယ်။

တစ်ဘက်မှာလည်း ရက္ခိုင့်တပ်တော် (AA) ရဲ့ နယ်မြေတာဝန်ခံတွေက ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် ကျေးရွာတချို့မှာ လုံခြုံမှုမရှိသေးတာကြောင့် နေရပ်ကို ပြန်မလာကြသေးဖို့ ပြောဆိုနေကြတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

army-in-rakhine
(ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဉီးကို ၂၀၁၉ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်) Photo: AFP

ရက္ခိုင့်တပ်တော် (AA) ဟာ အခု တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွကို AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနဲ့ အစားထိုးဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပြီး လက်နက်ကိုင်နှစ်ဖွဲ့ကြား အားပြိုင်မှုတွေ ရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ ရာဇဝတ်မှုခင်းတွေနဲ့ တရားဥပဒေ အဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းတွေ အားလုံးကို AA ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို တိုင်ကြားနိုင်ပြီလို့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သလို ရခိုင်ပြည်နယ်အတွင်းက ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင် အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေကြောင်း ကိုလည်း AAက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့တော်လှန်ရေးကဏ္ဍဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်းအထိ ခရီးရောက်နေပြီလို့လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

"အခုလောလောဆယ် AA ဟာလက်နက်ကိုင်ပဲ ရှိသေးတယ်။ သူတို့ကိုတိုင်ပြီးတော့ ပြဿနာဖြေရှင်းတာက တရားမဝင်ဘူး။

အခုလို AA က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတာကြောင့် ကျောက်ဖြူမြို့နယ်မှာ AA ရဲ့ တရား စီရင်ရေးနဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့ မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေကို ကျောက်ဖြူမြို့ ခလရ (၃၄) တပ်ရင်းက ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ အစည်းအဝေးခေါ်ယူပြီး ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာခြောက်ရွာက အုပ်ချုပ်ရေးမှူးတွေ အပါဝင် ရိုဟင်ဂျာ ၁၈ ဦးကို ရက္ခိုင့်တပ်တော် (AA) ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တွေကို လက်မခံကြဖို့ ကျောက်တော်မြို့ ခမရ (၃၅၇) တပ်ရင်းမှာ အစည်းအဝေးလုပ်ပြီး သတိပေးခဲ့ပါတယ်။

အဲဒီအစည်းဝေးကို တက်ရောက်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူးတစ်ဦး ကတော့ AA ရဲ့ တရားရုံးတွေမှာ တိုင်ကြားတာဟာ တရားမဝင်ဘူးလို့ စစ်တပ်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က AA ဟာတရားမဝင်ဘူးလို့ ပြောပါတယ်။ အခုလောလောဆယ် AA ဟာလက်နက်ကိုင်ပဲ ရှိသေး တယ်။ သူတို့ကိုတိုင်ပြီးတော့ ပြဿနာဖြေရှင်းတာက တရားမဝင်ဘူး။ အဲဒီပြဿနာကို ကျေးရွာတာဝန်ခံနဲ့ အုပ်ချုပ်ရေးမှူးတွေက တက်နိုင်သလောက် ဖြေရှင်းတာက တရားဝင်တယ်။ အဲဒီပြဿနာကို ရှင်းလို့ မရနိုင်ရင် မြို့နယ်ကိုတိုင်ရမယ်။ မြို့နယ်က ကွင်းဆင်းပြီးတော့ အဲဒီပြဿနာကို ဖြေရှင်းပေးမယ်။ အဲဒီလိုပြောပါတယ်”

အခုလက်ရှိ အခြေအနေမှာတော့ စစ်ကောင်စီရဲ့ တရားစီရင်ရေးကဏ္ဍတွေ မရှိတာကြောင့် အမှုအခင်း ကိစ္စအချို့ကို ရက္ခိုင့်တပ်တော် (AA) နဲ့ ကျေးရွာလူကြီးတွေကပဲ ဖြေရှင်းပေးနေရတယ်လို့ သူကဆိုပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ပြီး တိုက်ပွဲတွေ ရပ်နေတာလည်း မဟုတ်သလို နှစ်ဖက်အားပြိုင်မှုတွေလည်း ကြီးမားလာနေတာ တွေ့ရတာကြောင့် ထိန်းထိန်းသိမ်းသိမ်း မရှိဘူးဆိုရင် တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

rakhine refugees
(စစ်တွေမြို့က ဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို 2021 ဇွန် ၁၂ ရက်နေ့က တွေ့ရစဉ်) Photo: RFA

“AA နဲ့စစ်တပ်နဲ့က အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတော့ သဘောတူညီချက် ယူပြီးတော့ တိုက်ပွဲ တွေကို ရပ်စဲထားတာမဟုတ်ဘူး။ တစ်ဘက်ကလည်း သူတို့နယ်မြေ အခြေအနေအရ၊ သူတို့ရဲ့လိုအပ်ချက် အရ လူကြီးချင်း သဘောတူညီချက်လုပ်ထားတဲ့ သဘောလောက်ပဲဖြစ်တော့ စစ်ရေးပြင်ဆင်မှုတွေကို အကဲခတ်မှုတွေ ရှိမယ်၊ အကဲစမ်းမှုတွေရှိမယ်။ အဲဒီအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ထိန်းထိန်းသိမ်းသိမ်း မရှိဘူးဆိုရင် အချိန်မရွေး ပြန်ဖြစ်လာနိုင်ခြေရှိတယ်”

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အခုလို ပြည်သူအခက်အခဲတွေများတဲ့ ကာလမှာတော့ စစ်ရေးအရ ပြဿနာတွေ မတက်လာအောင် ရှောင်ရှားဖို့ တပ်မှူးတွေကိုတော့ ညွှန်ကြားထားပေမယ့် သည်းခံ နိုင်တဲ့အတိုင်းအတာက အကန့်အသတ်ရှိကြောင်း၊ စစ်ရေးအရ လိုအပ်ရင် လိုအပ်သလို စဉ်းစားသွားမယ်လို့လည်း မကြာသေးခင်က အာရက္ခမီဒီယာနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်ဘက်က အင်အားတိုးချနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပြင် စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

RFA ကကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အဲဒီစစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၇၃၀ ဦးအထိရှိပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ဟာလည်း အခုအချိန် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။