တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှုမှာ NLD ရဲ့ မူဝါဒပြောင်းလဲဖို့ တိုက်တွန်းမှုတွေရှိ

ကျော်လွင်ဦး
2021.01.05

၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ခြေလှမ်းအစ ကချင်နဲ့ မွန်ခရီးစဉ်တွေဟာ မအောင်မြင်ဘူးလို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ တွေ့ဆုံဆွေးနွေးတာမဟုတ်ဘဲ အဲဒီပါတီတွေက ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ပဲ သီးသန့်ရွေးချယ်တွေ့ဆုံနေတဲ့ NLD ပါတီရဲ့ မူကို ပြန်လည်ပြင်ဆင်သင့်တယ်လို့လည်း ထောက်ပြနေကြပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးကနေ တာဝန်ပေးထားတဲ့ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံခါးနော်ဆမ်တို့ သုံးဦးဟာ ဇန်နဝါရီ ၁ ရက်နေ့က ကချင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ သုံးခုက ရွေးကောက်ပွဲအနိုင်ရကိုယ် စားလှယ် တချို့နဲ့ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့ကတော့ မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ခဲ့ပေမယ့် ပွဲပျက်သွားခဲ့ပါတယ်။

မြစ်ကြီးနာမြို့က ကချင်ပြည်နယ် NLD ပါတီရုံးမှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)က အနိုင်ရကိုယ်စားလှယ်တွေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ NLD ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီကိုယ်စားပြု အဖွဲ့နဲ့ မတွေ့ဘဲ အနိုင်ရကိုယ်စားလှယ်ကိုပဲ ဖိတ်ခေါ်တွေ့ဆုံခဲ့တာကြောင့် ပါတီဘက်က ဒီတွေ့ဆုံပွဲကို အသိအမှတ်မပြုခဲ့ပါဘူး။

ပါတီကိုယ်စားပြုသူတွေနဲ့မဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ်နဲ့ပဲ တွေ့တာကြောင့် တရားမဝင်ဘူးလို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောပါတယ်။

"ကျနော်တို့ကျတော့ ပထမဆုံးတွေ့ဆုံတာဖြစ်တော့ အလွတ်သဘောပေါ့ တသီးပုဂ္ဂလတွေ့ဆုံတဲ့အချက် ဖြစ်ပါတယ်၊ တရားဝင်မှုတော့ မရှိတဲ့အခြေအနေမျိုး၊ ပြောချင်တာက ပါတီကနေ စေလွှတ်ထားတဲ့ကိုယ် စားလှယ်တွေ မဟုတ်တဲ့အတွက်ကြောင့်မို့ နောင်ကိုအဲအချက်အလက်တွေက အတည်ပြုဖို့ခက်သွား တာပေါ့"

ဇန်နဝါရီ ၁ ရက်နေ့ တွေ့ဆုံပွဲကို KSPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ တက်ရောက်ခဲ့တာပါ။ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့တာ ပါတီက အသိအမှတ်မပြုဘူးလို့ ပြောတဲ့အပေါ် သွားတွေ့ခဲ့တဲ့ ဒေါက်တာမနမ် တူးဂျာက ပါတီကိုယ်စားပြုသွားတွေ့တာ မဟုတ်ပေမယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသိပေးပြီးမှ NLD ကိုယ်စားလှယ်အဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

"ဒီဇင်ဘာ ၃၀ ရက်မနက် ဦးအင်ထုံခါးနော်ဆမ်က အရွေးချယ်ခံအမတ်တွေနဲ့တွေ့မယ်၊ ကျနော်လည်း CEC မှာ ဆွေးနွေးဦးမယ်ဆိုပြီး ပြောလိုက်တယ်၊ သူတို့ဖိတ်တာက တယ်လီဖုန်းနဲ့မဟုတ်ဘဲ စာနဲ့သေချာ ဖိတ်ရင် ပိုကောင်းမယ် အဲဒါတခု၊ နောက်တခုက ကိုယ်စားလှယ်က အနိုင်ရကိုယ်စားလှယ်ပဲ ရွေးတာမျိုး မဟုတ်ဘဲနဲ့ CEC က ရွေးတာမျိုးဆို ဖြစ်သင့်တယ်ပေါ့၊ နောက်တတိယနေရာမှာတွေ့ဖို့ပေါ့၊ အဲလိုမျိုး သဘောထားရှိတယ်၊ အဲဒါကို ဦးအင်ထုံခါးနော်ဆမ်ကို ၃၁ ရက်နေ့ အစည်းအဝေးပွဲမှာပဲ အားလုံးကြားတဲ့ ရှေ့မှာပဲ ပြောလိုက်ပါတယ်၊ ဦးအင်ထုံးခါးနော်ဆမ်က အကြောင်းပြန်လာမယ်ပေါ့၊ ၃၁ ရက်နေ့ ညနေ ၆ နာရီမှာ အကြောင်းပြန်လာတယ်၊ ဒီတစ်ခေါက်တော့ နဂိုပြောထားတဲ့အတိုင်းပဲ၊ ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်နဲ့ပဲ NLD ရုံးမှာတွေ့ဖို့ အပေါ်က ပြောတယ်၊ ခင်ဗျားတို့တင်ပြတာကို နောက်တစ်ခါမှ ကျနော်တင်ပြပေးမယ်"

