ရခိုင်အင်အားကြီးပါတီ ANP ကို စစ်ကောင်စီ ခေါ်ယူသတိပေး
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေသလို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ရဲ့ အခက်အခဲတွေကို ထုတ်ဖော် ပြောဆိုသူတွေကိုလည်း စစ်ကောင်စီဘက်က သတိပေး ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ရခိုင် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အဲဒီလို သတိပေးခံရတဲ့အထဲမှာ ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင် အမျိုးသားပါတီ (ANP) လည်း ပါဝင်ပါတယ်။
ANP ပါတီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်တွင်း စစ်ရေးအခြေ အနေတွေနဲ့ ပတ်သက်ပြီး အချက်လေးချက်ပါတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ သတိပေးတာ ခံခဲ့ရ ပါတယ်။
"နောက်နောင် သဘောထား ကြေညာချက်ထုတ်ပြန်ရင် ဥပဒေနည်းဥပဒေတွေကို လိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ကို အသိပေးတယ်လို့ ပြောလို့ရသလို သတိပေးတယ်လို့လည်း ပြောလို့ရတယ်"
အဲဒီထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့ မနေ့က စစ်ကောင်စီရုံးစိုက်ရာ နယ်ပြည်တော်မှာရှိတဲ့ UEC ရုံး ကို ခေါ်ယူသတိပေးခံရတယ်လို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက RFA ကို ပြောပါတယ်။
“ဒီထုတ်ပြန်ချက်က နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေဆိုတာရှိတယ်။ အဲဒီ ဥပဒေ မှာပါတဲ့ ပုဒ်မတချို့နဲ့ ငြိစွန်းတယ်လို့ သူတို့အဲဒီလို သုံးသပ်တယ်။ အဖွဲ့နှစ်ဖွဲ့ကြားထဲမှာ တစ်ဖက်သတ်ဆန်တယ်ဆိုတဲ့ အမြင်မျိုး သူတို့ပြောတယ်။ လောလောဆယ်တော့ ကျနော်တို့ကို အရေးယူဖို့ ပြောတာတော့မရှိဘူး။ နောက်နောင် သဘောထား ကြေညာ ချက် ထုတ်ပြန်ရင် ဥပဒေ နည်းဥပဒေတွေကို လိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ကို အသိပေးတယ်လို့ ပြောလို့ရသလို သတိပေးတယ်လို့လည်း ပြောလို့ရ တယ်”
ရခိုင်ပြည်သူတွေ ခံစားနေရတာ၊ ထိခိုက်နစ်နာနေတာတွေအပေါ်မှာ အဓိကရည်ရွယ်ပြီး ဒီကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်လည်း ANP အနေနဲ့ ရခိုင်ပြည်သူတွေအရေး တွေကို ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ANP ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ရပ်ကွက်၊ ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင်ဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ပါဝင်ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ပြန်ဖွင့်ပေးဖို့နဲ့ တိုက်ပွဲနဲ့ မပတ်သက်တဲ့နေရာတွေ အပါအဝင် မြို့နယ်တချို့က ကုန်းလမ်း၊ ရေလမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတာ ဟာ ဒေသခံတွေရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်နေတာလို့လည်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
ANP ပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီဟာ သူတို့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဖုံးဖိဖို့ကြိုးစားနေ တာလို့ ဝေဖန်ပါတယ်။
