ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အေအေ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲ

RFA Burmese
2022.11.28
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အေအေ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
YE AUNG THU / AFP

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကစလို့ ဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေဟာ လေးလကျော်အကြာမှာ ထပ်မံရပ်စဲသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်သူလူထုတွေ စစ်ဘေးကြောင့် ခံစားနေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ရှေးရှုပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲခဲ့တာလို့ ရက္ခိုင့် တပ်တော် (AA) က နိုဝင်ဘာ ၂၈ ရက်နေ့ ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

"ပေးထားတဲ့ ကတိကဝတ်တွေသာ တည်မယ်ဆိုရင်တော့ တိုက်ပွဲတွေကို ရေရှည်ရပ်တန့်ဖို့အထိ ဖြစ်လာနိုင်တယ်"

ဒီတစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းဖို့ အရေးတကြီး လိုအပ်နေတာကြောင့် ယာယီအပစ်အခတ်ရပ်စဲခဲ့တာလို့လည်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

“လောလောဆယ်မှာ ကျနော်တို့ ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးက စားနပ် ရိက္ခာ၊ ဆေးဝါးတွေနဲ့ အခု စပါးရိတ်သိမ်းရာသီမှာ ရိတ်သိမ်းနိုင်ဖို့ အရေးတကြီး လိုအပ် နေပါတယ်။ ရခိုင်ပြည်သူလူထုခံစားနေရတဲ့ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြည်သူလူထု အကျိုး စီးပွားကို မဏ္ဍိုင်ပြုလို့ အဓိကထား ရှေးရှုပြီးတော့ မြန်မာတပ်မတော်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲမှုတစ်ခုကို အလွတ်သဘောလုပ်ဆောင်ခဲ့ ပါတယ်”

တိုက်ပွဲရပ်စဲထားပေမယ့် ရက္ခိုင့်တပ်တော် (AA) က လက်ရှိ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကနေ ဆုတ်ခွာသွားမှာမဟုတ်သလို ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးရပ်တည်ချက်ကလည်း နဂိုအတိုင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲရပ်စဲလိုက်တာကြောင့် ဝမ်းသာမိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ကျနော့်အနေနဲ့တော့ ဝမ်းသာကြိုဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တော်တော် လေးကို ဒုက္ခရောက်နေကြပြီ။ တိုက်ပွဲဖြစ်လို့ လက်နက်ကြီးကျလို့ အပြင်မထွက်ရဲတာ တွေ၊ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ဆို့ထား တွေကြောင့် တော်တော်လေးကို အခက်အခဲဖြစ်တယ်။ အဓိက လယ်သမားတွေပေါ့။ စပါးရိတ်လို့မရဖြစ်နေတာ။ အခု လေးငါးရက်အတွင်းမှာတော့ စပါးတွေရိတ်နိုင်ပြီပေါ့။ လမ်းကလည်း အတော်အသင့် ဖွင့်ပေးတယ်ဆိုတော့ ကုန်စည်စီးဆင်းမှုကလည်း အဆင်ပြေလာတာပေါ့”

စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်ချိန် ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေကို ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းတွေကို ပိတ်ဆို့ကန့်သတ် ထားခဲ့တာပါ။ ဒါကြောင့် အဲဒီ ၁၁ မြို့နယ်က ဒေသခံ ၂ သန်းကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေ၊ ကျန်းမာရေး အပါအဝင် အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ကြရပါတယ်။

အခုတိုက်ပွဲရပ်စဲလိုက်တာကြောင့် ကုန်းလမ်းတချို့ကို စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးပြီးဖြစ်သလို ကာလရှည်ကြာပိတ်ဆိုထားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရေကြောင်းခရီးစဉ်တွေဟာလည်း ဒီနေ့မှာပဲ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်အနေနဲ့ အခုပေးတဲ့ ကတိကဝတ်တွေမတည်ရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေရှိတယ်လို့ ထောက်ပြပါ တယ်။