မဟာမိတ်ဖွဲ့ထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ မွန်ညီညွတ်ရေးပါတီ MUP၊ ၀ အမျိုးသားပါတီ WNP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP တို့ ပါတီ ခြောက်ခုဟာ NLD ပါတီနဲ့တွေ့ဆုံတဲ့အခါ ပါတီကို တရားဝင် ဖိတ်ကြားတာသာ လက်ခံဖို့၊ တွေ့ဆုံမယ်နေရာကိုလည်း ကြားနေရာတစ်ခုမှာသာ တွေ့ဆုံဖို့နဲ့ တွေ့တဲ့အခါ မှာလည်း အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့တာမဟုတ်ဘဲ မိခင်ပါတီအစည်းအဝေးကနေ ဆုံးဖြတ်ပြီး စေလွှတ်တဲ့သူတွေနဲ့သာ တွေ့ဆုံရေးဆိုတဲ့မူကို ချထားပါတယ်။

NLD ကိုယ်စားလှယ်တွေက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရာမှာ ပါတီချင်းတွေ့တာမဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့ တွေ့ဆုံတာဟာ ပါတီတွင်း ပြိုကွဲအောင်လုပ်သလိုဖြစ်နေတယ်လို့ တိုင်းရင်းသားပါတီတွေက ဝေဖန်ပါတယ်။ တိုင်းရင်းသားပါတီကိုယ်စားပြုပြီး တွေ့တာမဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့သာ တွေ့တဲ့နည်းလမ်းကို NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာလည်း ကျင့်သုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးကာလက ရခိုင်နဲ့မွန်မှာ NLD ဘက်က မိခင်ပါတီတွေကို အသိမပေးဘဲ အနိုင်ရတိုင်းရင်းသားကိုယ်စားလှယ်တစ်ယောက်ချင်းဆီကို တွေ့ဆုံပြီး အစိုးရအဖွဲ့ဝင်နေရာ၊ လွှတ်တော် အကြီးအကဲနေရာ ကမ်းလှမ်းတာတွေရှိခဲ့ပါတယ်။

အဲဒီလိုအခြေအနတွေကြောင့် ပါတီတွင်း ပြဿနာဖြစ်တာ၊ ပါတီပြိုကွဲတာတွေအထိ ကြုံခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသန်း က ပြောပါတယ်။

"မိခင်ပါတီရဲ့ ခွင့်ပြုချက်မရဘဲ တွေဆုံတာ၊ ဆွေးနွေးတာ၊ အကြံတောင်းတာ၊ သူတို့ကိုအခွင့်အရေးပေး တာတို့၊ အဲတာမျိုးတွေ မလုပ်စေချင်ပါဘူး၊ ဒါကဘယ်ပါတီမှာမဆို ကျင့်ဝတ်ရှိရမှာဖြစ်ပါတယ်၊ နောက် တစ်ချက်ကတော့ ပါတီဗဟိုနဲ့ တွေ့ပြီးမှသာလျင် နိုင်ငံရေးအပေးအယူကိစ္စ၊ ရှေဆက်ပြီးသွားမယ် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေမှာ အဆင်ပြေပါလိမ့်မယ်၊ အဲလိုသာမန်ပါတီဝင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ တွေ့လို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး၊ သူတို့မှာလည်း အဲလိုဆုံးဖြတ်ချက်တွေပါသွားမှာ မဟုတ်ပါဘူး"

အနိုင်ရကိုယ်စားလှယ်တွေရဲ့ မိခင်ပါတီနဲ့ ညှိနှိုင်းဆွေးနွေးတာမရှိဘဲ တယောက်ချင်းစီကို ဖိတ်ခေါ်တွေ့ဆုံ နေရာပေးတာဟာ ပါတီတွင်းစည်းလုံးမှုပြိုကွဲစေနိုင်ပြီး တဖက်ပါတီကိုပြိုကွဲအောင် လုပ်သလိုဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း က သုံးသပ်ပါတယ်။

"ပါတီကိုဖိတ်တာမဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်ကိုပဲ ဖုန်းဆက်ပြီးတော့ အဲလိုတွေ့တာဆိုတော့ သူတို့ပါတီအတွင်း မှာ ထင်ထားတဲ့အတိုင်းပဲ ဒါကပါတီကို ကိုယ်စားမပြုဘူးလို့ ဘာတို့ဖြစ်လာပြီးတော့ ညီညွတ်ရေးပျက်ပြား တာပေါ့၊ ဒါတွေက မကောင်းဘူး၊ ပါတီကြီးတစ်ခုအနေနဲ့ တိုင်းရင်းသားပါတီတွေကို စည်းလုံးညီညွတ်ရေး ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်က အရင်ကတည်းက တိုင်းရင်းသားပါတီတွေမှာ ဒီလိုခံစားချက် မျိုးတွေရှိတယ်လေ"

