ကျောက်တော် ညောင်ချောင်းဒုက္ခသည်စခန်း ရိက္ခာအခက်အခဲဖြစ်နေ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.04.13

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အစိုးရက လစဉ်ထောက်ပံ့တဲ့ ဆန်ရိက္ခာတွေ ဒီနေ့အထိ မရောက်တာကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် စားရေး၊သောက်ရေး အခက် အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ခံနဲ့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

လူပေါင်း သုံးထောင့်လေးရာကျော်ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေး ဒုက္ခသည်စခန်းမှာ အစိုးရကလစဉ်ထောက်ပံ့တဲ့ဆန်တွေ အခုဧပြီလအတွက် ရောက်မလာသေးတာကြောင့် စခန်းထဲကပြည်သူတွေတွေ စားရေး၊ သောက်ရေး ခက်ခဲနေပြီလို့ စခန်းတာဝန်ခံနဲ့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

အဲဒီစခန်းမှာ ပလက်ဝမြို့နယ်က ကျေးရွာ ခြောက်ရွာနဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ ၁၆ ရွာက စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၈၂၄ စု ခိုလှုံနေတာပါ။

စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီလို့ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်လှက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာက အစားရိက္ခာတွေနဲ့ အဆင်မပြေတာတွေ အများကြီးဖြစ်နေတယ်။ နောက်တစ်ခုက WFP ကနေ လူတစ်ယောက်ကို တစ်သောင်းခွဲကျပ် ပေးတာ လည်း ရက်ပေါင်းတစ်ဆယ်ကျော်မှ ရောက်တာဆိုတော့ မရှိတဲ့သူမှာက ချေးငှားပြီး စားနေရတာလေ ရောက်တဲ့အခါ ပြန်ဆပ်လိုက်တော့ အခုဘာမှအဆင်မပြေဘူးဖြစ်နေတယ်။ တစ်ယောက်တလေကတော့ တောမှာထင်းခုတ်တယ်။ ထင်းတွေရောင်းစားတယ်။ နေ့စားအငှားလိုက်တယ်။ နောက်တချို့တလေ ကတော့ တစ်ယောက်နဲ့တစ်ယောက် ချေးငှားပြီးတော့စားတယ်။ ဆန်ရောက်တဲ့အချိန်မှာ ဆပ်မယ်ဆိုပြီး အကြွေးတွေလည်းတင်နေတယ်။ ဒီသင်္ကြန်အတွင်းမှာ ဆန်မရောက်ရင် တော်တော်လေးကို အခက်အခဲ ဖြစ်နေတာ”

အစိုးရကထောက်ပံ့တဲ့ဆန်တွေကို မတ်လ ၃ ရက်နေ့က နောက်ဆုံးထား ဖြန့်ဝေပေးခဲ့တာကြောင့် အခု ဧပြီလ ၃ ရက်နေ့လောက်ကတည်းက တစ်လစာရိက္ခာ ကုန်သွားခဲ့တာပါ။

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ကျော်ကလည်း အခုလက်ရှိကျေးရွာထဲကနေ အကြွေးယူပြီး စားသောက်နေကြရပြီး တစ်ပတ်လောက်ပဲ တောင့်ခံနိုင်တော့မယ်လို့ ပြောပါတယ်။

“ကျေးရွာထဲကအကြွေးယူပြီးတော့ ဖြစ်သလိုရှာကြံပြီးတော့စားနေရပါတယ်။ ဆန်တစ်ခုရရင်လည်း မီးဖို ရှောင်သုံးပစ္စည်းတွေ မစုံမလင်ဘဲ စားနေရတာတွေလည်းရှိပါတယ်။ သုံးလပိုင်းအတွက်လည်း ဆန်မ ရောက်ဘူး။ ဒီတစ်ပတ်အတွင်းမှဆန်မရောက်ရင် တော်တော်လေးကိုအခက်အခဲဖြစ်သွားနိုင်ပါတယ်”

အဲဒီ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ အိမ်ထောင်စု တစ်ထောင်ကျော်နဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်အထိ ခိုလှုံနေခဲ့ပါတယ်။

အဲဒီနောက် တိုက်ပွဲတွေ မရှိတော့တဲ့အတွက် အနီးအနားကျေးရွာတွေက လူတစ်ထောင်ကျော် နေရပ်ပြန်သွား ကြပါတယ်။ ဒါပေမဲ့ ကျေးရွာတွေ မီးလောင်သွားတာ၊ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲ တွေရပ်နေပေမယ့် နောက်ထပ် မဖြစ်တော့ဘူးလို့ စိတ်ချလို့ မရသေးတာကြောင့် အဲဒီစခန်းက ဒုက္ခသည် အများအပြားဟာ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေကြတာပါ။