“ကျနော်ကိုယ်တိုင်ကလည်း ၅၀၅ (က)၊ ၆၆ (ဃ) တို့နဲ့ တရားစွဲခံထားရတာပဲ။ တခြားသူတွေကိုလည်း သူတို့ကို ဝေဖန်ရင် ပြောဆိုရင် ဖမ်းဆီးမှာပဲ။ ဒါက ဒီကနေ့ ဖြစ်နေတဲ့အခြေအနေတွေကို ဖုံးဖိထားဖို့ကြိုးစားတာပဲ။ ဒါက ရည်ရွည်ချက်ရှိရှိနဲ့ကို လုပ်နေတာဖြစ်တယ်။ သူတို့မြေပြင်မှာ လက်ရဲဇက်ရဲလုပ်တာတွေကို ဘယ်သူမှ မပြောရဲမဆိုရဲအောင်၊ ဘယ်သူမှငါတို့လုပ်တာကို မပြောရဲဘူးဆိုတဲ့ နိုင်ကွက်ကို ကိုင်ထားချင်တဲ့သဘောလည်း ဖြစ်တယ်”
ဦးဖေသန်းဟာ နှစ်ဖက်စစ်ရေး အခြေအနေနဲ့ပတ်သက်ပြီး ရခိုင်အခြေစိုက် DMG သတင်းဌာနကို ဖြေဆိုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြေပုံမြို့နယ်ရဲစခန်းက ပုဒ်မှုနှစ်ခုနဲ့ အမှုဖွင့်ခံထားရပါတယ်။
စစ်ကောင်စီဟာ သူတို့ အကျိုးစီးပွားတွေကို ထိခိုက်မယ့် ပြောဆိုရေးသားသူတွေ အကုန်လုံး ဖမ်းဆီး ချုပ်နှောင်တာတွေ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကောင်စီကို သူတို့လုပ်ရပ်တွေမှားတယ်၊ ဒါလူ့အခွင့်ရေး ချိုးဖောက်တာဖြစ်တယ်၊ လက်ရှိဖြစ်နေကြတဲ့ အခင်းအကျင်းတွေအပေါ်မှာ ပြောဆိုနေတဲ့အဖွဲ့အစည်းတွေ၊ နိုင်ရေးသမားတွေ၊ တစ်သီးပုဂ္ဂလတွေ ဒီလိုလူတွေကို ဖမ်းဆီးတာကတော့ ပုံမှန်ရှိတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တို့ကို ပိတ်ဖို့က သူတို့ ဝန်မလေးဘူး။ သူတို့ အကျိုးစီးပွားတွေကို ထိခိုက်မယ့် ပြောဆိုရေးသားနေတဲ့ သူတွေအကုန်လုံးကို ဖမ်းဆီးချုပ်နှောင်မှာပဲ”
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ် စစ်ရေးပဋိပက္ခအတွင်းမှာလည်း ဒီလိုပုံစံမျိုးတွေ လုပ်ဆောင်ခဲ့ပြီး အခုက ပိုဆိုရွားတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလို ပိတ်ပင်တားမြစ်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ရခိုင်နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်ရင် နှစ်ဖက်လုံးကို နိုင်ငံရေးနည်းနဲ့အဖြေရှာကြဖို့ တိုက်တွန်း ပြောဆိုသင့်တယ်လို့ ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့ကာလကတော့ AA နဲ့တပ်နဲ့က တော်တော်လေး အဆင်ပြေတဲ့အခြေအနေမှာ ရှိတယ်ပေါ့နော်။ အဲဒီ ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိလာတော့ ပြည်သူလူထု ဒုက္ခရောက်တာ ဘာညာ ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ပါတီတွေက ကြေငြာချက်တွေ ထုတ်မယ်၊ တောင်းဆိုမယ်ဆိုရင် အစိုးရကိုပဲ တောင်းဆို မယ်ဆိုရင်တော့ မမျှတဘူးပေါ့ဗျာ။ ခင်ဗျားတို့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် ပြည်သူလူထုကို ဒုက္ခမရောက်စေချင်ဘူးဆိုရင် နိုင်ငံရေးအရ ဆွေးနွေးမှ အဖြေရှာလို့ ရမယ်”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီး အရပ်ထား ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီး ခံရတာတွေ နေ့စဉ်တိုးလာနေပါတယ်။
RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ အခုတစ်ကျော့ပြန် တိုက်ပွဲအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးအထိ ရှိပြီ ဖြစ်ပါတယ်။
၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်း AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၁၇ဝ ခန့်ရှိပြီး လက်ရှိအချိန်အထိ ၉ဝ ကျော် ပြန်မလွတ်သေးဘူးလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကိုဖြေဆိုထားပါတယ်။