နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ထောင်နှစ်ရှည်ချမှု ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်
2022.12.13
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ သီတင်းနှစ်ပတ်အတွင်း NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး အပါအဝင် အလွှာစုံက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ၃၉ ဦးကို စစ်ကောင်စီက သေဒဏ်နဲ့ ထောင် အနှစ် ၄၀ ကျော်အထိ ချမှတ်ခဲ့ပါတယ်။
အမိန့်ချခံရသူတွေထဲမှာ ရဟန်းသံဃာ၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ NLD လွှတ်တော် ကိုယ်စားလှယ်၊ သတင်းထောက်၊ ရှေ့နေ၊ တက္ကသိုလ်ကျောင်းသား၊ ကဗျာဆရာ၊ သပိတ်အဖွဲ့ စတဲ့ အလွှာမျိုးစုံက ပြည်သူတွေ ပါဝင်ပါတယ်။
ဒါဟာ နိုင်ငံရေးအရ အားကောင်းတဲ့ NLD ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်အာဏာ သိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ လူငယ်တွေအပေါ် စစ်ကောင်စီက ရေရှည် ထိန်းချုပ်ထားလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ဆောင်နေတာလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
"စွပ်စွဲခံရတဲ့ ပြစ်မှုအတွက် တရားစီရင်တဲ့အခါ အများပြည်သူရှေ့မှောက်မှာ တရားစီရင်တာဖြစ်ရမယ်"
နိုင်ငံတကာဖိအားတွေကြောင့် လွတ်ငြိမ်းသက်သာခွင့် ပေးမယ်ဆိုရင်တောင် ဒီလို နှစ်ကြီးသမားတွေနဲ့ သေဒဏ်ချခံထားရသူတွေကို ပြန်လွှတ်ပေးစရာ မလိုအောင် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။
“နိုင်ငံတကာရဲ့ ဖိအား၊ ကုလသမဂ္ဂ၊ အာဆီယံစတဲ့ အဖွဲ့အစည်းတွေရဲ့ တွန်းအား တွေပေါ့။ ဒီတွန်းအားတွေကြောင့် မဖြစ်မနေ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ပုဒ်မတွေကို လွှတ်ရမယ့်အခြေအနေမျိုး ရောက်လာခဲ့ရင် လွှတ်ပေးဖို့ ရည်ရွယ်ချက်နည်းတဲ့ လူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတယ်။ သေဒဏ်တွေ ချမှတ်ထားတယ်။ အဲဒီလိုချမှတ်ထားခြင်းအားဖြင့် အကယ်၍များ လွတ်ငြိမ်းချမ်းသားပေးခဲ့သော် အဲဒီအထဲမှာ အကျုံးမဝင်နိုင်တော့တဲ့ အနေအထား ဖန်တီးထားတာလို့ ဒီလိုပဲ သုံးသပ်လို့ရပါတယ်”
အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း စစ်ဆေးခဲ့တဲ့ နိုင်ငံရေးအမှုတွေမှာ တရားရုံးစစ်ဆေးမှု တွေအရ တစ်ဦးတစ်ယောက်မှ လွတ်မြောက်ခဲ့တာ မရှိသလို တချို့ကိုလည်း သက်ဆိုင်ရာ ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို တမင်ချမှတ်နေတာဟာ မေးခွန်းထုတ်စရာဖြစ်နေ တယ်လို့ သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ- ၁၂၂ နဲ့ လားရှိုး ထောင်တွင်း တရားရုံးကနေ နိုဝင်ဘာ ၂၉ ရက်နေ့က ထောင်အနှစ် ၂၀ ချမှတ်ခဲ့တာပါ။ သူ့ကို အရင်ကလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ (ခ) အမှုနှစ်ခုအတွက် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် ချမှတ်ထားတာကြောင့် စုစုပေါင်း ၂၄ နှစ် ကျခံရမှာပါ။
