အာဆီယံကိုယ်စားလှယ် ဒုတိယအကြိမ်ခရီးစဉ် ပြီးဆုံး

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းရဲ့ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ ဒုတိယအကြိမ် ခရီးစဉ်ရလဒ်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဇူလိုင်လ ၄ ရက် မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။
ဒီတစ်ကြိမ်ခရီးစဉ်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘော တူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှုရှိစေဖို့၊ လူသားချင်း စာနာမှု အကူအညီတွေပေးအပ်ဖို့၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေ စတင်နိုင်ဖို့ နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အခြေအနေပေးတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင် ကြိုးပမ်းဖို့စတဲ့ ရည်မှန်းချက်တွေရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာ ပရက်ဆော့ခွန်းဟာ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဘုံသဘောတူညီ ချက် ငါးရပ် အကောင်အထည်ဖော်နိုင်ဖို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း အမြင်ချင်းဖလှယ်ခဲ့ပြီး၊ မေလကပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး အစည်းအဝေးရလဒ်တွေ အကြောင်းဆွေးနွေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ၊ တိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူတွေ ခြိမ်းခြောက်ခံရမှုတွေ ကြုံနေရတဲ့အခြေအနေကို အာဆီယံအထူးကိုယ်စားလှယ်ကို ပြောပြတယ်လို့ဆိုပါတယ်။ အလားတူ စစ်ကောင်စီအနေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေ ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
မစ္စတာ ပရက်ဆော့ခွန်းကလည်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌကို တိုက်တွန်းခဲ့ပြီး၊ ဒီလို ပူးပေါင်းဆောင်ရွက်မှာ အာဆီယံ၊ ကုလသမဂ္ဂတို့ရဲ့ မူဘောင်တွေနဲ့ အညီ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနှစ်ဦးကိစ္စဆွေးနွေးခဲ့ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေအိမ်မှာ ပြန်ထားဖို့ တောင်းဆိုခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အာဆီယံ အထူးကိုယ်စားလှယ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့၊ သွားလာရေး ခက်ခဲတဲ့ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ အချိန်မီပေးပို့၊ ခွင့်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုစုလွင် တို့ အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တွေ့ခွင့်မရခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တရားရင်ဆိုင်နေရတဲ့အတွက် တွေ့ခွင့်မရခဲ့ဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ စစ်ကောင်စီကခန့်ထားတဲ့ အာဆီယံလူသားချင်း စာနာမှု အကူအညီပေးအပ်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး၊ သွားလာရေးခက်ခဲတဲ့ ဒေသတွေဆီ အကူအညီတွေသွားပေးတဲ့အခါမှာ၊ ကုလသမဂ္ဂ အဖွဲ့တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုလုပ်ဖို့နဲ့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ လုပ်ရပ်တွေမပါဝင်ဖို့ မြန်မာ စစ်ကောင်စီဘက်က ပြန်လည်ပြောဆိုတယ်လို့ ပါရှိပါတယ်။
သွားလာရေးခက်ခဲတဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးတဲ့အခါ စီမံခန့်ခွဲနိုင်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့လုပ်အားပေးအဖွဲ့ စေလွှတ်မယ့်အစီအစဉ်ကို မြန်မာဘက်က သဘောတူတယ်လို့ ဆိုပါတယ်။
အာဆီယံအထူးသံဟာ ဇွန်လ ၁ ရက်နေ့က ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေဆက်လုပ်ဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေနဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးရာမှာ ငြိမ်းချမ်းရေး ကော်မတီက ပါဝင်ဆောင်ရွက်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံမှာ ရှိနှင့်ပြီးသား NCA သဘောတူညီချက်ရဲ့ အဖွဲ့ဝင် ဖြစ်လိုတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ပါဝင်ဆောင်ရွက်မှုကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း ဆန္ဒရှိတဲ့အကြောင်း ပြောခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ မစ္စတာ ပရက်ဆော့ခွန်းက၊ သူတို့နိုင်ငံမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဦးဆောင်မှုနဲ့ စစ်တပ်ရဲ့ ပါဝင်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် စွမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးရာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အတွေ့အကြုံကို မျှဝေခဲ့တယ်လို့ ပြောပါတယ်။
ခရီးစဉ် နောက်ဆုံးရက်မှာတော့၊ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ၇ ခုက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး၊ ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ အခြေအနေတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒေသအချို့မှာ ကျူးလွန်သူ မပေါ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်မှုအခြေအနေတွေကို နိုင်ငံရေးပါတီတွေက ပြောဆိုတယ်လို့ဆိုပါတယ်။
အာဆီယံ အထူးသံဟာ ပြင်သစ်၊ အမေရိကန်၊ သြစတြေးလျ၊ အီးယူသံအမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး၊ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုနဲ့ပတ်သက်လို့ အမြင်တွေ ဖလှယ်ခဲ့ကြတယ်လို့ဆိုပါတယ်။ သေဒဏ်ချက်မှတ်ခံထားရတဲ့ နိုင်ငံရေး လှုပ်ရှားသူ နှစ်ဦးကို မကွပ်မျက်ဖို့ တောင်းဆိုထားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ၊ နေအိမ်မှာပြန်ထားဖို့ တောင်းဆိုထားတာအတွက် ချီးကျူးပြောဆိုခဲ့ကြတယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။