NUG ရဲ့ လေယာဉ်ပစ်လက်နက် စစ်ပွဲအနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးကြောင်း လေ့လာသူတွေပြော

2022.10.13
NUG ရဲ့ လေယာဉ်ပစ်လက်နက် စစ်ပွဲအနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးကြောင်း လေ့လာသူတွေပြော NUG ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့ဝင်များကို တွေ့ ရစဉ်။
ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သားသေဆုံး ထိခိုက်မှုတွေ များလာတဲ့အတွက် တန်ပြန်ခုခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လေယာဉ်ပစ် လက်နက်တွေ ရရှိထားကြောင်း အောက်တိုဘာ ၇ ရက် သတင်းစာရှင်းပွဲ ကနေ အသိပေးလိုက်ပါတယ်။

လက်နက်အမျိုးအစားနဲ့ အသုံးပြုမယ့်နေရာတွေကို ထုတ်မပြောနိုင်ပေမယ့် အဲဒီနေရာ တွေကို ရောက်လာတဲ့ စစ်ကောင်စီရဲ့လေယာဉ်တွေကို ပစ်ချတိုက်ခိုက်သွားမယ်လို့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင် က ပြောပါတယ်။

“ပြည်သူလူထုကို ကာကွယ်ရမယ့်အနေအထားလည်းရှိတယ်။ ကာကွယ်ရေးဝန်ကြီး ကလည်း ပြောထားပြီးပါပြီ ၊ ကျနော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိသလားဆိုတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ရှိ သလဲဆိုတော့ နေရာတိုင်းမှာတော့မရှိဘူး။ တချို့နေရာတွေမှာတော့ ရှိတယ်။ ရှိလို့ အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျနော်တို့ကတော့ ပစ်ချမှာပဲ”

ပြည်သူတွေကို လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်တာတွေကို ကာကွယ်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ တာဝန်ရှိပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ် မောင်းသူတွေ အနေနဲ့လည်း ပြည်သူကို မျက်နှာမူဖို့ လိုအပ်တယ်လို့ ဦးထင်လင်းအောင် က ပြောပါတယ်။

"လေကြောင်းတိုက်ခိုက်တဲ့ပစ္စည်းတွေ ရောက်လာရင် ကျနော်တို့က နိုင်ပြီလို့ပြောရမှာ"

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုမှန်သမျှကို မှတ်တမ်းတင်ထားပြီး တရားစီရင်ချိန် ရောက်တဲ့အခါ တာဝန်ခံရလိမ့်မယ်လို့လည်း သတိပေးသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတော်လှန်စစ်ကို တစ်နှစ်သတ်မှတ်ထားပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ကြေညာ ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးနိုင်ဆွေဦးကတော့ NUG ရဲ့ လေယာဉ်ပစ်လက်နက် တွေဆိုတာ ပခုံးထမ်းဒုံးလက်နက် FN -6 လို မျိုး တွေသာ ဖြစ်နိုင်ပြီး စစ်ကောင်စီရဲ့ လေတပ်အတွက် ကြီးကြီးမားမား ထိခိုက်နိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

“NUG ရဲ့ သူတို့ရဲ့လေယာဉ်ပစ် လက်နက်တွေဆိုတာကလည်း ပခုံးထမ်းဒုံးတွေပဲ ဖြစ်ဖို့ များတယ်။ လက်တွေ့မှာတော့ ကျွမ်းကျင်တဲ့သူမရှိဘဲနဲ့ နောက်ပြီးတော့ ထားသိုတဲ့စနစ် အဆင့်မီမရှိဘဲနဲ့တော့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ မရှိဘူးလို့မြင်တယ်။ ဆိုတော့ တပ်မတော်အတွက် ဘယ်လို ရိုက်ခတ်မှုဖြစ်လာနိုင်သလဲဆိုတော့ အရင်ကတည်း ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေမှာ ရှိနေတာဖြစ်တဲ့အတွက် သတိထားပြီး သား ဖြစ်တဲ့အတွက် ပိုပြီးတော့ ထူးထူးထွေထွေ ပိုပြီးတော့မှ ထပ်ပြီးတော့မှ ဂရုထား စရာမလိုဘူး။ အရင်ကတည်းက ဂရုထားပြီးသား၊ သိပ်ပြီး တပ်မတော်အပေါ် ရိုက်ခတ်မှု မရှိဘူးလို့တော့ ကျနော်ကတော့ ဒီလိုပဲ မြင်ပါတယ်”