ဦးနှောက်သွေးကြော တစ်ချောင်းတည်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ အသက် ၇၄ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ဟာ ဒီလို နှစ်ရှည်အမိန့်တွေကြောင့် ထောင်ထဲမှာပဲ အသက်ဆုံးတဲ့အထိ နေထိုင်သွားရမှာကို စိုးရိမ်မိတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အန်ကယ် ဦးထွန်းထွန်းဟိန်က အခုဆိုလို့ရှိရင် နှစ် ၂၀ ထပ်ချခံရတယ်ပေါ့နော်။ အရင်တုန်းကလည်း ကျခံနေဆဲ လေးနှစ်ကလည်းရှိတော့ ၂၄ နှစ်၊ အခုက အသက် ကလည်း ၇၄ နှစ်ဝန်းကျင် ရှိပြီဆိုတော့ အန်ကယ်က ထွက်လာဖို့ လမ်းမမြင်ဘူးပေါ့နော်။ အဲဒီကြားထဲမှာ ဘာတွရှိနေသေးလဲဆိုတော့ ရွေးကောက်ပွဲ အမှုကလည်း ပုဒ်မ ၁၃၀ နဲ့ ဒီအမှုတွေလည်း ရင်ဆိုင်နေရသေးတယ်လို့ ကြားတယ်လေ။ အဲဒီတော့ အန်ကယ့် အနေနဲ့က အစကတည်းက ကျန်းမာရေးက သိပ်မကောင်းတော့ သူ့အတွက် စိတ်ပူတာ ပေါ့လေ။ ထောင်ထဲမှာပဲ နေရတော့မယ့်ပုံစံမျိုးဖြစ်နေတာပေါ့။ စိတ်မကောင်းရုံကလွဲပြီး ဘာတတ်နိုင်မှာတုန်း”
ဦးထွန်းထွန်းဟိန်ဟာ ရာဇသတ်ကြီးပုဒ်မ -၁၃၀ ရွေးကောက်ပွဲ မသမာမှုနဲ့ စွဲထားတဲ့ အမှုသုံးခုကိုလည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဧရာဝတီတိုင်းက NLD လွှတ်တော်အမတ် သုံးဦးနဲ့ နိုင်ငံရေးလှုပ်ရှားသူ ရှစ်ဦး၊ စုစုပေါင်း ၁၁ ဦးကို ပုသိမ်ထောင်တွင်း တရားရုံးကနေ ထောင်နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။ သူတို့ကိုလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ-၁၂၄ (က) တို့နဲ့ တရားစွဲပြီး အမိန်ချခဲ့တာပါ။
အဲဒီအထဲမှာ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ ပုသိမ်မြို့က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွဋ်တို့ ပါဝင်ပါတယ်။
ဦးသန်းထွဋ်ဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာကြောင့် လွတ်ငြိမ်းခွင့်ပေးရင် တောင် ပြန်ပါမလာမှာကို စိုးရိမ်နေမိတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အရှေ့က နှစ်နှစ်လုံးလုံးကြီးကို အချိန်တွေက ကုန်ခဲ့ပြီပဲ။ ခက်ခက်ခဲခဲတွေလည်း ကျော်ဖြတ်ရတာ ဖြစ်တဲ့အတွက်တော့ ပြီးတာကတော့ အမြန်ပြီးစေချင်တာပေါ့။ အခု နှစ် ၂၀ ချပြီးသွားတဲ့နောက်ပိုင်း တကယ်လို့များ လွတ်ငြိမ်းတွေဘာတွေဆိုရင် ပါနိုင်ခြေရှိတယ်။ အခုက ထပ်ပြီးတော့ စွဲထားတဲ့ အမှုတစ်ခုက ထပ်ရှည်နေတာဆိုတော့ စိတ်တော့ပူတာပေါ့နော်။ တကယ်လို့များ အခွင့်အရေးရလို့ လွတ်မယ့်အထဲမှာများ သူတောင် ပါပါ့မလားပေါ့၊ အဲဒီလိုမျိုးလေးတော့ စိုးရိမ်တာပေါ့။ စိတ်မကောင်းတာတွေ တော့ ဖြစ်တာပေါ့နော် ဒါပေမဲ့ ဘာမှလုပ်လို့မရတဲ့အတွက် ဒီလိုပဲသွားရမှာပဲလေ”
ပုသိမ်မြို့က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွဋ်ဟာ အရင်ကလည်း ရာဇသတ်ကြီး ပုဒ်မ-၁၈၈ နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရတာကြောင့် လက်ရှိမှာ ထောင်ဒဏ် ၂၂ နှစ် ကျခံရမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မနဲ့ စွဲထားတဲ့ နောက်ထပ်တစ်မှုကိုလည်း သူဆက်လက်ရင်ဆိုင်နေရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ကတော့ အသက် ၁၈ နှစ်ကနေ ၂၀ အရွယ်ရှိတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး အပါအဝင် လူငယ် ၁၂ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။
