PDF တပ်ဖွဲ့တွေ လက်နက်အင်အား လိုအပ်နေ

2021.12.29
PDF တပ်ဖွဲ့တွေ လက်နက်အင်အား လိုအပ်နေ တိုင်းရင်းသားနယ်မြေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်သားတွေ စစ်ရေးလေ့ကျင့်နေစဥ်
MPA Photo
တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း အခက်အခဲတွေကြားက သူတို့စွမ်းအားရှိသမျှဆောင်ရွက်နေတယ်၊ ရှေ့နှစ်အတွင်း တိုးတက်မှုတွေကို ထင်ထင်ရှားရှားမြင်ကြရပါလိမ့်မယ်လို့ RFA ကိုပြောပါတယ်။
 
တကသကျောင်းသားဟောင်း ကိုဇေယျာလွင်ဟာ အခု ကရင်ပြည်နယ်မှာ တော်လှန်ရေးသမားတစ်ဦးဖြစ်နေ ပါပြီ။ သူဟာ NUG လက်အောက်ခံ ကျားဖြူတပ်ခွဲ ၂ ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ NUG ရဲ့ ဦးဆောင်မှုကို သူယုံကြည်တယ်။ ဒါပေမဲ့ NUG တောင်ပိုင်းတာဝန်ခံတွေမှာ အားနည်းချက်တွေရှိနေတယ်လို့ သူက ဝေဖန် ပါတယ်။
 
“ငါတို့ကို NUG က ငါတို့ကာကွယ်ရေးဝန်ကြီးဌာနက တစ်ခုခုလုပ်ပေးပါတယ်ဆိုတာမျိုးရဖို့ အင်မတန် လိုအပ်ပါတယ်လို့ ကျနော်မြင်တယ်။ တပ်ရင်းတွေက ၁၅ ရက်တစ်ခါ ရိက္ခာထုတ်ပေးတယ်၊ အဲဒီထုတ် ပေးရင် လိုက်လိုက်တောင်းနေရတာလဲ ပြဿနာတစ်ခု။ တကယ်တမ်းကျတော့ တပ်ဖွဲ့စည်းမှု ပြီးသွားရင် တောင်ပိုင်းကနေ ၁၅ ရက်တစ်ခါ ဒီမှာ တပ်ရင်း ဘယ်လောက်ရှိတယ်၊ တပ်ခွဲ ဘယ်လောက်ရှိတယ် သူတို့ သိနေတာပဲ။ သူတို့စာရင်းထဲမှာ၊ ဘယ်ရက်ဆိုပေးရတော့မယ် သိနေတာဘဲ။ ရက်နားနီးရင် remind လုပ် ပြီး အတိုးအလျှော့လုပ်ပြီး ချပေးရင်ရတယ်။ အခုက လိုက်တောင်းနေရတာ။ အဓိကက လောလောဆယ် မှာ လက်နက်က မရှိဘူး၊ လက်နက်မရှိတာကို NUG အနေနဲ့ ဒီတပ်မဟာ ၆ ထဲမှာ တပ်ရင်း ၅ ရင်းလောက် ရှိတယ်၊ တပ်ရင်း ၁ ရင်းကို နှစ်လက်လောက် ပြန်မျှနိုင်ရင် အကောင်းဆုံးဘဲ။ ဘာပဲဖြစ်ဖြစ် လောလော ဆယ်မှာ NUG က သူရှိသလောက်နဲ့ တပ်ရင်းတပ်ခွဲတွေကို မျှနေပါတယ်ဆိုတဲ့အသိစိတ်က ရဲဘော်တွေကို တကယ်အားဖြစ်စေတယ်၊ motivation ဖြစ်စေတယ်။ ထိတွေ့မှုလည်းမရှိဘူး စီမံခန့်ခွဲမှုကလည်း အား နည်းတယ် ထောက်ပံ့မှုကလည်း မလာတဲ့အခါမှာ ရဲဘော်တွေအနေနဲ့ NUG အပေါ်မှာ ကာကွယ်ရေး ဝန်ကြီးဌာန အပေါ်မှာ ယုံကြည်မှုလျော့ကျတာတွေ အများကြီးဖြစ်စေတယ်။ အဲဒါတော့ ပကတိအခြေ အနေပဲ။”
 