စစ်ကောင်စီဘက်က ဘယ်လို အဆင့်မြင့် တိုက်ခိုက်ရေးလေယာဉ်တွေကို သုံးနေသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက အတိအကျ ဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့လေတပ်က ထုတ်ပြန်ထားတဲ့ လေကြောင်းဆိုင်ရာအချက်အလက်တွေအရ ကြားဖြတ်တိုက်လေ ယာဉ် MiG-29 ၃၁ စင်း၊ ဘက်စုံသုံး တိုက်လေယာဉ် Sukhoi Su-30 ခြောက်စင်း၊ JF Thunder ခြောက်စင်း၊ မြေပြင်တိုက်ခိုက်ရေးလေယာဉ် Nanchang Q-5 ၂၁ စင်း၊ တိုက်လေယာဉ် Chengdu J-7 ၂၄ စင်း နဲ့ Shenyang J-6 တစ်စင်း အပြင် ရုရှားနိုင်ငံထုတ် Mi-35 ၊ Mi -24 ၊ Mi-17 ၊ Yak-130 တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ကလေးခုနစ်ဦးအပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းပစ်ခတ်ခံရမှုဆိုရင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်က ထန်းပင်တစ်ပင် အမြင့်လောက် ကနေ ပျံသန်းပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့အတွက်ကတော့ အခုလိုကြားရတော့ အားရှိတာပေါ့။ ဝမ်းသာမိတာပေါ့။ ဒီလို လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့လက်နက်ပေါ့ဗျာ အဓိကတော့ အဲဒါကို ဟိုနေ့ကလည်း သတင်းထဲမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရဝန်ကြီး တွေလည်း ပြောတာကြားလိုက်ပါတယ်။ ကျနော်တို့ အဲလို လက်နက်မရှိတဲ့အတွက် ကျနော်တို့ရွာ နစ်နစ်နာနာခံလိုက်ရတာ။ အဲလိုလက်နက်သာရှိရင် ပြန်ပစ်နိုင်တယ်။ သေချာပေါက်ပြန်ပစ်နိုင်တယ်၊ ကျနော်တို့ရွာကို ပစ်ခတ်သွားတာ ထန်းပင်အမြင့် လောက်တင်၊ တကယ့် နိမ့်နိမ့်လေးတင် လုပ်သွားတာကိုး၊ အောက်မှာ ကလေးတွေရှိတာ သူတို့မြင်တယ်။ ပြီးမှသာ သူတို့မဟုတ်ဘူး၊ ကလေးတွေမှန်း မသိလို့ ဘာညာပြောတာ”

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ဟာ ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းနဲ့ မကွေး ဒေသတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၁ ကြိမ် အထိ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ဒေသခံ ငါးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိကြုံခဲ့ရတဲ့ ကရင်နီပြည်နယ်မှာ NUG ကသာ အမှန်တကယ် လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်ရင် ထိရောက်တဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေကို ပြန် လုပ်နိုင်မယ်လိမ့်မယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တကယ်သာ မြေပြင်မှာ လေကြောင်း ရန်ကာကွယ်တဲ့ လက်နက် မျိုးတွေ တကယ်ပေးနိုင်မယ်။ လုပ်နိုင်မယ်ဆိုရင်တော့ အလှည့်အပြောင်းဆိုတာထက် ကျနော်တို့ တိုက်ခိုက်တဲ့နေရာမှာ နည်းနည်းတော့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ထင်တယ်ဗျ။ ကရင်နီပြည်နယ်အတိုင်းအတာနဲ့ ဆိုရင် အဓိက က စစ်ကောင်စီတပ်က ကြီးကြီးမားမားတိုက်ပွဲတွေ သူတို့ဘက်က အကျအဆုံးများတဲ့ဟာမျိုး သေနှုန်းများတဲ့ ဟာမျိုးဆိုရင် သေချာပေါက် သူတို့က လေကြောင်းသုံးတယ်ပေါ့နော်”

