နွေဦးတော်လှန်ရေးမှာ တောင်သူလယ်သမားတွေ ထိပ်တန်းက ပါဝင်နေ

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေဖြစ်ပြီး နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေးမှာလည်း ဆရာစံ ဦးဆောင်တဲ့ ၁၉၃၀ လယ်သမား အရေးတော်ပုံကြီးဖြစ်ခဲ့သလို ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး မှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာဆိုရင် တောင်သူလယ်သမား အများစုနေထိုင်ကြသလို စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံမှု အမြင့်ဆုံးဒေသတွေဖြစ်တာကြောင့် အသက်အိုးအိမ် စည်းစိမ်းတွေထိခိုက်မှု အများဆုံး ဒေသတွေ ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က အသက် ၂၀ အရွယ် မနွေဦးဟာ မိရိုးဖလာ စိုက်ပျိုးရေး လုပ်ကိုင်ရာကနေ အခုချိန်မှာတော့ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ ကျရာ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ RFA ကို ပြောပါတယ်။
"အခုချိန်မှာ ညီမတို့တွေက တောင်သူလုပ်ကိုင် စားသောက်ရမှာလေ၊ တောင်သူ လုပ်ဖို့ရာ ကလည်း အဆင်မပြေတော့ဘူးဆိုတော့ ညီမတို့တွေရဲ့ ပန်းတိုင်၊ ညီမတို့တွေရဲ့ မျှော်လင့်ချက်တွေက ပျောက်ဆုံးသွားသလိုပဲပေါ့၊ ညီမအနေနဲ့ဆိုရင် ညီမအသက် တစ်မိနစ်လောက် ရှင်မယ်ဆိုရင်တောင် အဲဒီတစ်မိနစ်လေးကို မရရအောင် စစ်ကောင်စီ ကို တိုက်ခိုက်နေတာပါ"
စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး နှိမ်နင်းနေတာကြောင့် အပြစ်မဲ့အရပ်သားတွေရဲ့ နေအိမ်တွေအပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေပါ ပျက်စီးဆုံးရှုံးရတယ်လို့ သူက ဆိုပါတယ်။
အာဏာမသိမ်းခင်က ရာသီဥတု၊ ကိုဗစ်ကပ်ရောဂါကြားမှာ သီးနှံဈေးကွက်ပျက်လို့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေး ဆုံးရှုံးခဲ့တာကြောင့် တောင်သူတွေရဲ့ စီးပွားရေးဟာ ယိုင်နဲ့နေခဲ့ပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ရွာထဲကို စစ်တပ်က ဝင်ရောက်စီးနင်းတာ၊ အိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေကြောင့် တောင်သူတွေရဲ့ စီးပွားရေး ပိုအထိနာခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ရွာဘက်ဆိုရင် စစ်တပ်က မီးရှို့ထားတယ်။ အဲဒီအတွက် ထွန်စရာ ထွန်တုံး တောင် မရှိတော့ဘူး၊ တချို့ဆိုလည်း စစ်တပ်ရဲ့ နှိပ်စက်တာ ခံရတယ်၊ နောက်တစ်ခုက ဘာ အခက်အခဲ ရှိလဲဆိုရင် လုပ်စားစရာနေရာကို မရှိဘူးလို့ ပြောရမယ်၊ အိမ်ရှိသော်လည်း မြေမရှိသလိုမျိုး။ အခု မြေပါမရှိတော့ဘူးဆိုတော့ အခက်အခဲကို ဘယ်လိုပြောပြရမလည်းတောင် မသိဘူး"

စစ်ကိုင်းတိုင်းမှာဆိုရင် အသက်ပေး တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တောင်သူလယ်သမား တွေ ရှိသလို၊ ရိက္ခာနဲ့ စစ်လက်နက်ဝယ်ယူရေးအတွက် လယ်ယာမြေကို ပေါင်းနှံရောင်းချ ပြီး လှူနေသူတွေလည်း ရှိတာမို့ စစ်ကိုင်းတိုင်းက တောင်သူလယ်သမားတွေရဲ့ တော်လှန်ရေးဟာ အရင်းအနှီး ကြီးတယ်လို့ ပုလဲနယ်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက RFA ကို ပြောပါတယ်။
