ရခိုင်တိုက်ပွဲအတွင်း နစ်နာခဲ့သူတွေအတွက် နှစ်ဖက်လုံး တာဝန်ယူမှုမရှိ
2022.12.20

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ လူသားချင်းစာနာမှုအရဆိုပြီး နှစ်ဖက်စလုံးက အပစ်ရပ်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှာ ပြန်စခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် ဒေသခံ ၄၅ ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၀၆ ဦးနဲ့ နေအိမ်ကိုးလုံး မီးလောင် ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲရဲ့ အကျိုးဆက်အဖြစ် မိဘမစုံတော့တဲ့ သားသမီးတွေ၊ သားသမီးမစုံတော့တဲ့ မိဘတွေ၊ မသန်စွမ်း ဖြစ်သွားသူတွေနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေအတွက်ကတော့ အခုအထိ ဘယ်သူကမှ တာဝန်ယူ ဖြေရှင်းမပေးကြပါဘူး။
ဒီအထဲမှာ ဒေသခံ ကိုးဦးအသတ်ခံရပြီး နေအိမ်တွေပါ မီးရှို့ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာလည်း ပါဝင်ပါတယ်။
အခုတိုက်ပွဲရပ်သွားပေမယ့် ဘယ်အဖွဲ့ကမှ တာဝန်ယူ၊ တာဝန်ခံမယ့်သူ မရှိဘူးလို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ ဆင်အင်းကြီးရွာခံ ဦးထွန်းတင်က RFA ကိုပြောပါတယ်။
“အခု တိုက်ပွဲကတော့ ရပ်သွားပြီ။ နှစ်ဖက်တိုက်ပွဲချိန်က စစ်ကောင်စီတပ်က ရွာထဲကိုလာပြီး ကျနော့်အိမ်ကို မီးရှို့သွားတယ်။ အခုအထိ တာဝန်ယူမယ့်သူ တာဝန်ခံမယ့်သူလည်း တစ်ယောက်မှမရှိဘူး။ ဆုံးရှုံးနစ်နာသွားတဲ့ ကျနော်တို့မှာတော့ ဘယ်လိုဆက်လုပ်ရမယ် ဆိုတာတောင် မပြောတတ်တော့ဘူး။ ဘယ်သူ့ဆီ သွားတောင်းလို့ ရမလဲ”
အသက်အရွယ်ကြီးချိန်မှာမှ နှစ်ရှည်လများ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ နေအိမ်အပြင် ပိုင်ဆိုင်သမျှပါ ပျက်စီးသွားတာကြောင့် ဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားပြီလို့ ဦးထွန်းတင်က ဆိုပါတယ်။
ဆင်အင်းကြီးရွာနားမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကားတန်းကို AA အဖွဲ့ ကြားဖြတ်တိုက်ခိုက်ပြီးနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာပြီး ဒေသခံ ကိုးဦးကို သတ်ဖြတ်ခဲ့သလို လူနေအိမ် ကိုးလုံးကိုပါ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်မီးရှို့ခံလိုက်ရတဲ့ ဆင်အင်းကြီးရွာသား ဦးခိုင်ထွန်းစိန်ကတော့ စစ်ကောင်စီ တပ်သားတွေ ရွာထဲဝင်လာပြီး နေအိမ်တွေမီးရှို့တာကို ကိုယ်တိုင်တွေ့ခဲ့ရတာလို့ ပြောပါတယ်။
“အဲဒီနေ့က သူတို့တွေ စပါးစက်ဘက်ကဝင်လာတာ။ ဦးလေးက အိမ်ထဲမှာထိုင်နေတာ။ ပြီးတော့ ဒီအိမ် နှစ်ဆောင်ကို သူတို့မီးရှို့တယ်။ သူတို့မီးရှို့တာကို မြင်လိုက်တယ်။ ပြီးရင် သူတို့ ဟိုဘက်လမ်းကြားကို ၀င်တဲ့ အချိန်မှာ တွေးမိတာက ဒီကောင်တွေ ငါ့အိမ်ကိုလည်း မီးရှို့တော့မယ်၊ ငါ့ကိုလည်း မီးဖိုထဲထည့်ပစ်ခဲ့မှာပဲ အဲလိုတွေးပြီး ငါလည်းလမ်းအတိုင်း ဘုန်းကြီးကျောင်းကို ထွက်ပြေးခဲ့ရတယ် ”
ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ ရွာသားတွေဟာ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားချိန် နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်း ရွာထဲပြန်ကြည့်ချိန်မှာတော့ သေနတ် ဒဏ်ရာနဲ့ ရွာသားကိုးဦးအလောင်းကို တွေ့ခဲ့တာလို့ ဆိုပါတယ်။
"အိမ်ဆုံးရှုံးသွားတာထက် ယောက်ျား ဆုံးရှုံးသွားတာကို အများကြီး ခံစားရတယ်။"
အဲဒီအထဲမှာ ဒေါ်လှိုင်မေနုရဲ့ အမျိုးသား အသက် (၄၄) နှစ်အရွယ် ဦးမောင်မောင်သိန်း လည်း ပါဝင်ပါတယ်။
