မကွေးလေဆိပ် သိမ်းမြေ ဒေသခံတို့ ပြန်ရလို

ဝေမာထွန်း
2019.11.05
magway-land-protest-622 မကွေးလေယာဉ်ကွင်းတည်ဆောက်မှု စီမံကိန်းကနေ ပိုတဲ့မြေတွေကို ပြန်လည်ရယူလိုကြောင်း ၂၀၁၉၊ နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့မှာ တောင်သူတွေ ဆန္ဒပြကြစဥ်
Photo: Pwint Hlwar

မကွေးလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေထဲက လုပ်ငန်းအကောင် အထည်မဖော်ရသေးသလို လျော်ကြေးငွေ ရယူထားခြင်းမရှိတဲ့ မြေဧက ၃၀၀ ကျော်ကို လယ်ယာမြေပိုင်ဆိုင် ခွင့် ပုံစံ (၇)နဲ့အတူ ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်သူ ၁၀၀ ကျော်က ဒီနေ့ မကွေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက မကွေးလေဆိပ်တည်ဆောက်ဖို့အတွက် မကွေးမြို့နယ်အတွင်းက ဒဟတ်ကန်၊ ဆားတိုင်ကန်၊ ကံလှနဲ့ ဝက်သက်ကျေးရွာတွေက လယ်ယာမြေဧက ၈၁၈ ဧကကို သိမ်းဆည်းခဲ့ပါတယ်။

အဲဒီထဲက လယ်ယာမြေ ဧက ၁၇၀ ကျော်မှာ လေယာဉ်ပြေးလမ်း၊ လေဆိပ်၊ ဝန်ထမ်းအိမ်ယာနဲ့ မျှော်စင်တွေကို တည်ဆောက်ခဲ့ပြီး အကောင်အထည်မဖော်ရသေးတဲ့ မြေဧကဟာ ၆၄၀ ကျော်ရှိတယ်လို့ ဆန္ဒပြတောင်သူတွေ က ပြောပါတယ်။

လုပ်ငန်းအကောင်အထည်မဖော်ဖြစ်တဲ့ မြေဧက ၆၀၀ ကျော်မှာ ဧက ၃၀၀ က လျော်ကြေးငွေ ရယူထားခြင်း မရှိတဲ့ မြေတွေဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းအကောင်အထည်မဖော်ဖြစ်တဲ့ မြေတွေကို ခြံစည်းရိုးခတ်တာမရှိသလို တောင်သူတွေအနေနဲ့ မြေပဲ၊ နှမ်း၊ ပဲစင်းကုန် အစရှိတဲ့ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးခွင့် နှစ်စဉ်ရနေပါတယ်။

ဒါပေမဲ့လို့ မြေယာပိုင်ဆိုင်ခွင့် ပုံစံ (၇) လျှောက်ထားရာမှာမကျဘဲဖြစ်နေလို့ တောင်သူတွေက မြေယာပိုင်ဆိုင်ခွင့် ရဖို့ တောင်းဆိုကြတာလို့ ဒီနေ့ဆန္ဒထုတ်ဖော်ရမှာ ပါဝင်တဲ့ လယ်မြေ ၁ ဧကခွဲ သိမ်းဆည်းခံထားရသူ တောင်သူ ဦးမင်းမင်း က ပြောပါတယ်။

“ပုံစံ (၇) ရရှိဖို့အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျနော်တို့ ပုံစံ(၁)ကနေ စလျှောက်တယ်ဗျ။ ပုံစံ(၁)ဆိုတာ ပုံစံ(၇)ရရှိရေးအတွက် အရင်ဦးဆုံးလျှောက်ရတာဗျ။ ပုံစံ(၇)ရှိမှသာလျှင် ကျနော်တို့ရဲ့ လယ်ယာဖြစ်မှာလေ။ ပုံစံ (၇) မရှိရင် ကျနော်တို့က အခုယာကို ဆင်းလုပ်နေသော်လည်း ကျနော်တို့ ကိုယ်ပိုင်လို့ မသက်ရောက်ဘူးခင်ဗျ။ ကျနော်တို့လျှောက်တော့ မကျလာဘူးခင်ဗျ။ အဲဒီမြေတွေက သိမ်းဆည်းထားတယ်ဆိုပေမယ့် အကောင်အထည်မဖော်တဲ့ ယာမြေတွေကတော့ ကျနော်တို့ တောင်သူပဲ လုပ်ကိုင်စားသောက်နေတာပဲ ခင်ဗျ။”

စတင်သိမ်းဆည်းခဲ့စဉ်က လယ်ယာမြေတစ်ဧကအတွက် ကျပ်တစ်သောင်းခွဲလျော်ခဲ့တာရှိပြီး နောက်ပိုင်းမှာ လျော်ကြေးငွေ နည်းပါးတယ်ဆိုပြီး အစိုးရက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လယ် ၁ ဧကအတွက် လျော်ကြေး ၁၀ သိန်းနဲ့ ယာတစ်ဧကအတွက် လျော်ကြေး ၈ သိန်း ထုတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ လျော်ကြေးငွေမယူသေးတဲ့ တောင်သူ ၅၀ ကျော်ရဲ့ လယ်ယာမြေ ဧက ၃၀၀ ခန့် ကျန်နေသေးတယ်လို့ တောင်သူတွေက ဆိုပါတယ်။

အခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး မြေယာစိစစ်ရေးကော်မတီ ရဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရတာဝန်ရှိသူတွေက လျော်ကြေးငွေရယူထားခြင်း မရှိသူတွေ ကို လယ်တစ်ဧကအတွက် ကျပ်သိန်း ၁၇၀ နဲ့ ယာတစ်ဧကအတွက် ကျပ်သိန်း ၁၅၀ ပေးဖို့ ဆုံးဖြတ်ထား ပါတယ်။

