ရခိုင်မှာ သုံးလအတွင်း အရပ်သား ၁၅ ဦး သေဆုံး၊ ၅၇ ဦး ဒဏ်ရာရ

2022.10.18
ရခိုင်မှာ သုံးလအတွင်း အရပ်သား ၁၅ ဦး သေဆုံး၊ ၅၇ ဦး ဒဏ်ရာရ လက်နက်ကြီးကျရောက်ခဲ့သည့် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်၊ ကန်ပေါက်ရွာအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ကျောက်တော်မြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတစ်ဦးနဲ့ ကျောင်းဆရာမ တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ မင်းပြားမြို့နယ် ဖလောင်းပြင်ရွာက အသက် ၁၀ ကျော်အရွယ် မဆန်းနွယ်စိုး၊ အသက် ၂၃ နှစ်အရွယ် မလှဆန်းယဉ်၊ ထောင့်ချောင်းကြီးရွာက အသက် ၄၈ နှစ်ရွယ် ကျောင်းဆရာမ ဒေါ်မြမြဇာနဲ့ ကျောက်တော်မြို့နယ် ပိုက်သည်ရပ် ကန်ပေါက်ရွာ က ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် မယာစ်မိနာတို့ ဖြစ်ပါတယ်။

“သူတို့လက်နက်ကြီးပစ်တာက တောင်ပေါ်တွေကို ပစ်တာမဟုတ်ဘူး။ ရွာတွေကိုပဲ ပစ်တာ"

မင်းပြားမြို့နယ်မှာတော့ မနေ့က ဖလောင်းပြင်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်ခတ်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ သေဆုံးသွားတဲ့ ညီအစ်မ နှစ်ယောက်ရဲ့ မောင်ဖြစ်သူ ကိုခင်မောင်ကျော် က RFA ကို ပြောပါတယ်။

“ကျနော့် အစ်မမှာတော့ နောက်ကျောမှာ တစ်ချက်ဒဏ်ရာရတယ်။ ပြီးရင် ဒူးအလွန်က ပေါင်မှာ အကုန်လုံး ပြတ်ထွက်သွားတယ်။ ကျနော့်ညီမလေးမှာတော့ မျက်နှာမှာ တိုက်ရိုက်ကျတာ။ မျက်လုံးနှစ်လုံးစုံထွက်သွားတယ်။ သူက စကားတောင်ပြောဖို့မရဘူး။ သူက သစ်ပုတ်တောင် ဆေးရုံမှာသေတယ်။ ကျနော်ကတော့ အစ်မကို ပေါက်တော ဆေးရုံကို သွားပို့တယ်။ ကျနော့်အစ်မလည်း စွန်ရဲတံတားလွန်တာနဲ့ ဆုံးသွားတယ်။ မနေ့က ၆နာရီ လောက်မှာပင် သူတို့ကို သင်္ဂြိုဟ်လိုက်ရပါတယ်”

မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို ရက္ခိုင့် တပ်တော် (AA) က မိုင်းဆွဲ တိုက်ခိုက်ပြီးနောက်ပိုင်း မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ - ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်စခန်းတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာမှာ ရွာကို ကျရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ဖလောင်းပြင်၊ ဆင်ကြီးပြင်၊ တန်းပြင်းကြီးနဲ့ အနီးအနားရွာတွေ က ဒေသခံ ၁၀ ဦး ထိခိုက် ဒဏ်ရာရသွားပြီး မင်းပြားနဲ့ ပေါက်တောဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ဒေသခံတွေ က RFA ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးတွေဟာ ကျေးရွာတွေဘက်ကို အဓိက ကျရောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလောင်းပြင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

“သူတို့လက်နက်ကြီးပစ်တာက တောင်ပေါ်တွေကို ပစ်တာမဟုတ်ဘူး။ ရွာတွေကိုပဲ ပစ်တာ။ ဖလောင်းပြင်ရွာ ရယ် ပြီးတော့ ထောင့်ချောင်းကြီးရွာရယ်၊ သမင်ခြေရာရွာရယ် အကုန်လုံးရွာတွေကိုပဲပစ်တာ သူတို့က။ ရက္ခိုင့် တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရင်လည်းဖြစ် အခုက ပြည်သူတွေနေတဲ့ရွာထဲကို လှမ်းပစ်တာလေ။ လူသားချင်းမစာနာဘဲနဲ့ ပြည်သူတွေကိုပဲ နစ်နာအောင်လုပ်နေတာ သူတို့က”

