သားကို ဖမ်းမမိလို့ အဖေကိုဖမ်းတဲ့ခေတ် ရှိနေသေးသလား
2019.10.22
"ကျနော့်သားက ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း တောခိုသွားတဲ့ကျောင်းသားပါ။ ကျနော်ကတော့ အငြိမ်းစားပညာရေးဝန်ထမ်းပါ။ မြို့မှာစာအုပ်အငှားဆိုင်ဖွင့်ပြီး မိသားစုတွေနဲ့ပဲ နေပါတယ်။ သားနဲ့ပတ်သက်လို့ ကျနော်တို့ကို ထောက်လှမ်းရေးက အမြဲစောင့်ကြည့်ပါတယ်။ ကျနော်ကလဲ သတင်းတွေသိချင်တော့ ဘီဘီစီတို့ဘာတို့ နားထောင်တာ၊ မိတ်ဆွေအချင်းချင်း ပြောကြဆိုကြတာတော့ ရှိတာပေါ့ဗျာ။ အဲဒါနဲ့ပဲ ကျနော်တို့အဖမ်းခံရပြီး ထောင် ၇ နှစ်စီချခံရတာပါပဲ" လို့ မနှစ်က ကွယ်လွန်သွားတဲ့ ပဲခူးတိုင်း ရွှေတောင်မြို့နယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအုန်းကျော်က မကွယ်လွန်ခင်က ပြောပြဖူးပါတယ်။ သူနဲ့သူ့မိတ်ဆွေကို ၁၉၉၈ ခုနှစ်လောက်မှာ စစ်အစိုးရက ထောင်ချလိုက် တာပါ။
စစ်အစိုးရခေတ်မှာ မိသားစုဝင်တယောက်က ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါနေပြီဆိုရင် သူ့ဆွေမျိုးသားချင်းတွေလည်း စောင့်ကြည့်ခံရ၊ ဖမ်းဆီးထောင်ချခံရတာတွေ အတော်များများရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောကြပါတယ်။ အထင်ရှားဆုံးသာဓကတခုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အချိန်မှာ သူ့ညီမဝမ်းကွဲဖြစ်တဲ့ ဒေါ်ငယ်မမသန်းနဲ့ ခင်ပွန်းသည် ကွန်ပျူတာဆရာ ဦးမြင့်ဆွေ၊ မောင်ဝမ်းကွဲဖြစ်တဲ့ ဦးချိုအောင်သန်းတို့လဲ နှစ်ရှည် ထောင်ချခံရတဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။
အခုတော့ စစ်အစိုးရက အာဏာအပြည့်အဝယူမထားတော့တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ တစထက်တစ ပြောင်းလဲနေပြီး၊ နိုင်ငံရေးအကျဉ်းသားတွေလဲ အရင်လို ထောင်နဲ့ချီမရှိတော့ အခြေအနေကိုမြင်နေရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တရားစွဲခံနေရတာတွေ၊ ထောင်ချခံနေရတာတွေလည်း ရှိနေသေးတာ အထင်အရှားဖြစ်တဲ့အတွက် နိုင်ငံတကာအစိုးရတွေ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ထောက်ပြဝေဖန်တာတွေလည်း တွေ့နေရတုန်းဖြစ်ပါတယ်။
အဲဒီထက်ထူးခြားတာက အရင်စစ်အစိုးရခေတ်ကလို နိုင်ငံရေးအရအလိုရှိနေတဲ့ သူတယောက်ကို ဖမ်းမမိတဲ့အတွက် တခြားမိသားစုဝင်တွေကို စောင့်ကြည့်တာ၊ ဖမ်းဆီးစစ်ဆေးတဲ့ ဖြစ်ရပ်တွေ ထပ်ပြီးတွေ့လာရတဲ့ကိစ္စပါ။ အထင်ရှားဆုံးဖြစ်ရပ်အနေနဲ့ဆိုရင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာနားက အယ်လ်ဖာဘိလပ်မြေစက်ရုံ ကန့်ကွက်ဆန္ဒပြတဲ့ဖြစ်ရပ်မှာ အဖေကို ဖမ်းမမိတဲ့အတွက် သားကို ဖမ်းထားတဲ့ဖြစ်ရပ်ရှိပါတယ်။
