တရုတ်-မြန်မာနှစ်နိုင်ငံ ငွေလိမ်ဂိုဏ်းနှိမ်နင်းမှု လက်တွေ့အလုပ်မဖြစ်နိုင်

RFA Burmese
2023.08.31
တရုတ်-မြန်မာနှစ်နိုင်ငံ ငွေလိမ်ဂိုဏ်းနှိမ်နင်းမှု လက်တွေ့အလုပ်မဖြစ်နိုင် ဖမ်းဆီးရမိသည့် အွန်လိုင်း (ဆက်သွယ်ရေး) လိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ လွှဲပြောင်းပေးနေစဉ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

တရုတ်- မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားနေပေမယ့် ဒီလုပ်ငန်းတွေမှာ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ ပါဝင်ပတ်သက်နေတာကြောင့် လက်တွေ့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ နိုင်ငံရေးနဲ့ နယ်စပ်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်အစိုးရဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းက ဩဂုတ် ၃၁ ရက် ဖော်ပြပါတယ်။

ဩဂုတ် ၂၈ နဲ့ ၂၉ ရက်နေ့က တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမှာ လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ သံတမန်တွေ တွေ့ဆုံခဲ့ကြပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေရဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ရင်းနှီးချစ်ကြည်စွာ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီဆွေးနွေးပွဲမှာပဲ နယ်စပ်ဖြတ်ကျော် အင်တာနက်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြတာပါ။

ဒီငွေလိမ်ဂိုဏ်းတွေကို ထိုင်ဝမ်နိုင်ငံသားတွေက လုပ်ဆောင်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ထိခိုက်လာတယ်လို့ ယူဆတာကြောင့် တရုတ်အစိုးရက နှိမ်နင်းဖို့ ကြိုးစားနေတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"အဲဒီလုပ်ငန်းတွေကို ဦးစီးပြီးလုပ်တဲ့သူတွေက ထိုင်ဝမ်တို့ ဘာတို့က သူဌေးတွေလို့ သူတို့ (တရုတ်အစိုးရ) က ကြားထားတယ်။ ဒါ့ကြောင့်မို့လို့ တမင်သက်သက် သူတို့နိုင်ငံမှာ နိုင်ငံရေးအရ၊ စီးပွားရေအရ မတည်မငြိမ်ဖြစ်အောင် လုပ်တယ်လို့ တရုတ်က တွက်ပုံရတယ်။ နောက်တစ်ခုက ဒီလို တရုတ်နိုင်ငံမှာ အလုပ်အကိုင်တွေ ရှားပြီး ရှာရဖွေရတာတွေ ခက်ခဲလာတယ်ဆိုတာလည်း မှန်တယ်။ အဲဒါကြောင့်မို့ ဘွဲ့ရကလေးတွေက နိုင်ငံရပ်ခြားတွေမှာ သွားပြီးတော့ စွန့်စွန့်စားစား အလုပ်လုပ်ချင် ကြတယ်လေ။ အဲဒီဟာတွေက မှောင်ခိုဂိုဏ်းတွေနဲ့ တိုးပြီးတော့ ပါသွားကြတာတွေ လည်း ရှိတယ်။ အဲဒါကြောင့် သူတို့ဘက်က နစ်နာတယ်ထင်ပြီး ဖိဖိစီးစီး လုပ်တာဗျ"

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့က ငွေလိမ်ဂိုဏ်း သုံးခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကိုကျော်စိုးကတော့ ဒီဂိုဏ်းတွေမှာ ဦးစီးလုပ်ကိုင်သူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ပြောပါတယ်။

