အာဆီယံကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်ခရီးစဉ် မြန်မာပဋိပက္ခအတွက် အကျိုးမရှိ

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက် မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ခုနစ်ပါတီနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ မပါဝင်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လို အင်အားကြီး အတိုက်အခံအဖွဲ့အစည်းတွေ မပါဝင်ပါဘူး။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာ့ အကျပ်အတည်းနဲ့ ပဋိပက္ခဖြေရှင်းရေးအတွက် အကူအညီမဖြစ်ခဲ့ဘူးလို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
“အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်က မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ဘာမှ တိုးတက်လာတာ မတွေ့ရပါဘူး။ စစ်ကောင်စီ ခွင့်ပြုသလောက်နဲ့ သူတို့အလိုကျ သူတွေနဲ့သာ တွေ့ပြနေတာဟာ မြန်မာ့ဒီမိုကရေစီကို စေတနာရှိသယောင်၊ ဝတ်ကျေ တမ်းကျေ ကြောင်ရေချိုးပြနေတာ ထင်ရှားနေပါတယ်။ တကယ်ဆို ဥပဒေအကြောင်း အရာအရရော၊ တိုင်းပြည်ရဲ့ လက်ရှိခေါင်းဆောင်လည်းဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ တိုင်းရင်းသား ဒေသတွေပါမကျန် ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက် ထောက်ခံနေဆဲဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချန် ထားသော တွေ့ဆုံဆွေးနွေးမှုတွေက ဘာမှအရာမထင်ခဲ့ဘူးဆိုတာ သမိုင်းတစ်လျှောက် သက်သေပြခဲ့ပြီးဖြစ်ပါတယ်”
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ ကလည်း အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်ဟာ အောင်မြင်မှုနည်းတယ် လို့ သုံးသပ်ပါတယ်။
“သူက လူသားချင်း စာနာထောက်ထားမှု အလုပ်တွေကို လုပ်လို့ရတော့မယ်ဆိုတဲ့ သတင်းအချက်အလက်မျိုး ကျနော်တို့ကိုပေးခဲ့တယ်။ အာဆီယံ သဘောတူညီချက်က ငါးချက်ရှိတယ်။ ငါးချက်မှာ အဲဒီတစ်ချက်ပဲ အလုပ်အဖြစ်ဆုံး အခြေအနေရှိသေးတယ် ဆိုတော့ ခရီးစဉ်အောင်မြင်မှုက ရာခိုင်နှုန်းအားဖြင့်တွက်ရင် နည်းတယ်လို့ ပြောရမယ်”
တခြား ဘုံသဘောတူညီချက်တွေ ထင်ထင်ရှားရှား တိုးတက်မှုမရှိပေမယ့် လူသားချင်း စာနာမှုကိစ္စတွေမှာတော့ အာဆီယံဟာ မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရန်ပုံငွေ ရရှိထားကြောင်း အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တယ်လို့ ဦးသာထွန်းလှ က ဆက်ပြောပါတယ်။
အာဆီယံကိုယ်စားလှယ်ဟာ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စအတွက် စစ်ကောင်စီနဲ့ပဲ ဆွေးနွေးခဲ့လို့ မြေပြင်ကဒုက္ခသည်တွေအတွက် အကျိုးမရှိနိုင်ဘူးလို့ ကရင်ပြည်နယ်ထဲက ဒုက္ခသည်အရေး ကူညီနေတဲ့ ကရင်လူမှုရေးရာအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ထောက်ပြပါတယ်။
“စစ်ကောင်စီက ကျနော်တို့ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်နေတယ်။ ဒါက မျက်မြင်ပဲလေ။ ဒါကြောင့်မို့ သူတို့က ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ဘဲနဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးကတည်းက အဖြေက ရှင်းနေတာပဲ။ ဒါက IDP တွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ အဲ့ဒီလိုသုံးသပ်တယ်ခင်ဗျ”