၂၀၂၀ ရွေးကောက်ပွဲအလွန် NLD ပါတီရဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဟာ စတင်အကောင်အထည်ဖော်ချိန်မှာပဲ မပြေလည်မှုတွေနဲ့ ကြုံနေရတဲ့အတွက် NLD အနေနဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့လိုပြီလို့လည်း တိုက်တွန်းသူတွေ ရှိပါတယ်။

"တိုင်းရင်းသားပါတီတွေနဲ့ ညီညွတ်ရေးတည်ဆောက်မယ်ဆိုရင် ဘာတွေလွဲချော်မှုရှိလို့လဲ၊ ဘာတွေ အားနည်းချက်ရှိလဲ ဆိုတာကို ပြန်လည်သုံးသပ်ပြီးတော့ ရှေ့ဆက်သွားဖို့လိုအပ်တာက အဓိကလို့ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးဆိုတာက အားနည်းချက်ရှိလို့ပဲလေ၊ အားနည်းချက်ကို အပြန်အလှန်သုံးသပ်ပြီးတော့ ဘယ်လို့နည်းလမ်းနဲ့သွားမလဲ ဆိုတာကို အဖြေရှာဖို့က ပိုအရေးကြီးမယ် ထင်ပါတယ်"

တိုင်းရင်းသားအရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုး ပြောသွားတာပါ။

ဒီလိုဝေဖန်ထောက်ပြတာတွေနဲ့ ပတ်သက်လို့ ကချင်နဲ့ မွန်ပြည်နယ်ခရီးစဉ်ကို ဦးဆောင်ခဲ့တဲ့ NLD ပါတီ အတွင်းရေးမှူး ၃ ဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရာမှာ ပါတီကိုယ်စားပြုသူတွေမဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ်တွေကိုပဲ ခေါ်ယူတွေ့ဆုံတာဟာ တိုင်းရင်းသားပါတီတွေကို ဖြိုခွဲသလိုဖြစ်နေတယ်လို့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်ကို ဆက်သွယ်မေးမြန်းရာမှာတော့

"ကျနော်တို့က ဖိတ်စာပို့တဲ့အခါမှာ ပါတီအမည်တပ်ပြီးပဲ ပိုခဲ့တာပါ၊ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကလည်း အဲသဘောပဲ သက်ရောက်တာပါ" လို့ ပြောပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်နယ်နှစ်ခု ခရီးစဉ် မအောင်မြင်ဘဲ ဝေဖန်ခံနေရတဲ့အပေါ် လတ်တလော မှတ်ချက်မပေးလိုသေးကြောင်းနဲ့ NLD ကိုယ်စားလှယ်အဖွဲ့ ပြန်လည်တင်ပြလာတဲ့ အချက်အလက်တွေ ကြည့်ပြီးမှ မှတ်ချက်ပြောလို့ရမယ်လို့ ဒေါက်တာမျိုးညွှန်က ပြောပါတယ်။

မနေ့က မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံမယ့်အခြေအနေမှာလည်း မွန်ပါတီဘက်က နှစ်ဘက်ပါတီရုံးနေရာ မဟုတ်ဘဲ တခြားနေရာတစ်ခုမှာ တွေ့ဖို့မေတ္တာရပ်ခံခဲ့ပေမယ့် NLD ပါတီကိုယ်စားလှယ်အဖွဲ့က ပါတီရုံးမှာပဲ တွေ့မယ်ဆိုတာကြောင့် နေရာညှိနှိုင်းမရဘဲ တွေ့ဆုံပွဲပျက်ခဲ့ရတာပါ။

မွန်ညီညွတ်ရေးပါတီကိုလည်း ဖိတ်စာနဲ့ ဖိတ်ခေါ်တာမဟုတ်ဘဲ နီးစပ်သူတွေကတဆင့်သာ ဖုန်းဆက်ပြီး တွေ့ဖို့ ကမ်းလှမ်းတာဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

NLD ကိုယ်စားလှယ်တွေရဲ့ နောက်တွေ့ဆုံဆွေးနွေးမယ့် တိုင်းရင်းသားပါတီတွေက ဘာတွေဖြစ်မလဲ၊ ဘယ်တော့တွေ့ဆုံမလဲ ဆိုတာနဲ့ အခုလိုပဲ ရွေးကောက်ပွဲအနိုင်ရသူတွေနဲ့ပဲ သီးသန့်တွေ့ဆုံသွားမှာလား ဆိုတာတွေကိုတော့ NLD ပါတီဘက်က မကြေညာသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။