“အပစ်အခတ်ရပ်စဲတယ်ဆိုကတည်းက ပြည်နယ်အေးချမ်းသာယာမှုတော့ ရှိလာမယ်။ လူတွေရဲ့ စားဝတ်နေရေးက အရင်ကထက်ကောင်းလာမယ်။ လမ်းပန်းဆက်သွယ်ရေး တွေ၊ ဖမ်းဆီးခံရမှုတွေ၊ အဲဒါတွေကတော့ မကြာခင်မှာ မြင်ရမှာပါ။ ဒါပေမဲ့ ရေရှည်ကျ တော့ အခုပေးထားတဲ့ ကတိကဝတ်တွေသာ တည်မယ်ဆိုရင်တော့ တိုက်ပွဲတွေကို ရေရှည်ရပ်တန့်ဖို့အထိဖြစ်လာနိုင်တယ်။ အခုကိစ္စတွေကို မလုပ်ပေးဘူးဆိုရင် ယုံကြည်မှု ပျက်သွားလိမ့်မယ်။ အဲဒီအခါကျရင်တော့ ပြန်ပြီး သေနတ်သံတွေ ကြားရမယ်”

d5f95e56-a2b2-4aa4-bb3a-c887e8017037.jpeg
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ကောင်စီတပ်အနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျတက္ကသိုလ်တစ်ခုမှာ စစ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို‌ လေ့လာနေတဲ့ ကိုကျော်စောဟန် ကတော့ အခု ရက္ခိုင့်တပ်တော် (AA) က တိုက်ပွဲရပ်စဲတာဟာ မဟာဗျူဟာကျကျ နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“AA ကတော့ ပထမတစ်ကြိမ်အပစ်ရပ်တုန်းကလည်း အပစ်ရပ်ကာလတွေကို အင်အားတည်ဆောက်တဲ့ကာလ လို့ သဘောထားပြီးတော့ တည်ဆောက်တဲ့ပုံစံကို တွေ့ရတာပေါ့နော်။ ဒီကာလမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို တော်တော်ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်တာတွေ့ရတယ်ပေါ့နော်။ ဒီကြားထဲမှာ အပစ်အခတ်ရပ်စဲရေး ခဏတာပျက်သွားတာကို တွေ့ရတယ်။ AA နဲ့ နစကတပ်တွေ တိုက်ပွဲဖြစ်ပြီးတော့ နစက တပ်တွေ ဆုတ်ခွာလိုက်ရပြီး AA အနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင် ၃၀လောက်ကို ထိန်းချုပ်လာတာတွေ့ ရတယ်။ ဒီအခြေအနေနဲ့ တိုက်ပွဲရပ်လိုက်ရင်လည်း AA အနေနဲ့ တန်တယ်ပေါ့နော်။ အဲဒီတော့ AA အနေနဲ့ သူတို့ လိုချင်တာကို ဖြည်းဖြည်းချင်းမဟာဗျူဟာကျကျ ဖဲ့ယူနေတာလို့မြင်ပါတယ်။ အခုအပစ်ရပ်တာလည်း နောက်တစ်ဆင့် တက်ဖို့ သွားနေတယ်လို့ ယူဆရပါတယ်”

အခုလို ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲရပ်စဲတာဟာ ဘယ်အချိန်အထိဆိုတာကိုတော့ စစ်ကောင်စီကရော ရက္ခိုင့်တပ်တော် (AA) ကပါ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းသလိုမျိုး တည်ငြိမ်နေတဲ့အနေအထားကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်တာလို့ RFA ကိုပြောပါတယ်။

“ရခိုင်ပြည်နယ်ဘက်မှာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံး ငြိမ်းချမ်းနေခဲ့တာကို အားလုံးအမြင်ပဲဖြစ်တယ်။ ကျန်တဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ တစ်ရာ ရာခိုင်နှုန်းမဖွင့်နိုင်တဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ အားလုံးနီးပါးဖွင့်နိုင်တာ။ ဆေးရုံဆေးခန်းတွေလည်း အားလုံးနီးပါးဖွင့်နိုင်တာ တွေ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးအရသာကို အားလုံးခံစားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို ယခင်ကတည်ရှိခဲ့တဲ့ တည်ငြိမ်နေတဲ့အနေအထားတွေကို ဆက်လက် ထိန်းသိမ်းနိုင်အောင်လို့ တပ်မတော်အနေနဲ့လည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ တစ်နှစ်ကျော်ကြာတိုက်ပွဲ ရပ်စဲခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်းကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။

RFA ကသီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ဒီတစ်ကျော့ပြန်တိုက်ပွဲအတွင်းမှာ ရခိုင် ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။  

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။