ရုပ်သံဇာတ်လမ်းတွေကို ဆင်ဆာဖြတ်တောက်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ပြည်တွင်းမှာ ထုတ်လွှင့်ပြသမယ့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲနဲ့ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဆင်ဆာစိစစ် ဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခွင့်ရတော့မယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ကနေ ရုပ်သံလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေကို စက်တင်ဘာ ၂၆ ရက်နေ့မှာ အစည်း အဝေးခေါ်ယူပြီး အသိပေးခဲ့ပြီးပြီလို့ ဦးရဲတင့် က ပြောပါတယ်။
“ကျနော်တို့ရဲ့ လွတ်လပ်တဲ့ ပြောရေးဆိုခွင့်အကုန်လုံး တင်ပြခွင့် အကုန်လုံးကို ပိတ်မယ်၊ တားဆီးမယ်။ ဒါ သူတို့ လုပ်နေကျဟာပဲပေါ့နော်"
ဒါဟာ ပြည်တွင်းမှာပြသမယ့် ရုပ်သံဇာတ်လမ်းနဲ့ ဇာတ်လမ်းတွဲတွေမှာ မပါသင့်တာ မပါရအောင် ဆောင်ရွက် ရတာလို့ ဒုဝန်ကြီး ဦးရဲတင့် က ပြောပါတယ်။
“ဒီနိုဝင်ဘာ ၁ ရက်နေ့ စမယ်။ ဒါအမှား မပါအောင်လို့၊ မပါသင့်တာတွေ မပါအောင်လို့ လုပ်တာပါ။ ရည်ရွယ်ချက်က မပြသင့်တာ၊ မပါသင့်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တာ မျိုးတွေ မပါအောင်ပေါ့ကွာ၊ ထိန်းသိမ်းတာကလွဲလို့ ကျန်တာမရှိဘူး။ အရင်ကတည်းက ရှိပြီးသားကိစ္စတွေပဲ ဒီကိစ္စတွေက။ အဲဒါတွေမပါ အောင် ထပ်ဂရုစိုက်ဖို့ပဲ လိုတာ။ နဂိုက အဲဒီ ဇာတ်လမ်းတွေက ဆင်ဆာမတင်ဘူး၊ သူတို့ဘာသာသူတို့ စိစစ်ပြီး လွှင့်နေတာ။ နောက်ပိုင်း အမှားပါ လာလို့ ငါတို့ လုပ်တာ”
ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ်လမ်းတိုတွေကိုလည်း မပြသမီ သေချာစိစစ်ပြီး နိုင်ငံ ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ အပြော အဆို၊ စာသား၊ ကာမရာဂကိုနှိုးဆွတဲ့ အကြောင်းအရာတွေမပါအောင် ဆောင်ရွက်ဖို့ စက်တင်ဘာ ၂၆ ရက် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်က ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ပြန်လည် မေးခွန်းထုတ်တာ၊ ထောက်ပြ ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူအချို့က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး RFA က ဒေါ်ဆွေဇင်ထိုက်ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရုပ်သံကုမ္ပဏီတွေနဲ့ နီးစပ်သူတစ်ဦးကတော့ ပြီးခဲ့တဲ့လ တွေအတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက ထိုင်းဇာတ်လမ်းတွဲတစ်ခုမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့တာကြောင့် အခုလို ဆင်ဆာဖြတ်တောက်ခံရမယ့် အခြေအနေ ဖြစ်လာတာလို့ RFA ကို ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို စစ်ကောင်စီက မကြိုက်တဲ့အတွက် ဇာတ်လမ်းတွဲအားလုံး ဆင်ဆာတင်ပြီးမှ ထုတ်လွှင့်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်းကျပ်လာတာလို့ သူက ပြောပါတယ်။
ပြည်တွင်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တွေကတော့ ဒါဟာ ခေတ်နောက်ပြန်ဆွဲပြီး တားဆီးပိတ်ပင်တဲ့ လုပ်ရပ်လို့ ဝေဖန်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က လူငယ်ဒါရိုက်တာတစ်ဦးကတော့ အခု အချိန်မှာ လွတ်လပ်စွာ တင်ပြခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် အားလုံးက ပိတ်ပင်ခံနေရတယ် လို့ ပြောပါတယ်။
