ပုလိပ် ချည်မျှင်နဲ့ အထည် စက်ရုံက အလုပ်သမားတွေ ဆန္ဒပြ
2015.02.04
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ အမှတ် ၂ ပုလိပ် ချည်မျှင်နဲ့ အထည် စက်ရုံက အလုပ်သမား ၈ဝဝ လောက်က အရင်က အစိုးရစက်ရုံမှာ ရရှိတဲ့ ခံစားခွင့်အတိုင်းရဖို့ ဆန္ဒပြတောင်းဆိုနေကြတာ အခုဆိုရင် တစ်လကျော်နေပြီ ဖြစ်ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ အမှတ် ၂ ပုလိပ် ချည်မျှင်နဲ့ အထည် စက်ရုံက အလုပ်သမား ၈ဝဝ လောက်က အရင်က အစိုးရစက်ရုံမှာ ရရှိတဲ့ ခံစားခွင့်အတိုင်းရဖို့ ဆန္ဒပြတောင်းဆိုနေကြတာ အခုဆိုရင် တစ်လကျော်နေပြီ ဖြစ်ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
အမှတ် ၂ ပုလိပ် ချည်မျှင်နဲ့ အထည်စက်ရုံရှေ့မှာ စက်ရုံအလုပ်သမား ၈ဝဝ ကျော်လောက်က နားရက်ကို တစ်ပတ် ၂ ရက်ပေးဖို့နဲ့ လုပ်သက်ခွင့်ကို ၁ နှစ်ကို ၁ လ၊ ရှောင်တခင်ခွင့် ၁ နှစ်ကို ၁ဝ ရက်ပေးဖို့ တောင်းဆိုနေကြတာပါ။
၂ဝ၁၃ ခုနှစ်မှာ စက်မှု ၁ ဝန်ကြီးဌါနကနေ Panda Textile ကုမ္ပဏီကိုလုပ်ကိုင်ခွင့် လွှဲပြောင်းပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာ အစိုးရက အလုပ်သမား ၁ဝဝဝ လောက်ကို ပင်စင်လစာပေးခဲ့ပြီး အဲ့ဒီကုမ္ပဏီမှာ ဆက်လက်လုပ် ကိုင်ခွင့် ပေးထားခဲ့တာပါ။
အလုပ်သမားဝန်ကြီးဌါနက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးစဉ်တုန်းက ပြောကြားသွားခဲ့တဲ့အတိုင်း အလုပ်သမားတွေကို စာချုပ်အသစ်မချုပ်ပဲ အလုပ်ခွင်ထဲ ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုကြောင်း ဆန္ဒပြနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဦးလှကိုက ပြောပါတယ်။
ဦးလှကို။ ။စာချပ်ကိုလောလောဆယ် မချုပ်ဘူး၊ လက်ရှိပေးထားတဲ့ စာချုပ်အတိုင်းပဲ စက်ရုံထဲပြန် ဝင်မယ်၊ ဒုဝန်ကြီး ဦးသိန်းအောင်တို့ ဒုဝန်ကြီး ဦးခင်အောင်တို့ ပြောခဲ့တဲ့စကားအတိုင်းပဲ၊ အလုပ်သမားတွေ စက်ရုံထဲကို ပုံမှန်ရထားတဲ့ အခွင့်အရေးအတိုင်းပဲ ပြန်ဝင်မယ်၊ ဆန္ဒပြရက်မပါ လစာလိုချင်တယ်၊ စက်ရုံထဲ ဝင်သွားလို့ရှိရင် လုပ်ငန်းရှင်နဲ့ အလုပ်သမားနဲ့ နားလည်မှုတည်ဆောက် ညှိပြီးတော့မှ အလုပ်သမားကျေနပ်ရင် ချုပ်လိုက် အလုပ်သမားမကျေနပ်ရင် မချုပ်နဲ့ပုံစံမျိုးနဲ့ တောင်းဆိုတာ။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှာ ကုမ္ပဏီဘက်က အလုပ်သမားတွေကို အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် အသစ် ပြန်လည်ချုပ်ခိုင်းခဲ့တာကြောင့် ပဋိပက္ခစတင်ဖြစ်ခဲ့တာပါ၊ အခုဆိုရင် အလုပ်သမား ၈ဝဝ ကျော်ဟာ စက်ရုံပိုင်ရှင်နဲ့ ဆွေးနွေးတာတွေရှိပေမယ့် အဆင်မပြေပဲ ဆန္ဒပြနေတာ ၁ လကျော်နေပြီဖြစ်ပါတယ်၊ ကုမ္ပဏီ ဘက်က နိုင်ငံ့ဝန်ထမ်းခံစားခွင့်အတိုင်းပဲ ပေးနိုင်ကြောင်း ကုမ္ပဏီမှာပြန်လည် ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကို လိုက်နာရမှာဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ ဒါ့အပြင် ၁၉၅၁ ခုနှစ်ဥပဒေမှာပါတဲ့အတိုင်း အလုပ်သမားတွေဘက်က စာချုပ်ချုပ်ခဲ့မယ်ဆိုရင် အဲ့ဒီဥပဒေမှာပါတဲ့ အခွင့်အရေးတွေအတိုင်း အားလုံးဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း Panda Textile ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဒေါ်တင်တင်ရွှေက RFA မေးမြန်းစဉ်မှာ ပြောပါတယ်။