အခုတခါ ထပ်တွေ့ရတဲ့ဖြစ်ရပ်ကတော့ AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီအကို မောင်နှမတွေထဲက ညီတယောက်၊ နှမတယောက်နဲ့ ယောက်ဖ အဖမ်းခံရတဲ့အဖြစ်အပျက်ပါ။
အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ထိုင်းကနေပြန်လာတဲ့ ခင်ပွန်းနဲ့ သမီးငယ်ကို သွားကြိုရင်း အဖမ်းခံလိုက်ရတဲ့ မမိုးနှင်းဖြူဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နှမဖြစ်တာကလွဲလို့ နိုင်ငံရေး အကြောင်း သိပ်သိလှတာမဟုတ်ဘူးလို့ မိသားစုဝင်တယောက်က ပြောပြပါတယ်။
အဲဒီအပြင် သူတို့မှာ လူမမယ်သမီးလေးနှစ်ယောက်တည်း အပြင်လောကမှာကျန်ခဲ့ပြီး ပညာရေးမှာပါ အခက်တွေ့နေတယ် လို့ပြောပြပါတယ်။ အခုတော့ AA ခေါင်းဆောင်ရဲ့ ယောက်ဖကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (က)(ခ)(ဂ) တွေနဲ့ ရဲက အမှုဖွင့် ရမန်ယူထားတယ်လို့ကြားရပေမယ့်၊ သူတို့အမကိုတော့ ဘယ် ဥပဒေ ပုဒ်မတွေနဲ့ ချုပ်နှောင်ထားလဲဆိုတာ မကြားရဘူး။ တာဝန်ရှိအာဏာပိုင်တွေကလည်း မိသားစုတွေကို အကြောင်းမကြားဘူး။ ဒါကြောင့် ကလေးတွေအတွက်ရော မိဘတွေအတွက်ပါစိုးရိမ်နေတယ် လို့ နှမတယောက်ကပြောပြပါတယ်။
နိုင်ငံသားတယောက်ကို အမှုဖွင့်တရားမစွဲဘဲ ၂၄ နာရီထက် ပိုချုပ်လို့မရဘူးလို့ ရှေ့နေတွေက ပြောကြပေမယ့်အခုဖြစ်ရပ်မှာတော့ AA ခေါင်းဆောင်ရဲ့နှမ မမိုးနှင်းဖြူကို ဘယ်လိုဥပဒေနဲ့အညီချုပ်နှောင်ထားလဲဆိုတာ ဘယ်သူကမှတိတိကျကျမသိရသေးပါဘူး။
ဒါကြောင့် သားကိုဖမ်းမမိလို့ အဖေကိုဖမ်း၊ အဖေကို ဖမ်းမမိလို့သားကိုဖမ်း၊ အကိုကိုဖမ်းမမိလို့ ညီကို ဖမ်းဆိုတဲ့ခေတ်တခေတ် မြန်မာ့နိုင်ငံရေးသမိုင်းမှာရှိခဲ့သလို၊ အဲဒီလုပ်ရပ်တွေကြောင့် မိသားစုတွေ ဘဝနစ်နာထိခိုက်ရ၊ သားသမီးတွေ စိတ်ဒဏ်ရာရကြ၊ လူ့အသိုင်းအဝိုင်းမှာ သူများထက် ပညာရေး လူမှုရေးနိမ့်ကျရတာတွေကလည်း ခုချိန်ထိကုစားလို့ မပြီးသေးတာတွေ့ရပါတယ်။
ဒီလိုခေတ်ဟောင်းက ဒဏ်ရာကုမနိုင်သေးတဲ့အချိန် ဒီမိုကရေစီခေတ်ကို ပြောင်းနေပြီဆိုတဲ့အချိန်မှာလည်း အာဏာရှိသူတွေကလုပ်ရပ်ဟောင်းတွေ ပြန်ကျင့်သုံးနေတာမျိုးက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုရနိုင်မှာလည်းဆိုတာ နိုင်ငံရေးလောကမှာ မေးခွန်းထုတ်စရာဖြစ်နေ သလို၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ လုံခြုံရေး ဘယ်လောက်ရှိနေလဲဆိုတာကလည်းမေးခွန်း ထုတ်စရာဖြစ်နေပါတယ်။
ဒီမိုကရေစီစနစ်လိုလားသူတွေကတော့၊ သူတို့အနေနဲ့ ညသန်းခေါင်ကျော် အိမ်တံခါးလာခေါက်ပြီး ဘယ်ကိုခေါ်သွားမှန်းမသိတဲ့ဖြစ်ရပ်တွေ၊ အိပ်မပျော်တဲ့ညတွေ ကုန်ဆုံးစေချင်ပါပြီလို့ ပြောနေကြပါတယ်။