“ကျနော်တို့ရဲ့ လွတ်လပ်တဲ့ ပြောရေးဆိုခွင့်အကုန်လုံး တင်ပြခွင့် အကုန်လုံးကိုပိတ် မယ်၊ တားဆီးမယ်။ ဒါသူတို့ လုပ်နေကျဟာပဲ ပေါ့နော်။ အခုလောလောဆယ်မှာတော့ ကျနော်တို့ ကိုယ်တိုင်လည်း ပြည်တွင်းမှာရှိနေတဲ့ လူတွေဖြစ်တဲ့အတွက် ဒီဟာကို ဆန့်ကျင်လို့ရမှာ မဟုတ်ဘူး။ ပေါ်ပေါ်တင်တင် ဆန့်ကျင်လို့ ရမှာ မဟုတ်ဘူး။ အာဏာ ရှင်လက်အောက်ကနေ လွတ်အောင် ဦးစားပေးပြီးတော့ အရင်လုပ်နေရတာဆိုတော့ ဒီဟာတွေကို ကျနော်တို့ ဘယ်လိုလုပ်လို့ ရမလဲဆိုရင်တော့ ကျနော့်တစ်ကိုယ်ရည်အနေ နဲ့တော့ မစဉ်းစားတတ်ဖူးပေါ့နော်။ အတတ်နိုင်ဆုံး လုပ်လို့ ရတာကတော့ ဒီဟာတွေနဲ့ ဝေးဝေးနေဖို့ပဲ ရှိတယ်။ လောလောဆယ်မှာ”

အခုလို ပိတ်ပင်မှုတွေကြောင့် လွတ်လပ်စွာ တွေးခေါ်ဖန်တီးရမယ့် အနုပညာအရည်အသွေး တွေ ထိခိုက်ကျဆင်းသွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
ရုပ်သံလွှင့်လုပ်ငန်းတွေဟာ အရပ်သားအစိုးရတွေ လက်ထက်မှာ ဆင်ဆာမရှိဘဲ ပြသ ခွင့်ရခဲ့ပေမယ့် လုံးဝ လွတ်လပ်တာမျိုးမဟုတ်တဲ့အတွက် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာတွေ ပူးပေါင်းပြီး ဆင်ဆာ လုံးဝ ဖျက်သိမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ဖူးပါတယ်။
အဲဒီလိုလှုပ်ရှားတောင်းဆိုနေစဥ်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တားဆီးပိတ်ပင်မှုတွေ ပိုဆိုးလာလိမ့်မယ်လို့လည်း အဲဒီ လူငယ်ဒါရိုက်တာက ထောက်ပြဝေဖန်ပါတယ်။
“ကျနော်တို့ဆီက ဆင်ဆာဆိုတာက သိတဲ့အတိုင်းပဲ။ တော်ရုံတန်ရုံ ဘာမဟုတ်တာကို လည်း လိုက်ပိတ် တာမျိုးပေါ့။ ဥပမာ - နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်းမှာ ဘာမှ မဟုတ်ဘူးလို့ ပြောလို့ရတဲ့ အကွက်အကွင်းလေးတွေက ဒီမှာလိုက်ပြီးတော့ ပိတ်ပင် တာတွေ၊ တားဆီးတာတွေ ရှိတာပေါ့လေ။ အခု သူတို့ လက်အောက်မှာဆိုရင်တော့ ပိုပြီးတော့ ဆိုးလာဖို့ပဲ ရှိတာပေါ့။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက အတန်အသင့် လွတ်လပ်ခွင့် ရတယ်၊ ဒါပေမဲ့ ကျနော်တို့ လိုချင်သလောက် အတိုင်းအတာထိ မရခဲ့ဘူး”
ရုပ်ရှင်၊ ဂီတနဲ့ ဇာတ်သဘင် အသိုက်အဝန်းက အနုပညာရှင်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို သိသာထင်ရှားစွာ ကန့်ကွက်ဆန္ဒပြခဲ့တဲ့ အတွက် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်တို့လို ထင်ရှားတဲ့ အနုပညာရှင်တွေ ဖမ်းဆီးထောင်ချခံခဲ့ရသလို အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါ တယ်။
စစ်တပ်က အာဏာသိမ်းပြီး သိပ်မကြာခင် ၂၀၂၁ ခုနှစ် မတ်လကစလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ သတင်းမီဒီယာ ၁၅ ခု၊ စာပေတိုက် လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခု ပိတ်သိမ်းခံထားရပါတယ်။ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်ကစလို့ ရုပ်သံဇာတ်လမ်းနဲ့ ဇာတ်လမ်းတွဲတွေကို ဆင်ဆာစိစစ်ဖြတ်တောက်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။