အခုလို ဒုက္ခသည်စခန်းမှာ ဆန်ရိက္ခာပြတ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘေးစီမံဌာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြထားပေမယ့် အခုအချိန်ထိ လာရောက်ထောက်ပံ့တာ မရှိသေးဘူးလို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကိုပြောပါတယ်။

“စားဝတ်နေရေး အခြေအနေက အခက်အခဲဖြစ်နေပါတယ်။ ပုံမှန်အထောက်အပံ့တွေ ကျွန်တော်တို့ စခန်းမှာ မရဘူး။ အထူးသဖြင့် အစိုးရရဲ့ထောက်ပံ့မှုပေါ့။ ဘေးစီမံဌာနက လစဉ်ထောက်ပံ့တဲ့ဟာ ဒီလမှတော်တော်လေး ကွာဟချက်ရှိနေတယ်။ ကျွန်တော် ဒီရိက္ခာပြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှာ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောထားတာတော့ရှိတယ်။ လေးလပိုင်းတစ်ရက်နေ့ကပေါ့။ အဲဒီမှာ သူတို့ ပြောတာကတော့ ဒီလ လေးရက် ငါးရက်အတွင်း ပို့ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ အခုအချိန်ထိ မရောက်သေးဘူး။ တော်တော်လေးကို အခက်ခဲဖြစ် နေတယ်”

ရခိုင်အခြေစိုက်ဝံလက်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံကတော့ အခြားစစ်ဘေးဒုက္ခသည်စခန်းအချို့ မှာလည်း ရိက္ခာအခက်အခဲဖြစ်နေပြီး ဒုက္ခသည်တွေကို ကူညီပေးဖို့စစ်ကောင်စီမှာ တာဝန်ရှိတယ် လို့ပြောပါတယ်။

“အခုလောလောဆယ်မှာဆိုရင် ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးဒုက္ခသည်စခန်းပေါ့။ သူတို့ မှာလည်း ရိက္ခာပြတ်တာ နှစ်လလောက်ရှိပြီပေ့ါနော်။ WFP ကနေ တစ်ယောက်ကို တစ်လ ငွေတစ်သောင်း ကျပ်နှုန်းနဲ့ပေး နေတဲ့ငွေကြေးတွေက မရတာ နှစ်လလောက်ရှိနေပြီ။ ရိက္ခာကလည်း မရောက်ဘူးပေါ့။ အဲဒါကြောင့် သူတို့မှာ ရှိစုမဲ့စုလေးတွေနဲ့ပဲ ရှာဖွေပြီးတော့ မဝရေစာစားသောက်နေရတယ်ပေါ့လေ။ အဲဒီ တော့ ဒီအပေါ်မှာပြောချင်တာ ကတော့ အဲဒီပြည်သူတွေရဲ့ရိက္ခာလုံလောက်ဖို့ဆိုရင် လက်ရှိစစ်ကောင်စီမှာ ရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ရောတာဝန်ခံပြီးတော့မှ နိုင်ငံတကာအဖွဲ့အစည်းတွေက စောလျင်စွာ မလုပ်ပေးနိုင်ဘူးဆိုရင် လုပ်ပေးနိုင်တဲ့အ ရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ကထောက်ပြပြော ဆိုချင်ပါတယ်”

ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ဆန်ရိက္ခာပြတ်တောက်နေတာနဲ့ ပတ်သက်လို့ မြောက်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန ဒုဦးစီး ဦးသန်းရွှေ ကတော့ အထက်က ခွင့်ပြုချက်ပေးတာနောက်ကျလို့ ကြန့်ကြာနေတာလို့ပြောပါတယ်။

“ဆန်ရိက္ခာ ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ ထောက်ပံ့ခွင့်တင်ထားတာ ရှိတယ်ဗျာ။ ထောက်ပံ့ခွင့် ကျမှာပဲ ကျွန်တော်တို့က ထောက်ပံ့လို့ရတာ။ ထောက်ပံ့ခွင့်က ဒီနေ့မှာရောက်တာ။ ကျွန်တော်တို့ ဒီသင်္ကြန်အတွင်းမှာ အမြန်ဆုံးထောက်ပံ့ဖို့ အစီအစဉ်ရှိတယ်ဗျ”

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကာလအတွင်းမှာ အိုးအိမ်တွေ စွန့်ခွာတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ဒီကနေ့အထိ တစ်သိန်းသုံးသောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-13 23:55

ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေကိုလစဥ်ရိက္ခာထောက်ပံ့နေတာကNLD ပြည်သူ့အစိုးရဖြစ်ပါတယ်၊ယခုလိုပြည်သူ့အာဏာအသိမ်းခံထားရချိန်မှာတော့စစ်ကောင်စီနဲ့AA မှာဘဲတာဝန်ရှိပါတယ်၊နည်းလမ်းရှာကြံကြိုးစားကြပါ။ကံကောင်းပါစေ။