"လူသားတွေရဲ့ ရိက္ခာပိုင်းကို တာဝန်ယူထားရတဲ့ အညာဒေသက တောင်သူ လယ်သမားကြီးတွေ က အသိပညာ နွမ်းပါးတယ် ထင်ရတယ်၊ စည်းစိမ်ဥစ္စာနွမ်းပါးတယ် ထင်ရမယ်၊ လူနေမှု အဆင့်အတန်း နွမ်းပါးတယ် ထင်ရမယ်၊ တောင်သူလယ်သမားတွေ ရဲ့ သားသမီးတွေ ဒီတိုင်းပြည်ရဲ့ လွတ်မြောက်ရေးမှာ ပါဝင်နေသလို၊ အားလုံး လက်ခံ ထားတဲ့ လူကုံထံတွေရော၊ လူဆင်းရဲတွေရော အာဏာရူး စစ်အုပ်စုက ယုတ်မာရက်စက် နေပြီး အဲဒီအောက်က ရတဲ့နည်းနဲ့ လွတ်မြောက်အောင် ကြိုးပမ်းကြရမယ်ဆိုတာ သိနေပြီးတဲ့နောက်မှာကိုမှ စည်းစိမ် ဥစ္စာလည်း တောင့်တောင့်တင်းတင်း မရှိ၊ လူနေမှု အဆင့်အတန်းကလည်း နုံနုံချာချာ၊ အသိပညာလည်း ပြည့်ပြည့်ဝဝ မရှိဘူးထင်တဲ့ လူတွေက ဒီတိုင်းပြည် လွတ်မြောက်ဖို့ လူကုံထံတွေက ရိက္ခာတွေစု၊ လက်ခုပ် တီးရုံလောက်ပဲ လုပ်နေချိန်မှာ ဒီတောင်သူလယ်သမားတွေဟာ အသက်တွေ ဘဝတွေစွန့်ပြီး တိုက်ပွဲဝင်နေကြတယ်။ ဒါက ဝမ်းနည်းစရာ ကောင်းတာလား၊ ဂုဏ်ယူစရာကောင်းတာလား ကျွန်တော် မသိဘူး"
အာဏာမသိမ်းခင်က ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဗိုလ်နဂါးဟာ တိုင်းပြည် အနေအထားအရ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရပေမယ့် တော်လှန်ရေးပြီးရင် သူ့ရဲ့ မူလစိုက်ပျိုးရေးအလုပ်ကိုပဲ ပြန်လုပ်ချင်တယ်လို့ ပြောပါတယ်။
လယ်သမားတွေ ကိုယ့်အိမ်မှာကိုယ် နေခွင့်မရဘူး။ ကိုယ့်လယ်ကိုယ် ဆင်းလို့မရဘူး၊ ကိုယ့်လယ်ကိုယ် ရိတ်သိမ်းခွင့်မရအောင် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက သေနတ်နဲ့ရော၊ ဗုံးတွေနဲ့ရော အမြောက်တွေနဲ့ရော ပစ်ခတ်နေတယ်
သမိုင်းကြောင်းတစ်လျှောက် ဒီကနေ့ခေတ် လယ်သမားတွေရဲ့ ဘဝလောက် ခက်ခဲတာ၊ လုံခြုံမှုကင်းမဲ့တာမျိုးကို မကြုံဖူးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့လယ်သမားတွေရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ဒီနေ့ခေတ် ကာလလောက် မလုံခြုံတာ၊ ဒီနေ့ ခေတ်ကာလလောက် ရက်ရက်စက်စက် သတ်ဖြတ် ခံရတာ၊ ဒီနေ့ ခေတ်ကာလလောက် အိမ်တွေ မီးရှို့ခံရတာ၊ ကိုယ့်လယ်ကိုယ် လုပ်ခွင့် မရတာ၊ ကျွန်တော် ထင်ပါတယ် လာမယ့်နှစ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ပြည်သူထက်ဝက်ကျော် ငတ်မွတ်ခေါင်းပါးတဲ့ ကံကြမ္မာနဲ့ ကြုံရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားတွေ ကိုယ့်အိမ်မှာကိုယ် နေခွင့်မရဘူး။ ကိုယ့်လယ်ကိုယ် ဆင်းလို့မရဘူး၊ ကိုယ့်လယ်ကိုယ် ရိတ်သိမ်းခွင့်မရအောင် စစ်ကောင်စီ ရဲ့ လုံခြုံရေးတပ်တွေက သေနတ်နဲ့ရော၊ ဗုံးတွေနဲ့ရော အမြောက်တွေနဲ့ရော ပစ်ခတ် နေတယ်၊ အခုက ပိုဆိုးလာတဲ့ အခြေအနေက လေကြောင်းကနေပါ ပစ်ခတ် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ရွာတွေ မီးရှို့မှုတွေကို အပြင်းထန်ဆုံး လုပ်နေတဲ့ အခြေအနေ ဖြစ်နေတယ်"
ပြီးခဲ့တဲ့ တောင်သူလယ်သမား အရေးတော်ပုံသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်တဲ့ ၁၉၃ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမား အများစုဟာ လယ်မဲ့၊ ယာမဲ့ ဘဝကို ရောက်ရာက တစ်ဆင့် ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားအဖွဲ့တွေဟာ ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဗြိတိသျှနယ်ချဲ့ကို စတင်တော်လှန်ခဲ့ကြတာပါ။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၄ ခုနှစ်ကစပြီး သူအာဏာသိမ်းခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
ရက်တွေကို ဘယ်လိုပဲ ပြောင်းလဲသတ်မှတ်ပါစေ သမိုင်းတစ်လျှောက် တော်လှန်ရေး အဆက်ဆက်မှာ ပါဝင်ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေရဲ့ ဆရာစံ စိတ်ဓာတ်၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ တော်လှန်ရေးအနှစ်သာရကတော့ ပြောင်းလဲမှုမရှိဘူးလို့ RFA က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောကြပါတယ်။