ဒီဆုံးဖြတ်ချက်ကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်ထောင်စုက အကြောင်း ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး မြေယာစိစစ်ရေးကော်မတီမှာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ နယ်လုံဝန်ကြီးနဲ့ တောင်သူကိုယ်စားလှယ်တွေပါဝင် ဖွဲ့စည်းထားပါတယ်။

စီမံကိန်းကို တိုးချဲ့သွားဖို့ရှိတာကြောင့် သိမ်းဆည်းမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့မရှိဘဲ လျော်ကြေးရယူရခြင်း မရှိသေးသူတွေကို လျော်ကြေးပေးသွားဖို့ ရှိတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။

“လျော်ကြေးနည်းပါးတဲ့ဟာကို ပြန်မစဉ်းစားဘူးပေါ့ဗျာ၊ နိုင်ငံတော်အနေနဲ့က အဲလိုမူဝါဒတော့ရှိတယ်။ ဒါပေမဲ့ လျော်ကြေးမယူရသေးတဲ့ တောင်သူအတွက်ကတော့ စဉ်းစားပေးမယ်လို့ ကျနော်တို့က ဆုံးဖြတ် ထားတယ်။ လက်ရှိလည်း လေယာဉ်ပြေးဆွဲနေတာဆိုရင် လေးလလောက်တော့ရှိသွားပြီ။ မကွေး-ရန်ကုန် ကို ဆွဲနေပြီဆိုတော့ စီမံကိန်းတော့ အကောင်အထည်ဖော်သွားပြီပေါ့။ အဲဒါကိုဆက်လုပ်ဖို့ တိုးချဲ့ဖို့ လုပ်နေတယ်ဆိုတော့ စီမံကိန်းရှိတော့ ကျနော်တို့က မစွန့်လွှတ်တော့ဘူးပေါ့နော်။”


တောင်သူကိုယ်စားလှယ်အဖြစ်နဲ့ ကော်မတီမှာ ပါဝင်တဲ့ ဦးအောင်ကျော်ကျော်က တောင်သူတွေကို မြေပြန်ပေးဖို့နဲ့ မြေပြန်မပေးနိုင်ရင် လျော်ကြေးငွေ ရရှိမှုနည်းပါးသူတွေကိုပါ လျော်ကြေးထပ်ပေးဖို့ လိုလားကြောင်း ပြောပါတယ်။

“တောင်သူလယ်သမားတွေ ပြောတဲ့ ဧက ၆၀၀ ကျော်ပေါ့။ အဲဒီဧကတွေက စီမံကိန်းအသုံးမပြုဘူးဆိုရင် အနာဂတ်စီမံကိန်းအတွက်ရည်ရွယ်ပြီး ဆုပ်ကိုင်ထားလို့မရဘူး။ စွန့်လွှတ်ပြီး တောင်သူတွေကို ပြန်လည်ပေး အပ်ရမှာဖြစ်တယ်။ လေဆိပ်က လောလောဆယ်မလုပ်နိုင်သေးလို့ နောက်လုပ်မှာဖြစ်တယ်။ ပြေးလမ်းတွေ ထပ်မံတိုးချဲ့ဦးမယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်တွေရှိတယ်။ မစွန့်လွှတ်နိုင်ဘူးဆိုရင် အခုကာလဒေသပေါက်ဈေး ထိုက်တန်တဲ့ပေါက်ဈေးကိုပေးဖို့ လိုအပ်တယ်။ ယခင်က လျော်ကြေးယူပြီးသားဆိုရင် မရတော့ဘူးလို့ ဆုံးဖြတ်တာ။ အဲဒီအပေါ်မှာ အငြင်းပွားဖွယ်ရာဖြစ်တာ၊ ကျနော်တစ်ဦးတည်းရဲ့သဘောဆိုရင်တော့ ပေးခဲ့တဲ့လျော်ကြေးက နည်းလွန်းတယ်။ တောင်သူတွေ သူတို့ဘဝ သူတို့ ပြန်လည်တည်ဆောက်နိုင်ဖို့ လျော်ကြေးကို ပြန်တိုးပြီး ထပ်ပြီးပေးသင့်တယ်လို့ မြင် တာပေါ့ဗျ။”

မကွေးတိုင်းအတွင်းမှာ စစ်အစိုးရလက်ထက်ကစပြီး သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက ၄ သိန်းခွဲကျော် ရှိကြောင်းနဲ့ အဲဒီထဲမှာ တပ်သိမ်းမြေ၊ ကုမ္ပဏီသိမ်းမြေ၊ အစိုးရဌာနဆိုင်ရာ သိမ်းဆည်းမြေနဲ့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ထဲက သိမ်းဆည်းခဲ့တဲ့မြေတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်မှာ မကွေးတိုင်းအတွင်း သိမ်းဆည်းခံမြေတွေထဲက မြိုင်မြို့နယ်မှာ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက သိမ်းဆည်းခဲ့တဲ့ မြေဧက ၂၀၀၀ ကျော်၊ မကွေးမြို့မှာ ဆေးဆိုးပန်းရိုက်စက်ရုံက သိမ်းထားတဲ့ ၁၅ ဧကကျော်နဲ့ ပွင့်ဖြူမြို့နယ်မှာ ဝါစက်က သိမ်းထားတဲ့ ၁၂  ဧကကျော်ကို တောင်သူတွေထံ  ပြန်လည်ပေး အပ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။