AA ဆန့်ကျင်ဆန္ဒပြပွဲ ရိုဟင်ဂျာတွေ ဖိအားပေးခံခဲ့ရကြောင်း ဒေသခံတွေပြော

RFA Burmese
2024.04.22
AA ဆန့်ကျင်ဆန္ဒပြပွဲ ရိုဟင်ဂျာတွေ ဖိအားပေးခံခဲ့ရကြောင်း ဒေသခံတွေပြော ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာနှင့် ဘာဆာရာကျေးရွာများမှ ရိုဟင်ဂျာများ ဆန္ဒပြခဲ့ကြစဥ်။
Myanmar Military

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲတွေနဲ့ AA ကို အလိုမရှိကြောင်း ရိုဟင်ဂျာတွေကို ဖိအားပေး ဆန္ဒပြခိုင်းတာ၊ AA အဖွဲ့ကို မထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ရိုဟင်ဂျာတစ်ထောင်လောက်က AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိစတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားပြီး ဧပြီလ ၂၀ ရက် စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

“ရခိုင်နဲ့ ရိုဟင်ဂျာတွေအကြား နှစ်ဖက်နားလည်မှုလွဲပြီး တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ်”

ဘုမေနဲ့ ဘာဆာရာ ကျေးရွာတွေက ရိုဟင်ဂျာတွေကို ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ ငြင်းဆန်ရင် ဒဏ်ငွေဆောင်ရမှာဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေး ပြောဆိုလာတာကြောင့် ရိုဟင်ဂျာတွေ ပူးပေါင်းပါဝင်ခဲ့ရတာလို့ အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ဆန္ဒမပြဘူးဆိုလို့ရှိရင် တစ်အိမ်ကို ပိုက်ဆံ ငါးသောင်းစီ ပေးရမယ်။ ပြီးတော့ရွာကို ပိတ်ဆို့မယ်၊ အရေးယူမယ်ပေါ့နော်။ အဲဒီလို အမျိုးမျိုးခြိမ်းခြောက်တော့ လူတွေက ကြောက်ရွံ့ပြီးတော့ အခုက စားဝတ်နေရေး အကုန်လုံးကျပ်တည်းနေတော့ ဒီလူတွေက သူတို့မှာ ပိုက်ဆံ ငါးသောင်းဆိုတာက ဒီလျော်ကြေးပေးဖို့ အရမ်း အခက်အခဲဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် လူတွေက သွားရတာပါ”

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း စစ်တွေမြို့မှာ AA အဖွဲ့နဲ့ တိုက်ပွဲတွေကို အလိုမရှိကြောင်း ရိုဟင်ဂျာတွေ ဆန္ဒပြခဲ့ကြပြီး အခုတစ်ကြိမ်ဟာ ဒုတိယမြောက် ဖြစ်တယ်လို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။

အလားတူ မတ်လ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့မှာ ရိုဟင်ဂျာ ခုနစ်ရာခန့်က AA အဖွဲ့ကို အလိုမရှိကြောင်းနဲ့ တိုက်ပွဲတွေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

မောင်တောမြို့မှာတော့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ ထိန်းသိမ်းပြောဆိုတွေကြောင့် ဆန္ဒပြပွဲမဖြစ်ခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက,က‌တော့ သူတို့ (ရိုဟင်ဂျာ) ဆီက ခေါင်းကြီးပိုင်းတွေက ထိန်းတာပေါ့။ အဲဒီမောင်တောမှာ ပျက်သွားတယ်။ ပြီးတော့ စစ်မှုထမ်းဖို့ကိစ္စ စာရင်းပေးမယ်ဆိုပြီး ပထမဆုံးပြောခဲ့တဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံလိုက်ရတယ်။ မြို့မတောင်အုပ်ချုပ်ရေးမှူး”

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ အခုလို ဆန္ဒပြပွဲတွေအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီက အဓိက စီစဥ်နေတာလို့ ပြောပါတယ်။

“ဒီဆန္ဒပြပွဲကို ပြည်နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဒါဖိအားပေး ခြိမ်းခြောက်ပြီးတော့ လုပ်ခိုင်းတယ်လို့ ကျွန်တော်တို့အနေနဲ့ သိရတယ်။ ဒီရပ်ကွက်က လူကြီးတွေကို အစည်းအဝေး ခေါ်တယ်။ ခေါ်ပြီးတော့ ဒီလို ဆန္ဒပြပွဲလုပ်ကို လုပ်ပေးရမယ်။ တစ်အိမ်တစ်ယောက် မပါမနေရ၊ မပါဘူးဆိုလို့ရှိရင် အခြေအနေ ဆိုးဝါးမယ်၊ အဲဒီလိုပုံစံမျိုးနဲ့ ဒါခြိမ်းခြောက်တာပေါ့နော်”

စစ်ကောင်စီကအခုလို ဖိအားပေးခိုင်းစေမှုတွေကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာတွေအကြား နှစ်ဖက်နားလည်မှုလွဲပြီး တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာမှ ရိုဟင်ဂျာများ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: Narinjara)
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာမှ ရိုဟင်ဂျာများ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: Narinjara)

ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်မှာလည်း ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ခန့်က သစ်ပုံကျေးရွာကို ရောက်ရှိလာပြီး AA အဖွဲ့ကိုကန့်ကွက်ကြောင်း ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ ကြောက်လန့်ပြီး သူတို့ရဲ့ ခိုင်းစေမှုအတိုင်း လုပ်ဆောင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မာန်အောင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သစ်ပုံရွာကိုလာလို့ အစည်းအဝေးလုပ်တာ ဟုတ်ပါတယ်။ အဲဒီအစည်းအဝေးမှာ သူတို့က (စစ်ကောင်စီ) ဘာကိုဆွေးနွေးလဲဆိုရင် AA ကို အလိုမရှိ ဆိုတာကို လုပ်ပေးရမယ်။ စာရွက်ပေးတယ်။ အဲဒီစာရွက်မှာ AAကို အလိုမရှိဆိုတာကို ရေးပြီးတော့ကပ်။ တကယ်လို့ မင်းတို့က မကပ်ဘူးဆိုရင် မင်းတို့ကိုဖမ်းမယ်၊ အရေးယူမယ်၊ ပြီးတော့ လက်နက်ကြီးပစ်မယ် ဆိုတာတွေပြောတယ်”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ ဒီဆန္ဒပြပွဲတွေဟာ စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှုတွေကို အာရုံလွှဲဖို့အတွက် ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာအောင် အားစိုက်ကြိုးပမ်းနေတာလို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) က ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့ကိုးမြို့ကို သိမ်းပိုက်ထားသလို အခုရက်ပိုင်းတွေအတွင်းမှာလည်း အမ်းအခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နဲ့ ဘူးသီးတောင် အခြေစိုက် အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။