"လောက်ကိုင်တစ်မြို့လုံး နီးပါးပါပဲ။ ကျွန်တော်တော့ သုံး၊ လေး နေရာတော့ သွားခဲ့တာပေါ့။ တရုတ်ပြည်က တရုတ်တွေလည်း ပါတယ်။ အချို့ ဗမာစကားမတတ်တဲ့ တရုတ်တွေဆို အများကြီးပဲ။ သူတို့ကပဲ ငွေရေး၊ ကြေးရေးပိုင်းတွေ ဆက်လိမ်တာ ပေါ့နော်။ ကျွန်တော်တို့ကတော့ မြန်မာပြည်ဘက် လူတွေခေါ်တဲ့ဟာတွေ၊ အင်ဖော်မေးရှင်းအပိုင်းတွေ၊ အောက်ခြေလောက်ပဲ လုပ်ရတယ်။ အပေါ်ပိုင်းကျတော့ တရုတ်ပြည်ဘက်က တရုတ်တွေ၊ အဲလို ကျွမ်းကျင်တဲ့သူတွေကိုပဲ လုပ်ခိုင်းတာ သူတို့က။ ကျွန်တော်သွားခဲ့တဲ့နေရာမှာတော့ ရုရှားတို့၊ ဘာတို့လည်း ရှိတယ်။ အိန္ဒိယဘက်က လာတဲ့ အိန္ဒိယတွေလည်း ရှိတယ်"

သူအလုပ်လုပ်ခဲ့စဉ်က ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ We Chat၊ Instagram၊ Telegram၊ Tiktok ကနေ အကောင့်အတု မျိုးစုံသုံးပြီး ဥရောပ နိုင်ငံသားတွေရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေခဲ့ရတယ်၊ အဲဒီနောက် ရရှိတဲ့အချက်အလက်တွေကို တရုတ်နိုင်ငံသားတွေကို လွှဲပြောင်းပေးခဲ့ရတယ်လို့ ကိုကျော်စိုးက ပြောပါတယ်။ ဥရောပနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရပြီဆိုရင် လိမ်လည်ပြီး ရင်းနှီးမြှုပ်နှံခိုင်း၊ အဲဒီနောက် ဘဏ်စာရင်းထဲက ငွေတွေကို ခိုးယူခိုင်းတာလို့လည်း သူက ဆိုပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်-မြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း၊ မိုင်းပေါက်နဲ့ ဝိန်းကောင်မြို့၊ ကိုးကန့်ဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက ရွှေကုက္ကိုဒေသမှာပါ ကြီးစိုးနေတာပါ။

ဒီငွေလိမ်ဂိုဏ်းတွေကို တရုတ်ဘာသာစကား အသံထွက်အရ ကျားဖြန့်လို့ ခေါ်ပြီး၊ အများစုကို တရုတ်နိုင်ငံသားတွေက တရားမဝင် လုပ်ကိုင်နေတာလို့ နယ်စပ်ဒေသ နေထိုင်သူတွေက ပြောပါတယ်။

ကိုကျော်စိုးလိုပဲ လောက်ကိုင်မြို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ လုပ်ကိုင်ခဲ့ဖူးသူ နောက်တစ်ဦး ကလည်း အချို့ ငွေလိမ်ဂိုဏ်းတွေဟာ ဂိမ်းဆိုင်ပုံစံ အသွင်ပြထားပြီး ဒေသအခြေစိုက် ပြည်သူ့စစ်အစောင့်တွေကို ငှားရမ်း ထားတယ်လို့ ပြောပါတယ်။

UWSA ၀တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း၊ မိုင်းပေါက်နဲ့ ဝိန်းကောင်မြို့ တွေမှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံ ဒေသမျိုးစုံက အရွယ်မျိုးစုံ လူငယ်တွေ လူကုန်ကူးခံရပြီး အဓမ္မအလုပ်ခိုင်းစေခံနေရတယ်လို့ ဒီအကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့သူတွေက ပြောပါတယ်။

"ဟိုရောက်တဲ့အခါကျရင် ခိုင်းတာတစ်မျိုး၊ လုပ်ရတဲ့ဟာကတစ်မျိုး အဲလိုဖြစ်လာတဲ့အခါကျတော့ မလုပ်နိုင်ဘူးဆိုရင် သူတို့ပေးမထွက်တော့ဘဲနဲ့ လျော်ကြေးတောင်းတယ်"

