ဖမ်းမိသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း တော်လှန်ရေးအဖွဲ့တွေပြော
2023.12.06

နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရှင်ဖမ်းမိသူ၊ လက်နက်ချသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ စီမံဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်းကတိုက်ပွဲတွေမှာ လက်နက်ချလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅၆ ဦး စုစုပေါင်း ၄၃၃ ဦး ရှိပါတယ်။ တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းကတော့ တစ်ရာလောက်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
အဲဒီအထဲက လက်နက်ချသူတွေကို သွားလိုတဲ့နေရာကို ပို့ဆောင်ပေးနေပြီး တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
"စစ်မြေမြင်မှာဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ (International Humanitarian Law) တွေ၊ ပြီးတော့ ဂျနီဗာကွန်ဗင်းရှင်းအတိုင်းကို လိုက်နာဆောင်ရွက်နေတာ ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ သုံ့ပန်းတွေနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်မှုပြုရာမှာ လိုက်နာရမယ့်အချက်တွေကို ရေးဆွဲထားပါတယ်။ အဲဒီအချက်တွေကိုလည်း မြေပြင်က တပ်ရင်း၊ တပ်ဖွဲ့တွေကို ပို့ပြီးတော့လည်း အဲဒီအတိုင်းကို လိုက်နာဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ မြေပြင်မှာလည်း အဲဒီအတိုင်းကို လိုက်နာဆောင်ရွက် နေပါတယ်"
စစ်သုံ့ပန်းတွေကို တော်လှန်ရေးအဖွဲ့အားလုံးက နိုင်ငံတကာဥပဒေနဲ့အညီ ဆောင်ရွက် နေပေမယ့် ဒေသအခြေအနေအရ ကွဲပြားမှုတချို့တော့ ရှိနိုင်တယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်း (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကတော့ လက်နက်ချသူတွေကို ချက်ချင်း ပြန်လွှတ်ပေးပြီး တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ နိုင်ငံရေးအကျဉ်းသားပုံစံမျိုး ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
"လောလောဆယ် ဒီအနေအထားအရကတော့ ကျွန်တော်တို့ တောတွင်းအချုပ်စခန်း တွေပဲ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ တောတွင်းအချုပ်စခန်းတွေမှာပဲ ထားတယ်။ ကျန်တဲ့ အလုပ်ကြမ်းတို့ အဲလိုမျိုး စေခိုင်းတာမျိုး မရှိဘူး။ အနီးစပ်ဆုံးပြောမယ် ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား ပုံစံမျိုးပေါ့နော်။ ဒီအတိုင်းပဲထိန်းသိမ်းထား သေးတယ်။ အလုပ်ကြမ်းစေခိုင်းမှုတို့၊ တခြား ပြစ်ဒဏ်ချမှတ်တာမျိုးတော့ မရှိဘူး။ ဒီအတိုင်းပဲ ထိန်းသိမ်းထားတဲ့ အနေအထားပေါ့"
လက်နက်မချဘဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတချို့ကိုတောင် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပြန်လွှတ်ပေးတာမျိုးတွေ လုပ်နေတယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။ အရေအတွက် ဘယ်လောက်လဲ၊ ဘယ်သူတွေလဲဆိုတာကိုတော့ အတိအကျ ထုတ်မပြောပါဘူး။
လက်နက်ကိုင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဖမ်းဆီးရမိသူတွေကို လူသားဆန်ဆန် ဆက်ဆံဖို့နဲ့ လက်စားချေတာမျိုးမလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲမှာ ကောင်းကောင်းမွန်မွန် နေထိုင်ရပါတယ်လို့ နိုဝင်ဘာ ၁၃ ရက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာ တိုက်ပွဲအတွင်း ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ကိုသူနိုင်ဦးက ပြောပါတယ်။