နေအိမ်လည်း မီးရှို့ခံလိုက်ရသလို အားကိုးစရာအမျိုးသားလည်း အသတ်ခံလိုက် ရတာကြောင့် နေ့စဉ်နဲ့အမျှ ဝမ်းနည်းကြေကွဲနေရတယ်လို့ ဒေါ်လှိုင်မေနုက RFA ကို ပြောပါတယ်။
“ဆုံးရှုံးသွားတာတွေအတွက်တော့ အများကြီးခံစားရတာပါပဲ။ အိမ်ဆုံးရှုံးသွားတာထက် ယောက်ျား ဆုံးရှုံးသွားတာကို အများကြီး ခံစားရတယ်။ ယောက်ျားရှိချိန်က သူ လယ်လည်းလုပ်တယ်။ ကားလည်း မောင်းတယ်။ အမမှာ အားလုံးအဆင်ပြေတယ်။ အဲဒီအချိန်က ဘာမှစိုးရိမ်စရာမရှိဘူး။ အခုတော့ အမမှာ ဘာမှမရှိတော့ဘူး။ စဉ်းစားရင် ဝမ်းနည်းတာနဲ့ပဲ အဖတ်တင်တယ်။ အခုအချိန်မှာ အိမ်တစ်ဆောင်ရဖို့ကလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူး”
ဒေါ်လှိုင်မေနုဟာ အခုတော့ ၁၉ နှစ်နဲ့ သုံးနှစ်အရွယ် သားနှစ်ဦးနဲ့အတူကျန်ခဲ့ပြီး သူများတွေ ထောက်ပံ့တာနဲ့ စားသောက် နေထိုင်နေရတာကြောင့် ဘယ်လိုဆက်လက် ရပ်တည်ရမလဲ စဉ်းစားမရဖြစ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းကလည်း တိုက်ပွဲအတွင်း နစ်နာသူတွေ အတွက် တရားမျှတမှုရဖို့နဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အပြစ်ပေး အရေးယူဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“ အခု တိုက်ပွဲကာလကလည်း ပြီးဆုံးသွားပြီ။ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တိုက်ပွဲရပ်စဲတာလို့ နှစ်ဖက်စလုံးက ပြောထားတယ်။ အခုတော့ နည်းနည်းငြိမ်သက် နေတယ်။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေမှာ သေဆုံးမှုတွေရှိတယ်၊ နေအိမ်တွေ မီးရှို့ခံရမှုတွေရှိတယ်။ ဒီဆုံးရှုံးမှုတွေကို ဘယ်လိုလုပ်ပြီး တရားမျှတမှု ရအောင် လုပ်မလဲ။ တာဝန်အရှိဆုံးကတော့ စစ်ကောင်စီရဲ့ အကြီးအကဲတွေမှာ တာဝန်ရှိပါတယ်။ ကျူးလွန်တဲ့သူတွေကို ထိုက်ထိုက်တန်တန် အရေးယူသင့်တယ်လို့ ပြောချင်ပါတယ်”
ဆင်အင်းကြီးရွာကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို သတင်းထုတ်ပြန်တာလည်း မရှိခဲ့ပါဘူး။

တစ်ကျော့ပြန် တိုက်ပွဲအတွင်း နစ်နာခဲ့သူတွေအတွက် တရားမျှတမှုရဖို့ ဘယ်လို လုပ်ဆောင်နေလဲဆိုတာ သိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။
အမျိုးသားရောနေအိမ်ပါ ဆုံးရှုံးခဲ့ရတဲ့ ဒေါ်လှိုင်မေနုကတော့ ပူပင်သောကတွေနဲ့ ဘာဆက်လုပ်ရမလဲ ဝေခွဲမရ ဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။
“အိမ်အရိပ်လည်းမရှိ၊ ယောကျ်ားအရိပ်လည်းမရှိ ပူပင်စရာတွေပဲရှိတယ်။ မီးပုံထဲမှာ နေရတာနဲ့လည်း မတူ။ နေပူပြင်မှာ နေရတာနဲ့လည်း မတူ။ နေအိမ်ဆုံးရှုံးသွားလို့ စိတ်ဝေဒနာခံစားရမလား၊ ယောက်ျားဆုံးရှုံးသွားလို့ ပူပင်သောကရောက်ရမလား အမရဲ့ဘဝမှာ”
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ပထမအကြိမ် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီး RFA ကပြုစုထားတဲ့စာရင်းအရ ဒေသခံ ၃၂၀ ကျော် သေဆုံးခဲ့သလို ၇၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။
ပထမအကြိမ်တိုက်ပွဲမှာ နစ်နာခဲ့ရတဲ့ ဒေသခံတွေအတွက်တောင် အခုအချိန်အထိ တရားမျှတမှု မရသလို ထိရောက်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေကလည်း မရကြသေးပါဘူး။
လက်ရှိ နှစ်ဖက်တပ်တွေ တိုက်ပွဲရပ်တာဟာ ယာယီရပ်စဲမှုသာဖြစ်လို့ နောက်တစ်ခါ တိုက်ပွဲတွေပြန်ဖြစ်ရင် အခုလိုပဲ သေဆုံးမှု၊ မီးရှို့ခံရမှု စတဲ့နစ်နာမှုတွေ ထပ်မံကြုံတွေ့ ရမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။