ရန်သူ စကစ ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကို သူတို့ကောင်းကောင်းကျော်လွှား နိုင်တယ်၊ လက်နက်သာ အတော်အသင့်ရမယ်ဆိုရင် စစ်ရေးနိုင်ငံရေးအနေအထားဟာ ၆ လအတွင်း ပြောင်းလဲသွားမှာ သေချာတယ်လို့လည်း သူက ပြောပါတယ်။
 
“ကျနော်ဆို ရှေ့တန်းကို သွားနေတာဘဲ၊ လက်နက်ကြီး ပစ်နေတယ်။ ကျနော်မေးကြည့်တယ် အဲဒါ ဘယ်ကိုပစ်နေတာလဲ၊ ငါတို့ကိုပစ်နေတာတဲ့။ ဟ ငါတို့ကိုပစ်နေတယ် ပြောသေးတယ် ငါတို့က ဒီနားမှာဆိုတော့၊ သူတို့က နေရာမသိဘူး လျှောက်ပစ်နေတာတဲ့။ သူတို့ထက် ကျနော်တို့သာတာက စိတ်ဓါတ်အင်အားပါ။ နှစ်လလောက်သင်တန်းတက်ပြီး စစ်သားဖြစ်လာတဲ့ ရဲဘော်တွေက ဒီစစ်ကောင်စီရဲ့ စစ်သားတွေကို ကောင်းကောင်းရွံ့ရွံ့ချွန်ချွန် တော်လှန်တိုက်ခိုက်နိုင်တယ်။ ကျနော်တို့ရဲ့ လူအင်အား စိတ်ဓါတ်အင်အား စုစည်းမှုအင်အား အင်မတန်ကောင်းတယ်။ ဒီ တောင်ပိုင်းမှာ KNLA, KNDO အပါ အဝင်ပေါ့နော် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေက တသားတည်းပူးပေါင်းပါဝင်ကြတယ်။ အဲဒီ ပူးပေါင်းမှုတွေအောက်မှာ ကျနော်တို့ PDF တွေက ခေါင်းစဉ်မရွေးဘဲနဲ့၊ သူတို့လက်မောင်းမှာ ဘက်တံဆိပ် မရွေးဘူး၊ ဦးထုပ်မှာ ဘက်တံဆိပ်မရွေးဘူး၊ လည်ပင်းမှာချည်ထားတဲ့ ပုဝါတံဆိပ်မရွေးဘဲနဲ့ စစ်ကောင်စီ ကို ရတဲ့နေရာက အကုန်တော်လှန်ကြမယ်ဆိုတဲ့စိတ်နဲ့ ပူးပေါင်းပါဝင်ကြတာ။ အတိုင်းအတာတစ်ခု လောက်အထိ လက်နက်သာ ကျနော်တို့ PDF တွေ လက်ထဲရောက်သွားမယ်ဆိုရင် ၆ လလောက်အတွင်း မှာဘဲ စစ်ပွဲရဲ့အဖြေက အများကြီးပြောင်းလဲသွားနိုင်တယ်။”
 
စစ်ကိုင်းတိုင်းမှာ လှုပ်ရှားနေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကလည်း NUG နဲ့ သူတို့ချိတ်ဆက်မိပါပြီ။ လက်နက်ရဖို့ စောင့်နေတယ်လို့ ပြောပါတယ်။
 