အခုနှစ်ဆန်းပိုင်းကမှ ဝ ဒေသ မိုင်းပေါက်မြို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခံခဲ့ရတဲ့ သမီးဖြစ်သူကို ကယ်ထုတ်ခဲ့ရတဲ့ မြဝတီမြို့ခံ မမိုးအေးက သူ့ရဲ့ကိုယ်တွေ့ကို ပြန်ပြောပြပါတယ်။

"ကလေးတွေပေါ့နော် အရွယ်မျိုးစုံရှိတာပေါ့၊ ဆယ်ကျော်သက်လည်း ပါတယ်၊ နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်တွေလည်း ပါတယ်။ ဒီလောက် လစာရမယ်၊ ဒီလို အလုပ်လုပ်ရမယ်ဆိုတော့ သွားတယ်။ ဟိုရောက်တဲ့အခါကျရင် ခိုင်းတာတစ်မျိုး လုပ်ရတဲ့ဟာကတစ်မျိုး အဲလိုဖြစ်လာတဲ့အခါကျတော့ မလုပ်နိုင်ဘူးဆိုရင် သူတို့ ပေးမထွက်တော့ဘဲနဲ့ လျော်ကြေးတောင်းတယ်။ ဥပမာ ယွမ်ငါးထောင် ပွဲစားကို ပေးထားရတယ်ဆိုရင် ယွမ်ငါးသောင်းလောက် ပြန်တောင်းချင်တာ။ အဆင်မပြေဘူး ဆိုရင် နောက်လူကို ယွမ်နှစ်သောင်းနဲ့ လက်လွှဲတယ်။ နှစ်သောင်းလောက်နဲ့ ပွဲစားခပေးပြီး ခေါ်တဲ့လူကလည်း သူ့ဆီမှာ အဆင်မပြေရင် သုံးသောင်းလောက်နဲ့ ပြန်လွှဲတယ်ဆိုတော့၊ ဒါ လူတစ်ယောက်ကို ငွေဝယ်ကျွန်လိုမျိုး လူကုန်ကူးတယ်လို့ ပြောလို့လည်း ရတယ်"

၀ဒေသမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အပြင်ဘက်မှာ ကုမ္ပဏီပုံစံ ဟန်ပြဖွင့်ထားပြီး လက်တွေ့မှာ ဝန်ထမ်းတွေကို အွန်လိုင်းကနေ ငွေလိမ်ခိုင်းနေတာလို့ မမိုးအေး က ပြောပါတယ်။ ဝ အာဏာပိုင်တွေ ကလည်း ဒီလုပ်ငန်းတွေကို လျစ်လျူရှုထားတယ်လို့ ဆိုပါတယ်။

RFA က မေးမြန်းခဲ့တဲ့ ဝ ဒေသ‌ငွေလိမ်ဂိုဏ်းကနေ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ အဲဒီလုပ်ငန်းတွေမှာ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ စတဲ့ အာရှနိုင်ငံသားတွေလည်း လာရောက်လုပ်ကိုင်နေပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့ လားရှိုး အခြေစိုက် ဝ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာလည်း အွန်လိုင်း ငွေလိမ်လုပ်ဂိုဏ်း များစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟိုတယ်အမည်ခံ လောင်းကစား ရုံတွေနဲ့ အွန်လိုင်းဂိမ်းဆိုင်တွေမှာ ငွေလိမ်ဂိုဏ်းတွေ ရှိနေပြီး ထိုင်း၊ ဗီယက်၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုနဲ့ အိန္ဒိယ နိုင်ငံသားတွေ လူကုန်ကူးခံရ၊ အဓမ္မခိုင်းစေခံရ၊ ပြန်ပေးဆွဲခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဩဂုတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လာအို လုံခြုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒေသတွင်း ဆက်သွယ်ရေးလောင်းကစားနဲ့ လိမ်လည်မှုပေါ် အခြေခံတဲ့ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု ကျုးလွန်သူတွေကို ပြတ်ပြတ်သားသား နှိမ်နင်းမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုထုတ်ပြန်ပြီး တစ်ပတ်အကြာ သြဂုတ်လ ၂၆ ရက်နေ့မှာတော့ အွန်လိုင်းကနေ လိမ်လည်မှုကျူးလွန်တဲ့ ဂိုဏ်းခေါင်းဆောင် အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ငါးဦးကို စစ်ကောင်စီရဲတပ်ဖွဲ့ကနေ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ အဲဒီ ငါးဦးအပါအဝင် လေးရက်အတွင်း လွှဲပြောင်းပေးသူ ၂၄ ဦး ရှိသွားပြီလို့ ဆိုပါတယ်။ အဲဒီတရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံ ဘယ်ဒေသကနေ ဖမ်းဆီးရမိခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