အထူးကိုယ်စားလှယ်အနေနဲ့ အတိုက်အခံအင်အားစုတွေနဲ မတွေ့ဆုံဘူးဆိုရင် မြန်မာ့ အကျပ်အတည်းအတွက် နည်းလမ်းရှာနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တခြားအဖွဲ့အစည်းတွေ၊ တခြား Stakeholder တွေနဲ့ မတွေ့တော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့အတွက် ဘယ်လိုကူညီ ပေးနိုင်မလဲဆိုတာ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဆိုတော့ သူ့အနေနဲ့က အရင်ဆုံး တွေ့ဆုံရမယ့်သူတွေ အကုန်လုံးနဲ့တွေ့ဆုံဖို့ လိုအပ်တယ်ဆိုတာ ထောက်ပြပြီး ပြော ချင်ပါတယ်"
အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအပါအဝင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် စစ်ကောင်စီနဲ့ စစ်ကောင်စီက ခွင့်ပြုသူတွေကိုပဲ တွေ့ဆုံနေတာမျိုး မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ပထမအကြိမ် ခရီးစဉ်မှာလည်း စစ်ကောင်စီခေါင်းဆောင် အပါ အဝင် စစ်ကောင်စီက ခွင့်ပြုတဲ့ လူပုဂ္ဂိုလ်အချို့နဲ့သာ တွေ့ဆုံနိုင်ခဲ့တာပါ။
"ဝတ်ကျေ တမ်းကျေ ကြောင်ရေချိုးပြနေတာ ထင်ရှားနေပါတယ်"
အခုတစ်ကြိမ်မှာ ပထမအကြိမ်ထက် တွေ့ဆုံဆွေးနွေးသူတွေ များခဲ့ပေမယ့် ပဋိပက္ခ ဖြေရှင်းရေးမှာ အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေနဲ့ မတွေ့ဆုံနိုင်ခဲ့ တာကြောင့် ထူးထူးခြားခြား အကျိုးမရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
စင်္ကာပူ အမျိုးသားတက္ကသိုလ်မှာ မဟာတန်းတက်နေတဲ့ ကိုကြည်စင်ကတော့ အာဆီယံ ကိုယ်စားလှယ်ရဲ့ ခရီးစဉ် နှစ်ကြိမ်စလုံး ဘုံသဘောတူညီချက်ငါးချက် တိုးတက်မလာ တာကြောင့် စစ်ကောင်စီအနေနဲ့ သူ့အကျိုးစီးပွား အတွက်သာ အာဆီယံကိုယ်စားလှယ်ကို လက်ခံဆွေးနွေးနေတာလို့ သုံးသပ်ပါတယ်။
“အာဆီယံက သဘောတူထားတဲ့ အခြေခံမူငါးချက်က စစ်ကောင်စီအနေနဲ့ ဘယ်လိုမှ အကောင်အထည် ဖော်ပေးမှာ မဟုတ်ဘူး။ သူက အာဆီယံထဲမှာ ပါလက်စလည်း ဖြစ်တယ်၊ နောက်ပြီးတော့ အာဆီယံအဖွဲ့ဝင် တစ်ယောက်အနေနဲ့ ရနေတဲ့အခွင့်အရေး တွေ၊ ကုန်သွယ်ရေး အထူးခံစားခွင့်တွေ အစရှိတဲ့ဟာတွေကို ဆက်ပြီးတော့ ရနေဖို့ စီးပွားရေးအကျပ်အတည်း ရောက်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအနေအထားကို ဒီထက် ပိုမဆိုးသွားဖို့အတွက် အာဆီယံကို လိုအပ်နေတာတွေကြောင့်မို့လို့သာ အာဆီယံက လွှတ်တဲ့ အထူးကိုယ်စားလှယ်ကို သူတို့ လက်ခံတွေ့ဆုံပြီး အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောရမှာပေါ့”
မြန်မာခရီးစဉ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် မဟုတ်သူတွေနဲ့ တွေ့ဆုံဖို့ ၊ လူသားချင်းစာနာမှု အကူအညီ ရောက်ဖို့ခက်ခဲနေတဲ့ နေရာတွေကို အချိန်မီ ဘေးကင်းလုံခြုံစွာနဲ့ ဘက်မလိုက်ဘဲ ကူညီပေးဖို့တွေ တောင်းဆို ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံ မှုမှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်း တွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘယ်လိုပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ မစ္စတာပရက်ဆော့ခွန်းဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၂ ရက်နေ့ အထိ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဇူလိုင် ၃ ရက်က တရုတ်နိုင်ငံခြားရေးဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးမှုအပြင် ပုဂံမှာ လုပ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့က တက်ရောက်မှုတွေကိုတော့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။