တာချီလိတ်မြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းက လူခုနစ်ရာနီးပါး ဖမ်းဆီးခံရ

RFA Burmese
2024.02.23
တာချီလိတ်မြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းက လူခုနစ်ရာနီးပါး ဖမ်းဆီးခံရ တရားမဝင် အွန်လိုင်းဂိမ်းနှင့် ငွေကြေးလိမ်လည်သူများ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Myanmar Military

ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်မှာရှိတဲ့ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်က ဦးကျော်သိန်း ခြံ၀န်းထဲက အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒီစီးနင်းမှုမှာ လူပေါင်း ၆၈၉ ဦးကို ဖမ်းခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေကတစ်ဆင့် ပြောဆိုပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေရော၊ တခြား အိမ်နီးချင်းနိုင်ငံတွေရော ထိခိုက်စေတဲ့ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းငွေရေးကြေးရေး လိမ်လည်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တတ်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ အမြစ်ဖြတ် ချေမှုန်းသွားမှာ ဖြစ်တယ်လို့ ပြောလိုပါတယ်"

ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၅၄၀ ဦး ပါဝင်ပါတယ်။

ဒီခြံဟာ နှစ်ဧကလောက်ကျယ်ပြီး နှစ်ထပ်ဆောင် သုံးလုံးရှိပါတယ်။ အဲဒီအထဲက ကားရှစ်စီး၊ ဆိုင်ကယ်အစီး ၁၂၀ နဲ့ ကွန်ပျူတာအများအပြား ရရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။

တာချီလိတ်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်မြို့မှာ ဆက်ရှိနေပြီး စစ်ကောင်စီဖမ်းဆီးမှုကြောင့် ငွေလိမ်လုပ်ငန်းတွေ ပိတ်ထားတယ်လို့ RFA ကို ပြောပါတယ်။

"မနေ့က အဲလိုဖမ်းတယ်ဆိုတော့ အွန်လိုင်းတွေ အကုန်လုံး ရပ်ကုန်ကြတယ်။ တော်တော်များများ ရပ်ကုန်ကြပြီ။ ငြိမ်သွားရင်တော့ ထပ်လုပ်ရင်လုပ်မှာပေါ့၊ ပြောလို့တော့မရဘူး။ နယ်မြေခံ ရဲတွေတောင် မဟုတ်ဘူး၊ တခြားနယ်က ရဲတွေပါ လာဖမ်းတယ်လို့ ပြောတယ်"

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် လုပ်ကိုင်နေတာ နှစ်နဲ့ချီပြီး ကြာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီလုပ်ငန်းတွေမှာ ဒေသအာဏာပိုင်တွေကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ယောက်ျားလေးတွေကိုတော့ စစ်မှုထမ်းခိုင်းမယ်လို့ ပြောတယ်။ မိန်းကလေးတွေကတော့ တစ်ယောက်ကို ဘတ်လေးသောင်းနဲ့ ပြန်ရွေးခိုင်းတယ်"

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖမ်းထားတာတော့ တာချီလိတ်ထဲပဲ ရှိသေးတယ်။ မလွတ်သေးဘူး။ အခုယောက်ျားလေးတွေကိုတော့ စစ်မှုထမ်းခိုင်းမယ်လို့ ပြောတယ်။ မိန်းကလေးတွေကတော့ တစ်ယောက်ကို ဘတ်လေးသောင်းနဲ့ ပြန်ရွေးခိုင်းတယ်။ ကျားဖြန့်က အများကြီးရှိတယ်၊ ရပ်ကွက်တိုင်းမှာကို ရှိတယ်။ အဓိကတော့ မိန်းလမ်းနေရာတွေနဲ့ လမ်းသွယ်တွေမှာ ရှိတယ်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့်လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရှိ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်သည့်လုပ်ငန်း လုပ်ကိုင်နေသူများ နေထိုင်သည့်နေရာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရှိ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်သည့်လုပ်ငန်း လုပ်ကိုင်နေသူများ နေထိုင်သည့်နေရာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

စစ်ကောင်စီဘက်ကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ နယ်စပ်ဒေသတွေကနေ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အများစု အပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော် (၅၀,၆၉၁ ဦး) ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောကြားထားပါတယ်။

အဲဒီလိုလွှဲပြောင်းခဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဆယ်နဲ့ လာအိုနိုင်ငံသား ၁၈ ဦး အပါအဝင် စုစုပေါင်း ၅၀,၆၉၁ ဦးကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။