သေဒဏ်ပါအဝင် ထောင်နှစ်ရှည် ချမှတ်ခံရသူတွေကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းနဲ့ အညီ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာပေးထားတယ်လို့ အကျဉ်းဦးဌာနပြောရေး ဆိုခွင့်ရှိသူ ဦးနိုင်ဝင်းက ပြောပါတယ်။
“စောင့်ရှောက်တာ အကုန်လုံး ကျနော်တို့ရဲ့ မျက်စိအောက်မှာ ၂၄ နာရီမပြတ် ကြည့်ပြီးတော့မှ အဲဒီလိုမျိုး ဆောင်ရွက်ပေးရပါတယ်။ နှစ်များရင် အရေးကြီးမယ်၊ အရေးကြီးရင် ကြီးသလို ကျနော်တို့ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ပုံစံလေးတွေရှိပါတယ်။ အဲဒီအတိုင်း ကျနော်တို့ စနစ်တကျ ဆောင်ရွက်ပေးပါတယ်။ လက်လွတ်စပယ်ထားလို့ မရပါဘူး။ ထားခွင့်လည်း မရှိပါဘူး။ ကျနော်တို့မှာ ဥပဒေစည်းမျဉ်းတွေ အကုန်ရှိပါတယ်။ အဲဒီအတိုင်း အနီးစပ်ဆုံး အတိကျဆုံး ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်”

မြန်မာနိုင်ငံအခြေစိုက် Human Rights Initiative (HRI) အဖွဲ့ တာဝန်ရှိသူ ကိုထွန်း ကတော့ စစ်တပ်အာဏာသိမ်းထားချိန်မှာ ထောင်တွင်းလျို့ဝှက်တရားရုံးတွေကနေ အမိန့်ချချင်သလို ချမှတ်နေတဲ့အတွက် ဖမ်းဆီးခံရသူတွေဟာ ဥပဒေအရ ခုခံကာကွယ် ပိုင်ခွင့်လည်း ဆုံးရှုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“တရားဥပဒေစိုးမိုးမှုဆိုတာလည်း မရှိဘူး။ ဒါကြောင့် တရားစီရင်ရေး မျှတမှု ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီလို အခြေအနေအောက်မှာတော့ ဥပဒေရဲ့ တန်းတူညီမျှ အကာကွယ် လုံးဝမရနိုင်ဘူး။ ဥပဒေဆိုင်ရာ အခွင့်အရေးအရဆိုရင် စွပ်စွဲခံရတဲ့ ပြစ်မှုအတွက် တရားစီရင်တဲ့အခါ အများပြည်သူရှေ့မှောက်မှာ တရားစီရင်တာဖြစ်ရမယ်။ ရှေ့နေ ရှေ့ရပ်တွေ ငှားရမ်းခွင့် ရှိရမယ်။ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ခွင့်ပေးရမယ်။ အဲဒီလိုမျိုး တစ်ခုမှ အခွင့်အရေးမပေးဘဲနဲ့ သူတို့ကို ထောင်တွင်းထဲ မှာပဲ ဖွဲ့ထားတဲ့ တရားစီရင်ရေးယန္တရားနဲ့ ဒီလူ့ဒီလောက် အမိန့်ချခိုင်းဆိုပြီးတော့ အမိန့်နဲ့ ညွန်ကြားချက်တွေနဲ့ အဲဒီလိုမျိုး ညွှန်ကြားပြီးလုပ်တဲ့ဟာမှာတော့ အဲဒီဥပဒေ အခွင့်အရေးတွေက တစ်ယောက်မှရနိုင်မှာ မဟုတ်ဘူး”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂,၅၇၂ ဦး အသက်ဆုံးခဲ့ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၇၄ ဦးရှိပြီး အဲဒီအထဲက ၁,၆၈၄ ဦးကို အပြီးသတ်အမိန့်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။
အဲဒီအထဲမှာ ထောင်တွင်း သေဒဏ်ချမှတ် ခံထားရသူ ၉၇ ဦးနဲ့ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ဦး စုစုပေါင်း သေဒဏ်ချခံထားရသူ ၁၃၉ ဦး ရှိပါတယ်။