ဒေါ်တင်တင်ရွှေ။ ။အစိုးရစက်ရုံအလုပ်ရုံတွေမှာက တစ်ပတ်ကို ၄၄ နာရီပဲ၊ နောက်ပိုင်းမှာ သူတို့ ရဲ့ဈေးကွက်အရရောပေါ့နော်၊ နာရီ ၄ဝ လောက်ပဲဖြစ်တော့တာပေါ့၊ ကျမတို့ကတော့ အလုပ်ချိန်က ၄၄ နာရီပေါ့၊ ခွင့်အရဆိုလို့ရှိရင် ရှောင်တခင်ခွင့်ကကျတော့ အစိုးရမှာ ၁ဝ ရက်ပေါ့၊ ကုမ္ပဏီဘက်မှာ ၆ ရက်ပေါ့၊ လုပ်သက်ခွင့် ကကျတော့ ကျမတို့ဘက်မှာ ၁ဝ ရက် သူတို့ဘက်မှာ ၁ လရှိတယ်ပေါ့၊ ကုမ္ပဏီအနေနဲ့တွက်ကြည့်မယ်ဆိုရင်လည်း ဗမာပြည်မှာရှိတဲ့ကုမ္ပဏီတွေရော နိုင်ငံတကာမှာရောပေါ့နော်၊ ဒီအလုပ်ချိန်နဲ့တွက်နယ်ဆိုရင် ကျမတိုက ၈ လနီး ပါးလောက်ရှိတယ်၊ အစိုးရပိတ်ရက်တွေဘာတွေနဲ့သာ ဒါသူတို့ရဲ့လတွေနဲ့သာ၊ ခံစားခွင့်တွေနဲ့သာ တွက်မယ်ဆို လို့ရှိရင် ၅ လကျော်ကျော်လောက်ပဲရှိတယ်၊ အဲ့လိုကွာခြားချက်လေးတွေ ရှိတယ်ပေါ့၊ ဒီကုမ္ပဏီယူပြီးတဲ့အချိန် ကတည်းက သူတို့သဘောပေါက်အောင် ပြောပြရတယ် နောက်ပြီး ဒီအပြောင်းအလဲကို လက်ခံလာနိုင်အောင်လို့ ကျမတို့ကြိုးစားတယ်ပေါ့၊ ကုမ္ပဏီရဲ့ သဘောထားကလည်း ဝန်ထမ်းတိုင်းလည်းသိရှိနားလည်ပြီးမှ ကျမတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်အလုပ်လုပ်လို့ရမှာကိုး၊ အဲ့ဒီတော့ ပြန်ပြီးရုတ်သိမ်းဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ အခွင့်အရေးကိုလည်း အဲ့ဒီကနေပြီးမှ အပြည့်အဝပေးဖို့လည်း သူတို့ကိုလည်း ကျမတို့ ကတိပေးနိုင်ပါတယ်။
ဒါပေမယ့် အဲ့ဒီအလုပ်ရှင်ရဲ့ ကြေညာချက်ကို အလုပ်သမားတွေက လက်မခံနိုင်တာကြောင့် မနေ့က ကုမ္ပဏီရဲ့ ဝင်ပေါက်ဝတွေကို ပိတ်ထားလိုက်ကြပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေက လာရောက်ဖြေရှင်းပေး မှုတွေကြောင့် ည ၁ဝ နာရီကျော်လောက်မှာ ဝင်ပေါက်ဝတွေကို ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို သက်ဆိုင်ရာဝန်ကြီးဌါနတွေအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးနေပေမယ့် နှစ်ဖက်စလုံးက အလျော့အတင်းမရှိတာကြောင့် အငြင်းပွားမှုတွေဟာ ကြာရှည်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ ဥက္ကဌ ဦးအောင်လင်းက ပြောပါတယ်။
ဦးအောင်လင်း။ ။မန္တလေးတိုင်း အလုပ်သမားဝန်ကြီး ဦးသန်းစိုးမြင့်နဲ့ ဆွေးနွေးနေတယ်၊ ဒုတိယတစ်ခေါက် ကတော့ ကျနော်တို့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယဝန်ကြီး ဦးတင်အောင်တို့နဲ့ ကျနော်တို့ သွားဆွေးနွေးတယ်၊ ညှိနှိုင်းရေးမှာ နှစ်ဖက်တင်းမာလို့ပေါ့နော်၊ တစ်ဖက်ကအလျော့မပေးဘူးဆိုရင် ကျနော်တို့ ပြဿနာကို ဝိုင်းဝန်း ပြီးတော့ဖြေရှင်းလို့မရပါဘူး၊ ကျနော်တို့ ပြေလည်အောင်တော့ အတက်နိုင်ဆုံးကြိုးစားညှိနှိုင်းကြည့်မယ်။
Panda Textile ကုမ္ပဏီရဲ့ ပိုင်ရှင်ဟာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်သလို စက်မှု ၁ ဝန်ကြီးဌါနက ပိုင်ဆိုင်တဲ့ အမှတ် ၂ ပလိပ် ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံကို နှစ် ၃ဝ စီမံကိန်းနဲ့ ငှားရမ်း လုပ်ကိုင်နေတာဖြစ်ပါတယ်၊ ဒါပေမယ့် ငှားရမ်းလုပ်ကိုင်နေတဲ့ ၁ နှစ်တာကာလအတွင်းမှာပဲ အလုပ်သမားတွေနဲ့ မပြေလည်တာတွေ ရှိနေတာကြောင့် စက်မှု ၁ ဝန်ကြီးဌါနလက်ထဲကို ပြန်လည်လွှဲပြောင်းပေးမယ့် အခြေ အနေတွေရှိနေတယ်လို့လည်း သိရပါတယ်ရှင်။