“စစ်ရေးပြင်းထန်တာနဲ့အမျှ ပြည်သူလူထုလည်း စစ်ဘေးဒဏ်ကို ခံကြရတယ်။ စစ်ပွဲမှာ အသက်စတေး လိုက်ရတဲ့ ရဲဘော်တွေလည်းရှိတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြပါတယ်။ တိုင်းပြည်အပေါ်မှာ လက်နက်ကိုင်အနိုင်ကျင့်တဲ့ ပြည်သူ့အပေါ် ရက်စက်ယုတ်မာတဲ့ အဖွဲ့အစည်းကို ရင်ဆိုင်တိုက်ခိုက်နေရတာဆိုတော့ ကျနော်တို့ အဓိက သူတို့ကိုအံတုနိုင်မယ့် လက်နက်ခဲယမ်းပေါ့လေ ကျနော်တို့လိုအပ်ချက်က။ NUG က လက်နက်ထောက်ပံ့နိုင်တဲ့အနေအထားက သူတို့ အစီအစဉ်ထဲမှာပါတဲ့ အဖွဲ့တွေကိုပဲ သူတို့ထောက်ပံ့ပေးတယ်ထင်ပါတယ်။ ကျနော်ကတော့ ထောက်ပံ့ပေးမယ်ဆိုတဲ့ စကားလုံး တော့ကြားရပါပြီ။ အဲဒီတော့ မျှော်လင့်လို့တော့ရနေပါပြီ အခုထိတော့ မရသေးဘူးပေါ့။ ကျနော်တို့မှာ လူအင်အားက ထောင်ချီရှိတယ် ဒါပေမဲ့ ကျနော်တို့မှာ တူမီးတွေနဲ့ လက်လုပ်သေနတ်တွေပဲရှိတယ်။ ကျနော်တို့လက်ထဲမှာ သေနတ်အစစ်ကတော့ ကိုယ်တိုင်ဝယ်ထားတဲ့ လောလောဆယ်ကိုင်တာ ဟိုနေ့က တိုက်ပွဲမှာ ခြောက်လက်ပါတယ်၊ ကျနော်တို့ကိုယ်တိုင် ဖန်တီးထားတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ပွဲမှာ တော့ အဲဒီပုံစံနဲ့ သွားနေတာပေါ့။”
 
သူကလည်း NUG နဲ့ PDF နှစ်ဖက်လုံးမှန်တယ်၊ ညှိိနှုင်းဖို့လိုတယ်လို့ ကိုဇေယျာလွင် နည်းတူပြောပါတယ်။
 
“NUG ကလည်း မပေးနိုင်သေးတာက ကျနော်တို့ မမြင်နိင်တဲ့ သူ့အခက်အခဲနဲ့သူ ရှိကောင်းရှိလိမ့်မယ်။ NUG က ကျနော်တို့ ပြည်သူရဲ့ခေါင်းဆောင်ဖြစ်နေပြီ၊ ဒီတော်လှန်ရေးအတွက် ရှေ့ကနေ မားမား မတ်မတ်ရပ်လာတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်။ အဲဒီတော့ တော်လှန်ရေးမှာလည်း ထိုက်သင့်တဲ့ ချိတ်ဆက်ပံ့ပိုးမှုတွေ နဲ့ ဦးဆောင်မှုတွေ ရှိနေသင့်တယ်၊ လိုအပ်တဲ့လက်နက်တွေ တပ်ဆင်ပေးသင့် တယ်ဆိုတဲ့ PDF တွေဘက်က မြင်နေတဲ့အမြင်ကလည်း မမှားဘူး မှန်နေတာပဲ။ အဲဒီ အမှန်တရား နှစ်ခုကြားမှာ နှစ်ဦးနှစ်ဖက် ညှိနိုင်းပြီးတော့ ဒါကို အဆင်ပြေဆုံးဖြစ်အောင် လုပ်ရမှာပဲ၊ ကျနော်လည်း လိုချင်နေပြီ ရချင်နေပြီ အားမရဘူး။”

"လက်နက်သာ ကျနော်တို့ PDF တွေ လက်ထဲရောက်သွားမယ်ဆိုရင် ၆ လလောက်အတွင်းမှာဘဲ စစ်ပွဲရဲ့အဖြေက အများကြီးပြောင်းလဲသွားနိုင်တယ်"

 အင်အားထောင်ချီရှိတဲ့ သူတို့အဖွဲ့မှာ တပ်သားတဝက်လောက်ကိုသာ လက်နက်တပ်ဆင်နိုင်ရင် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းဟာ မြန်မာပြည်ရဲ့ ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်တယ်လို့လည်း ဗိုလ်နဂါး က ပြောပါတယ်။
 
“အဲဒီ သေနတ် အလက် ၅ဝဝ လောက်သာ တကယ်ရမယ်ဆိုရင် ကျနော်တို့ ဒီ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းကို ကျနော်တို့ ပြည်သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အစိုးရနဲ့ ကျနော်တို့ တိုင်းပြည်အတွက် ပထမဆုံး လွတ်မြောက်နယ်မြေ ကျနော်တို့ ဖန်တီးပေးနိုင်တယ် အဲဒါ အာမခံတယ်။ အဲဒီထဲမှာ ကျနော်တို့ လေယာဉ်ပစ် နှစ်ခုလောက်တော့ ရချင်တယ် အနည်းဆုံး။ ကျနော်က ဒါအပေါ်ယံ ပြောတာ မဟုတ်ဘူး ကျနော့်အဖွဲ့ ကျနော် ယုံကြည်တယ်။ လက်နက်နဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေလည်း လုံးဝအနည်းဆုံးဖြစ်အောင် ကျနော်စီမံကွပ်ကဲနိုင်တယ်။”
 
ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင် ကတော့ မြန်မာပြည်သူတွေဟာ လက်နက်မဲ့တော်လှန်ရေး ကနေ လက်နက်ကိုင်တော်လှန်ရေးကို ကူးပြောင်းခဲ့ရတာဖြစ်လို့ မလွဲသာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော် လွှားရမှာပဲလို့ ဝေဖန်ပါတယ်။
 
“နိုင်ငံအနှံ့ စစ်ကောင်စီတွေရဲ့ ထိန်းချုပ်မှုတွေလည်းရှိတယ်၊ ကျနော်တို့ရဲ့ အထောက်အကူလမ်းကြောင်း တွေကို သူတို့အနေနဲ့ နှောင့်ယှက်တာတွေလည်းရှိတယ်။ ကျနော်တို့အနေနဲ့ ခက်ခဲမှုတွေ အများကြီး ကြားက လက်နက်ဆိုတာ ဒီမြေပြင် PDF တပ်ဖွဲ့တွေအနေနဲ့ ရအောင် ဖန်တီးနေရတဲ့အနေအထား၊ NUG အနေနဲ့ကလည်း သူတို့ရဲ့လုပ်နိုင်စွမ်းအနေအထားနဲ့ လုပ်နေတယ်လို့ဘဲ ကျနော်မြင်တယ်။ ဖြစ်နိုင်ရင် တော့ တော်လှန်ရေးကို တစ်နိုင်ငံလုံးကပြည်သူတွေ အားလုံးကတော့ အမြန်ဆုံးနိုင်ချင်ကြတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြေပြင်အခြေအနေနဲ့ လက်ရှိ လုပ်နိုင်စွမ်းကို နားလည်ဖို့လိုမယ်လို့ ကျနော်ထင် တယ်။ နောက်ပြီး လက်နက်တစ်လက်ဆိုတဲ့ ဈေးနှုန်းကလည်း နည်းနည်းနောနော မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က အခြေအနေတစ်ခုကို ပြောင်းလဲလာပါပြီ။ အရင်တုန်းက တုတ်သေနတ်တွေနဲ့ လေ့ကျင့် နေတဲ့အနေအထားကနေ အခုအချိန်မှာ ရိုင်ဖယ်သေနတ်တွေကို ကိုင်နိုင်တဲ့အနေအထားကို ရောက်လာပြီ။ ဒီရိုင်ဖယ်သေနတ်တွေ နဲ့ မိုင်းတွေနဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်မှုတွေကလည်း တချို့ နေရာတွေမှာ အောင်မြင်မှုရတယ်။ ကျနော်တို့က အခုအချိန်က လေ့ကျင့်ပြင်ဆင်ရင်းနဲ့ တိုက်ဆိုတဲ့ အချိန်တစ်ခုကို ရောက်နေ တာပါ။ မြေပြင် PDF တွေအနေနဲ့ တိုက်ချင်နေတဲ့စိတ်ကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးပဲ ပြည်သူတွေရော အကုန်လုံးက ဒီအခြေအနေကို ဖြည့်ဆည်းနေတဲ့ ကာလမို့ သည်းခံနားလည်ပါလို့ ကျနော်ပြောချင်ပါတယ်။”
 
တော်လှန်ရေးသမားအားလုံးက လက်နက်လိုအပ်ချက်ကိုသာ တစ်စုံတစ်ရာအတိုင်းအတာအထိ ဖြေရှင်းနိုင် မယ်ဆိုရင် ရှေ့နှစ်အတွင်း စစ်ကောင်စီရဲ့ ကျဆုံးမှုတွေကို မြန်မာပြည်သူတစ်ရပ်လုံး ထင်ထင်ရှားရှားမြင် ရလိမ့်မယ်လို့ RFA ကိုပြောဆိုကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-29 03:26

NUG should provide the weapon all PDF as immediately.
The revolution must prevails