"တစ်လမ်းလုံးပေါ့ ဒဏ်ရာကလည်းပြင်းတော့ လူးလှိမ့်ပြီး ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော်တို့ကို သူတို့ နားတဲ့နေရာရောက်တော့ ဆေးတွေဘာတွေ ထည့်ပေး၊ သေချာတော့ ဂရုစိုက်တယ်။ ဒီဘက်က အကြီးအကဲတွေကလည်း ပစ်မထားပါဘူး ကျွန်တော်တို့ကို။ စားစရာ၊ သောက်စရာတွေလည်း ပေးတယ်။ စောင်တစ်ယောက် တစ်ထည်၊ ခေါင်းအုံးတစ်ယောက်တစ်လုံး၊ ဖျာတစ်ယောက် တစ်ချပ် အဲလိုပေးတယ်။ အစားအသောက်ဆိုလည်း ပူစရာမလိုဘူး။ သူတို့ ထောက်ပံ့ပေးတယ်ပေါ့။ ဒီမှာနေရတာ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်"
ကိုသူနိုင်ဦး ဟာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ကယ်တင်ဖို့ ကြိုးစားရာကနေ စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး KNU တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတာပါ။ သူ အခု ဘယ်မှာရှိနေသလဲဆိုတာကိုတော့ လုံခြုံရေးအခြေအနေအရ တိတိကျကျ ထုတ်မပြောပါဘူး။
"စားစရာ၊ သောက်စရာတွေလည်း ပေးတယ်။ စောင်တစ်ယောက် တစ်ထည်၊ ခေါင်းအုံးတစ်ယောက်တစ်လုံး၊ ဖျာတစ်ယောက် တစ်ချပ် အဲလိုပေးတယ်။ အစားအသောက်ဆိုလည်း ပူစရာမလိုဘူး"
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၃ ယောက် လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အဲဒီနေ့မှာပဲ ချက်ချင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေ လက်နက်ချမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကို မေးမြန်းတဲ့အခါ တိုက်ပွဲမှာ ဒဏ်ရာနဲ့ဖမ်းမိသူတွေကို သတ်ဖြတ်တာမျိုး လုံးဝမလုပ်ဖို့နဲ့ လုပ်လာရင် ဒါကို ပြင်းပြင်းထန်ထန် ပစ်တင်ရှုတ်ချမယ် လို့ RFA ကို ပြောပါတယ်။
"အခုဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေမှာ သေနတ်မှန်ပြီးတော့၊ ဗုံးမှန်ပြီးတော့ မသေဘဲ ကျန်ခဲ့တဲ့လူတွေအပေါ်ကို လက်ထဲရောက်မှ သတ်တယ်ဆိုတာမျိုးကတော့ တကယ့်တကယ်ကျတော့ ဒါက ရိုင်းစိုင်းတဲ့သူတွေရဲ့ စစ်ပွဲသာဖြစ်တယ်။ ကျန်တဲ့ တပ်မတော်လူတွေအားလုံးရော၊ တစ်ဖက်က တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ PDF တွေရော ဒါမျိုး အလွန်အကျွံတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ မုန်းပါတယ်။ မကြိုက်ပါဘူး၊ ဆန့်ကျင်ပါတယ်ဆိုတာကို ကျွန်တော်တို့ ဒီနေရာကနေပြီးတော့ အခိုင်အမာ ပြောပါတယ်"
စစ်မြေပြင်မှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ တောင်းဆို ချင်တယ် လို့လည်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာလည်း နိုဝင်ဘာ ၂၃ ရက်နေ့က မြို့သိမ်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံမှာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို အတည်ပြုထား ပါတယ်။
နိုဝင်ဘာ ၂၃ ရက် တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဗိုလ်မှူး တစ်ဦးကတော့ သူဟာ လောလောဆယ် ပြည်ပတစ်နေရာမှာ ရောက်ရှိနေပြီး အဆင်ပြေနေပေမယ့် ရေရှည်အတွက် စဉ်းစားရမယ်လို့ RFA ကို ပြောပါတယ်။
