နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု ဖျက်သိမ်းဖို့ NUG ဒုဝန်ကြီး ဆွေးနွေး
2023.03.24

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအင်စတီကျု USIP မှာ မတ်လ ၂၄ရက်နေ့က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ကယ်တင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ လူကိုယ်တိုင်နဲ့ အွန်လိုင်းကနေ တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ အယူအဆပေါင်းစုံရှိနေပေမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့ အချက်ကို ဘုံသဘောတူညီချက်တစ်ရပ်အဖြစ် လက်ခံထားပြီး ဖြစ်တဲ့အကြောင်းနဲ့ စစ်တပ်သာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်ကို လက်မခံတဲ့ အဖွဲ့အစည်းဖြစ်နေတဲ့အကြောင်း ဦးမိုးဇော်ဦးက ပြောပါတယ်။
နိုင်ငံတကာက မြန်မာနိုင်ငံပြဿနာကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားတဲ့နေရာမှာ ပြဿနာအားလုံးရဲ့ အဓိက အရင်းအမြစ်ကို မဖြစ်မနေ ဖြေရှင်းဖို့လိုတဲ့အကြောင်း ဦးမိုးဇော်ဦးက ပြောပါတယ်။
“နိုင်ငံတကာက မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ကြိုးစားနေတာတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒီလို ဖြေရှင်းပေးတဲ့နေရာမှာ ပြဿနာအားလုံးရဲ့ အဓိကအရင်းအမြစ်ကို ဖြေရှင်းဖို့ လိုပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ကြီးစိုးမှုကို လုံးဝဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံတကာက တိုက်တွန်းတဲ့နေရာမှာ ဒီအဓိက ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အချက် မပါပါဘူး။ ဒီ အဓိကပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့မပါဘဲ လုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံကို ကူညီရာရောက်မှာ မဟုတ်ပါဘူး။ အခြေအနေတွေ ပိုဆိုးပြီး ရှုပ်ထွေးသွားအောင် လုပ်ရာပဲ ရောက်ပါလိမ့်မယ်။”
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို တရားဝင်ဖြစ်မှုပေးတဲ့ လုပ်ရပ်အားလုံးကို ရှောင်ရှားကြဖို့နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပါအဝင် စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်နိုင်အောင် ပိတ်ဆို့အရေးယူပြီး ဖိအားပေးကြဖို့ တိုက်တွန်းပြောကြားပြီး မြန်မာစစ်တပ်ကို အောင်ပွဲခံခွင့်မပေးဘဲ ဒီမိုကရေစီအင်အားစုတွေကိုသာ အနိုင်ရအောင် ကူညီကြဖို့ ဦးမိုးဇော်ဦးက နိုင်ငံတကာကို တောင်းဆိုသွားပါတယ်။
လက်ရှိအချိန်မှာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဒေသတွင်း နိုင်ငံအချို့ဟာ စစ်ကောင်စီကို အားပေးထောက်ခံနေကြပြီး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေလည်း အားနည်းနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က သုံးသပ်ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကို သဘောမကျပေမယ့် နေပြည်တော်မှာ အာဏာရယူထားတဲ့ ဘယ်သူနဲ့မဆို လက်တွဲအလုပ်လုပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ တရုတ်နိုင်ငံဟာ စစ်ကောင်စီကို လက်နက်နဲ့ သံတမန်ရေးအရ အကူအညီပေးနေသလိုပဲ တရုတ်မြန်မာနယ်စပ် တစ်လျှောက်က လက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်တပ်နဲ့ သဘောတူညီချက်တွေ ရယူဖို့ တိုက်တွန်းနေပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နေရပ်ပြန်နိုင်တဲ့အခြေအနေ လုံးဝမရှိဘဲ တရုတ်နိုင်ငံဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအတွက်လည်း ပါဝင်ကူညီနေပါတယ်။ ဒါတွေအားလုံးဟာ တရုတ်အစိုးရဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေကို လုံးဝ ဂရုမစိုက်တဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အောင်မြင်ပြီး အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာကို မလိုလားဘဲ တည်ငြိမ်မှု ရှိတယ်ဆိုရုံ အကွဲကွဲအပြားပြား ဖြစ်နေစေချင်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။”
အလားတူပဲ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံနဲ့အပြိုင် သြဇာအာဏာဆုံးရှုံးမှာ ကြောက်ရွံ့တာနဲ့ အိန္ဒိယမြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ယူဆတာ စတဲ့ အချက်နှစ်ခုကြောင့် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့အကြောင်း စုစည်းညီညွတ်ပြီး အားကောင်းတဲ့ မြန်မာနိုင်ငံဖြစ်မှသာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်မှာဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်နေသရွေ့ ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ မစ္စတာ စကော့မာစီရယ်က သုံးသပ်ပါတယ်။
အာဆီယံအနေနဲ့ကတော့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုတာနဲ့ ဘုံသဘောတူညီချက် ငါးချက်တို့လို့ ရလဒ်အချို့ ဖန်တီးနိုင်ခဲ့ပေမယ့် စစ်ကောင်စီက ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့အပြင် မြေပြင်အခြေအနေနဲ့လည်း မကိုက်ညီတဲ့အကြောင်း ဒီဘုံသဘောတူညီချက်တွေဟာ စစ်ခေါင်းဆောင်တွေ ကျိုးသင့်ကြောင်းသင့် ဆွေးနွေးပြောဆိုလို့ရပြီး မြန်မာပြည်သူတွေအတွက်လည်း ဂရုစိုက်လိမ့်မယ်ဆိုတဲ့ မှားယွင်းတဲ့ မှန်းဆချက်ကို အခြေခံပြီး ချမှတ်ထားတာဖြစ်ကြောင်းနဲ့ အာဆီယံအဖွဲ့တွင်းမှာလည်း စိတ်ဝမ်းကွဲနေပြီး ပိုကောင်းတဲ့ နည်းလမ်း မရှာဖွေနိုင်တဲ့အတွက် ဒီဘုံသဘောတူညီချက်တွေကို အလုပ်မဖြစ်ပေမယ့် ဆက်ပြီး စွဲကိုင်ထားတာလို့ မစ္စတာ စကော့မာစီရယ်က သုံးသပ်ပါတယ်။
“ကျွန်တော်တို့ မိတ်ဆွေ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ကတော့ ကူညီရာ မရောက်ဘဲ ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်အချို့ကို တိတ်တိတ်ဆိတ်ဆိတ် လုပ်ပေးခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေကို အားပေးထောက်ခံနေပါတယ်။ အခြား အာဆီယံနိုင်ငံတွေကတော့ အာဆီယံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှု မလုပ်ရေးဆိုတဲ့ စည်းမျဉ်းနောက်မှာ ပုန်းကွယ်နေကြပါတယ်။ ကျွန်တော့်အမြင်ကတော့ စစ်ကောင်စီဟာ တရားမဝင်တဲ့အတွက် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုလုပ်တာ အားလုံးဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ရာ ရောက်နေပါတယ်။”
ဆက်လက်ပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မျှော်လင့်စရာရှိတဲ့အကြောင်း အင်ဒိုနီးရှားဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဆင့်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာဖို့ နဲ့ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဖွင့်ပေးဖို့ ထိုင်းနိုင်ငံကို ဖိအားပေးတာတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မစ္စတာ စကော့မာစီရယ်က သုံးသပ်ပြောကြားခဲ့ပါတယ်။