ကလေးတက္ကသိုလ်က လူ ၁၃၀ ကျော်ကို ထိန်းသိမ်းထားကြောင်း ကလေး PDF ပြော
2024.02.28
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကလေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ လူ ၁၃၀ ကျော်ကို ကယ်ထုတ်ထိန်းသိမ်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
"သူတို့ကို ထိခိုက်ဒဏ်ရာမရအောင် ကျည်ကွယ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတဲ့ သဘောပါပဲ"
တိုက်ပွဲအတွင်းမှာ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ်ပြီး ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲစဖြစ်ကတည်းကပေါ့နော်၊ ကျောင်းတက်သူတွေရော၊ ဆရာ၊ ဆရာမ တချို့ရော လူ ၁၃၀ တော့ ကျော်တယ်။ တချို့ကိုတော့ မကယ်ထုတ်နိုင်လိုက်ဘူး။ ဖမ်းတာမျိုးလည်း မဟုတ်ပါဘူး။ သူတို့ကို ခဏထိန်းသိမ်းထားတာပါ။ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားဆဲပါ။ ပြီးရင် ကျန်တဲ့အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ချက် ထုတ်သွားမှာပါ။ စစ်ဆေးမေးမြန်းတာတွေတော့ လုပ်နေဆဲပါဗျ”
ပူးပေါင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ကလေး-ကဘော်-ဂန့်ဂေါ (KKG) ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကလည်း တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ထိခိုက်ဒဏ်ရာ မရအောင် ရွှေ့ပြောင်းပေးခဲ့တာလို့ ပြောပါတယ်။
"သူတို့ကို ဖမ်းဆီးတာမျိုးတော့ မဟုတ်ပါဘူး။ Non CDM ဆရာမတွေနဲ့ ကျောင်းတက်တဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် တိုက်ပွဲအတွင်းမှာ သူတို့ကို ထိခိုက်ဒဏ်ရာမရအောင် ကျည်ကွယ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတဲ့ သဘောပါပဲ။ အဲလောက်ပါပဲ။ ဝင်စီးနိုင်တာတော့ မဟုတ်ဘူး။ စစ်ကူရောက်လာလို့ ကျွန်တော်တို့ တပ်ခေါက်ခဲ့ရတဲ့ အနေအထားပေါ့။ ခဏလေးပဲ ကျွန်တော်တို့ ၀င်ထိန်းနိုင်တဲ့ သဘောပါ"
ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာတော့ ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို PDF တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကြောင့် ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား ၂၈၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ကာကွယ်ရေးတပ်တွေ ထိန်းသိမ်းထားတယ်ဆိုတဲ့ လူ ၁၃၀ ကျော်ရဲ့ အကြောင်းကိုတော့ ဖော်ပြမထားပါဘူး။
တက္ကသိုလ်ဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တက္ကသိုလ်မုခ်ဦးအဝမှာ စစ်ဆေးရေးဂိတ်ပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ငွေညှစ်တောင်းခံတာ၊ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးငွေတောင်းတာတွေ လုပ်နေတာကြောင့် အဲဒီစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အဓိက ကျွန်တော်တို့ တိုက်တာက တက္ကသိုလ်ဝင်းထဲမှာ ဒီကောင်တွေ (စစ်ကောင်စီ တပ်သားတွေ) တပ်စွဲထားတာရှိလို့ ဝင်တိုက်တာ။ သုံးနှစ် ရှိပြီလေ၊ အာဏာသိမ်းကတည်းက စပြီးတပ်စွဲထားတာ။ ကြာပြီလေ“
ဖေဖော်ဝါရီ ၂၆ ရက် တစ်ရက်တည်းမှာပဲ ကလေးမြို့ တက္ကသိုလ်ဝင်းနဲ့ ကပ်ရပ်တည်ရှိတဲ့ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့က ကိုးမိုင်ရဲစခန်းကိုလည်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ၂၇ ရက်နေ့ တစ်ရက်တည်းမှာတင် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ တောင်ဖီလာရပ်ကွက် ဘူတာလမ်းခွဲအနီး ဆိုင်ကယ်ဆီထည့်နေတဲ့ အမျိုးသားတစ်ဦး၊ သုံးဘီးဆိုက်ကားမောင်းသူ အမျိုးသားတစ်ဦး၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ကလေးမြို့နဲ့ ခိုင်ကမ်းမြို့အကြား ဆိုင်ကယ်နဲ့ ခရီးသွားနေတဲ့ အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ကလေးမြို့တွင်းနဲ့ မြို့အနီးတစ်ဝိုက်ကို စစ်ရေးအရှိန်အဟုန်နဲ့ တိုးမြှင့်တိုက်ခိုက်မှာဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
အဲဒီလို တိုက်တွန်းထားပေမယ့် မြို့ကိုမစွန့်ခွာချင်တဲ့ ပြည်သူတွေဟာ ကိုယ့်အိမ်မှာပဲ သဲအိတ်တွေ၊ ဘန်ကာတွေလုပ်ပြီး ပုန်းအောင်နေထိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လမ်းမပေါ်သွားလာနေသူတွေသာမက လူနေအိမ်တွေထဲအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် စိုးရိမ်ကြောက်ရွံ့နေရတယ်လို့ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
"စကစ ကလည်း လက်နက်ကြီးတွေနဲ့ အဝေးက လှမ်းထုပြီးမှ လုပ်နေတာ။ ပြည်သူတွေ၊ အိုးအိမ်တွေ ပျက်စီးတယ်။ အဲလိုမျိုးတွေဖြစ်တော့ ခက်ခဲတာပေါ့။ အားလုံးတော့ စိုးရိမ်နေကြတာပေါ့။ အိမ်မှာပဲ နေမယ့်သူတွေအတွက်တော့ ကိုယ့်အိမ်လုံခြုံမှုအတွက်တော့ နည်းနည်းပါးပါး သဲအိတ်တွေနဲ့ ကာထားပြီး လုပ်နေကြတာပေါ့။ စကစဘက်ကတော့ လမ်းသွားလမ်းတွေ တွေ့သမျှကို လှမ်းပစ်တာ။ သေနတ်သံကြားလို့ အိမ်တံခါးပိတ်ထားရင် တံခါးပိတ်ထားလို့ဆိုပြီး လာပစ်နေတာ အထဲကို။ လမ်းလျှောက်သွားနေရင်း ထိတဲ့သူတွေလည်းရှိတယ်"
ဒီအခြေအနေတွေကြောင့် ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာတွေအပြင် ကလေးမြို့ပေါ်က ကြို့သုံးပင်၊ စက်မှုဇုန်၊ လှိုင်သာယာ၊ မွန်းလိုင်၊ ကိုးမိုင် စတဲ့ရပ်ကွက်တွေက လူငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကလေးတက္ကသိုလ်က လူ ၁၃၀ ကျော်ကို ကာကွယ်ရေးတပ်တွေက ဖမ်းဆီးထားတဲ့ကိစ္စ၊ လက်နက်ကြီးကြောင့် လူသေဆုံးထိခိုက်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။