ဒီကိစ္စအပါအဝင် မြန်မာနိုင်ငံမှာ တရုတ်ငွေလိမ်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထပ်မံသိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Photo: Chinese Embassy in Myanmar)
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Photo: Chinese Embassy in Myanmar)

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC) အဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ မြဝတီဒေသမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားပေမယ့် ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မလုပ်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကလည်း ဆွေးနွေးချက်တွေ၊ ပြောဆိုချက်တွေ ရှိခဲ့ပေမယ့်လည်း ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးကာလ တစ်ခုအောက်မှာတော့ ထိထိရောက်ရောက် လုပ်နိုင်သလားဆိုတော့ လက်တွေ့ အရေးယူတဲ့အပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိပါတယ် ခင်ဗျ။ ကျွန်တော်တို့ မကြာခင် တွေ့ဆုံနိုင်မယ့် ကရင်လက်နက်ကို င်တပ်ဖွဲ့ စည်းလုံးညီညွှတ်ရေးကော်မတီ အစည်းအဝေးကျမှပဲ ကျွန်တော်တို့ ရောရောနှောနှောနေထိုင်တဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ကြားထဲမှာတော့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်သွားကြမလဲဆိုတာကိုတော့ ဆွေးနွေးဖြစ်မယ် ဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ အမြန်ဆုံး တွေ့ဆုံနိုင်အောင်တော့ ကြိုးပမ်းမှု ရှိပါတယ်ခင်ဗျ"

ဒီလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် သူတို့နဲ့ ဆက်စပ်နေတဲ့ နယ်ခြားစောင့်တပ်တွေအတွက် ရန်ပုံငွေ ရရှိနေတာကြောင့် ထိရောက်အောင်နှိမ်နင်းဖို့ မလွယ်ဘူးလို့ နိုင်ငံရေးနဲ့ နယ်စပ်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေကနေ ဒေသအခြေစိုက် စစ်ကောင်စီ အာဏာပိုင်တွေရော၊ နယ်ခြားစောင့်တပ်တွေပါ နှစ်ဦး နှစ်ဖက် အကျိုးရှိနေတာကြောင့် တရုတ်အစိုးရက ဘယ်လောက်ပဲ ဖိအားပေးပေး အပြီးတိုင် နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်-မြန်မာ နယ်စပ်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"အဲဒီအကျိုးစီးပွားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ BGF တွေ၊ ပြည်သူ့စစ် အင်အားစုတွေအတွက် ရပ်တည်ရေးဆိုတာက ဒါတွေနဲ့ပဲ ရပ်တည်နေရတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းတစ်ချက်ကြောင့် ဒါဟာ နှစ်ဖက်အကျိုးစီးပွားတွေနဲ့ ဆိုင်နေတဲ့အတွက် ဒါတွေကို ဘယ်အင်အားစုကမှ အပြီးတိုင် ဖျက်သိမ်းမယ်လို့ မယူဆဘူးဆိုတဲ့အကြောင်း ကျွန်တော်အနေနဲ့ ပြောတာပါ"

ကုလသမဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက်မှု ခံနေရပြီး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံနေရတယ်လို့ ဩဂုတ် ၂၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက လူတစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားက လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အဓမ္မဖိအားပေး ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီငွေလိမ်ဂိုဏ်းတွေဟာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့နိုင်ငံတွေရဲ့ နယ်စပ် ဒေသတွေမှာ လှုပ်ရှားနေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။