ကျောက်တော်မြို့မှာတော့ မနေ့ညနေက ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီးနောက် ကစ္ဆပနဒီ တံတားအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ရာမှာ ပိုက်သည်ရပ် ကန်ပေါက်ရွာမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ မယာစ်မိနာ ကျည် ထိမှန်လို့ သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားနဲ့ ကျောက်တော်မြို့နယ်က ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ပြည်သူ တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ RFA ကို ယခင်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့မျှ အရပ်သား ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေဟာ နေစဉ်နဲ့ အမျှ တိုးလာနေတာပါ။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ တစ်ကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က စလို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့အထိ သုံးလတာကာလ အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက် ငယ်၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၅ ဦးနဲ့ ဒဏ်ရာရ သူ ၅၇ ဦးအထိ ရှိလာနေပါတယ်။

ဒီသုံးလတာကာလအတွင်း မင်းပြားမြို့နယ်မှာ သေဆုံးသူ လေးဦး၊ ဒဏ်ရာရသူ ၂၈ ဦး၊ ကျောက်တော်မြို့နယ်မှာ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ ရှစ်ဦး၊ မြောက်ဦးမြို့နယ်မှာ သေဆုံးသူ လေးဦး၊ ဒဏ်ရာရသူ ၁၂ ဦး ရှိပါတယ်။ မောင်တောမြို့နယ်မှာ သေဆုံးသူ တစ်ဦး၊ ဒဏ်ရာသူ တစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒဏ်ရာရသူလေးဦး၊ ဘူးသီးတောင် မြို့နယ်မှာ သေဆုံးသူနှစ်ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူလေးဦး၊ စုစုပေါင်းသေဆုံးတဲ့ အရပ်သား ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၅၇ ဦး ရှိနေ တာပါ။

Kyauktaw nagaya village.jpg
ကျောက်တော်မြို့နယ် နဂရာရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ပျက်စီးသွားသည့်နေအိမ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Ann Thar Gyi)

သေဆုံးသူတွေအထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ငါးဦးပါဝင်ပြီး ဒဏ်ရာရတဲ့ ကလေးကတော့ ခြောက်ဦးရှိပါတယ်။

ကျောက်တော်မြို့နယ် နဂရာရွာက ဒေါ်ဘုဝိုင်းကတော့ အသက် ခုနစ်နှစ်ရွယ် သားဖြစ်သူ မောင်ကြီး (ခေါ်) မောင်ကိုနိုင်ဟာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ဒီနေ့အထိ တရားမျှမှု မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“သားလေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးသွားပြီ။ မရှိ ဆင်းရဲနဲ့ ဆန်အိတ် ထမ်းပြီး ရှာကျွေးထားတာ။ အစိုးရကတော့ ဘာမှမပြောဘူး။ လာပြီး စစ်ဆေးတာလည်းမရှိဘူး။ အခုအချိန်ထိ တရားမျှမှုလည်း ဘာမှမရဘူး”

မောင်ကြီး (ခေါ်) မောင်ကိုနိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ည ၁၁ နာရီလောက် မှာ ကျောက်တော်မြို့ အနားမှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ သေဆုံးခဲ့ရတာ လို့လည်း ဒေါ်ဘုဝိုင်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ဖြေရှင်းတာ မတွေ့ရသေးပါဘူး။

ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။

“အခုလက်ရှိ စစ်ကောင်စီတပ်က ဘာမှ တိုက်ပွဲမဖြစ်လည်းပစ်တယ်။ တိုက်ပွဲဖြစ်ပြီ ဆိုရင်လည်း အနီးအနားက ရွာတွေကို ပစ်တယ်။ ဒါက ပြည်သူတွေကို ပစ်မယ်ဆိုတဲ့ အနေအထားမျိုးမြင်တွေ့နေရတယ်။ နေရာတိုင်းမှာ အဲဒီလိုဖြစ်လာတယ်။ ဒီကိစ္စတွေက တိုက်ပွဲတွေ ကျယ်ပြန့်လာရင် ကျယ်ပြန့်လာတဲ့အလျောက် ပြည်သူတွေကို အချိန်မရွေး စစ်ကောင်စီတပ်တွေက ဒုက္ခပေးနိုင်တယ်။ ပေးလည်းပေးနေတယ်ဆိုတာကို သက်သေ ပြနေတာ ဖြစ်ပါတယ်”

ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာ အနီးအနားတွေမှာ တိုက်ပွဲမဖော်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဦးဖေသန်းက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ နှစ်နှစ်ကြာ တိုက်ပွဲကာလကလည်း သေဆုံးတဲ့ အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိ ရှိခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။