"လောလောဆယ်တော့ အဆင်ပြေပါတယ်။ သူတို့ နေထိုင်အစားအသောက်ဘာညာ စီစဉ်ပေးထားတယ်။ ဘယ်လိုကြောင့် (လက်နက်ချတာလဲ) ဆိုတော့ နဂိုကတည်းက လည်း သိပ်ပြီးအယုံအကြည်မရှိတာလည်း ပါတယ်။ နဂိုကတည်းကလည်း အဲဒီလိုမျိုး အစီအစဉ်ရှိတော့ ရှိပါတယ်။ အခုလိုမျိုး အခြေအနေပေးတဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့ရင်ခွင် ခိုလှုံဖြစ်တာပေါ့။ CDM လုပ်ဖြစ်တာပေါ့။ ရေရှည်တော့၊ လောလောဆယ် တော့ မစဉ်းစားရသေးဘူး။ အလုပ်လေး ဘာလေးတော့ ရှာရမှာပေါ့။ ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ စဉ်းတော့စဉ်းစားနေတုန်းပဲ"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ တိုက်ပွဲတွေမှာ မိမိဆန္ဒအရ ကြိုတင်လက်နက်ချသူနဲ့ တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကြား ရရှိတဲ့အခွင့်အရေး မတူတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စဉ်းစားရမယ့်အချိန် ရောက်နေပြီလို့ ပြောပါတယ်။
"ကျွန်တော်တို့ ဥပဒေအရတော့ နှစ်ခုက ကွဲပြားပါတယ်။ ကြိုတင်ပြီး အလင်းဝင်ရောက် ခဲ့တာလား၊ လက်နက်ချခဲ့တာလား။ သို့တည်းမဟုတ် အားမတန် မာန်လျှော့ပြီးတော့မှ ဘယ်လိုမှ ခုခံရင်းကနေမှ မခုခံနိုင်လို့ သုံ့ပန်း ဖြစ်ခဲ့တာလားဆိုတဲ့အပေါ်မှာ အရမ်းအရေးကြီးပါတယ်။ ဒါ ဥပဒေအရလည်း အရမ်းအရေးကြီးပါတယ်။ ဥပဒေအရလည်း အဲဒီအခွင့်အရေးတွေက အရမ်းကွာခြားပါတယ်။ အခုနပြောသလို ခုခံတိုက်ခိုက်ပြီးတော့ သုံ့ပန်းဆိုတဲ့အခြေအနေဆိုရင်တော့ သုံ့ပန်းအခွင့်အရေးပဲရမယ်။ သုံ့ပန်းဆိုတာက ခုနက လက်နက်ချတဲ့အခွင့်အရေးနဲ့ တူညီစွာ မရနိုင်ပါဘူး"
ဖမ်းမိတဲ့သူထက် ကြိုတင်လက်နက်ချသူတွေက အခွင့်အရေး ပိုရနိုင်တယ်လို့သာ မှတ်ချက်ပေးထားပေမယ့် ဘယ်လိုပုံစံမျိုးလည်းဆိုတာကို သူက အတိအကျ မပြောပါဘူး။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တစ်လကျော်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ပြည်နယ်ငါးခုမှာ စစ်ကောင်စီဘက်က တပ်ရင်း နှစ်ရင်းအပါအဝင် လက်နက်ချတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ငါးရာကျော် ရှိလာပါပြီ။
ရှမ်းပြည်နယ်မှာ ၃၅၄ ယောက်၊ ချင်းပြည်နယ်မှာ ခုနစ်ယောက်၊ မွန်ပြည်နယ်မှာ ၂၃ ယောက်၊ ကယားပြည်နယ်မှာ ၄၇ ယောက်နဲ့ ရခိုင်ပြည်နယ်မှာ ၃၀ ကျော် ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ရိခေါ်ဒါရ်တိုက်ပွဲအပြီးနဲ့ သီးဘွာလ်တပ်စခန်းကို ချင်းကာကွယ်ရေး အဖွဲ့တွေ တိုက်ခိုက်ပြီးချိန်မှာလည်း နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဆယ်ကျော်ကို အိန္ဒိယနယ်ခြားစောင့်တပ်က လက်ခံထား ကြောင်း အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ၊ RFA က စုံစမ်းမေးမြန်းချက်တွေအရ ငါးဦးနဲ့အထက် လက်နက်ချသူ၊ ဖမ်းမိသူ အရေအတွက်ကိုသာ RFA က သီးခြားပြုစုထားတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ဖမ်းမိသူတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းတဲ့အခါ ၁၉၄၉ ဂျီနီဗာပြဌာန်းချက် ဘုံအပိုဒ်-၃ (Common Article 3 to the Geneva Conventions of 1949) နဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) တို့မှာ ပြည်တွင်းစစ် အတွင်း ဖမ်းဆီးခံရသူတွေကို လူသားဆန်စွာ ပြုမူဆက်ဆံရမယ်၊ အကာအကွယ်ပေးရ မယ်ဆိုတာ ပြဌာန်းထားတယ်လို့ ပြန်လည်ဖြေဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲအတွင်း ဖမ်းမိသူ၊ လက်နက်ချသူ အားလုံးကို ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် လူသားဆန်စွာ ပြုမူဆက်ဆံဖို့နဲ့ ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိပေးဖို့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေကို ICRC က တိုက်တွန်းထားပါတယ်။