ကရင်နီပြည်နယ်မှာ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း အသုံးပြုထိုးစစ်ဆင်နေသလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ခွဲ တွေကလည်း ခုခံတော်လှန်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ မကွေး တိုင်း မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လေယာဉ်ပစ်လက်နက်တွေ မကွေးတိုင်းထဲ ရောက်လာရင် တော်လှန်ရေး အောင်မြင်ပြီလို့ ပြောပါတယ်။

311407869_123065167202509_4913452715020614045_n.jpg
NUG ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့ဝင်များကို တွေ့ ရစဉ်။ (ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F)

“လေကြောင်းတိုက်ခိုက်မှုကများနိုင်တယ်။ ကျနော်တို့ဆီမှာ ခြေလျင်လာတဲ့ စစ်ကြောင်းက တော်တော်နည်းသွားတယ်။ မရှိတာတော့မဟုတ်ဘူး၊ ရှိတယ်။ အရင်လောက်ကြီးတော့ မရှိတော့ဘူး။ လေကြောင်းတိုက်ခိုက်တဲ့ ပစ္စည်းတွေ ရောက်လာရင် ကျနော်တို့က နိုင်ပြီလို့ပြောရမှာ။ လေကြောင်းတိုက်ခိုက်တဲ့ ပစ္စည်းရရင် သူတို့ (စစ်ကောင်စီတပ်ဖွဲ့ ) အင်အားက ဘယ်လောက်ရှိတာ မှတ်လို့။ ကျနော်တို့ တစ်တိုင်းလုံးမပြောနဲ့ ကျနော်တို့ တစ်မြို့နယ်စာလောက်ပဲ ရှိတာကိုး ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ NUG မှာ လေယာဉ်ပစ် လက်နက်တွေရှိလာရင် အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်မှု လျော့နည်းသွား နိုင်ပေမယ့်လို့ စစ်ပွဲအနိုင်အရှုံးကိုတော့ ဒီလောက်နဲ့ အဆုံးအဖြတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တကယ်ရှိလာတယ်ဆိုရင်တော့ ကျနော်တို့က အထူးသဖြင့် လေယာဉ်ပျံတွေနဲ့ အရပ်သား ပြည်သူတွေ ကိုတိုက်ခိုက်တဲ့ရန်က နည်းနည်းတော့ လျော့သွားမှာပေါ့။ အဲလို လျော့သွားတဲ့အတွက်ကြောင့် တစ်ဖက်ကလည်း သူတို့သုံးနေတဲ့ နယ်မြေရှင်းလင်းရေး (Clearance Operation) ဆိုတဲ့ဟာကိုလုပ်ဖို့ အတွက် နည်းနည်း ထိန်းထိန်းသိမ်းသိမ်း ရှိလာနိုင်မယ့် သဘောတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလက်နက်ရှိသွားတာနဲ့ တစ်ဖက်နဲ့ တစ်ဖက် အနှိုင်အရှံး ပေါ်သွားမယ်လို့တော့ မြင်စရာတော့ မရှိဘူး။ ရထားတယ်ဆိုတဲ့ လက်နက်က ဘယ် လောက် အရေအတွက်နဲ့ ဘယ်လောက် ရထားလဲဆိုတာက ကျနော်တို့ မသိနိုင်ဘူးလေ”

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ခုခံတော်လှန်စစ်တွေ ပြင်းထန်နေပေမယ့်လည်း စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ နိုင်ငံရေးပြဿနာတွေက ရှိနေသေးတယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ရေးတုံ့ပြန်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ ယူဆထားပေမယ့် လည်း စစ်ရေးစစ်ရာနဲ့ ပတ်သက်လို့ နိုင်ငံတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ သဘောတူညီမှုရယူတာ၊ စစ်ရေးဦးဆောင် မှုမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ မဟာဗျုဟာ မြောက် နယ်မြေတွေ သိမ်းပိုက်ဖို့ ဆောင်ရွက်တာတွေ လုပ်ရလိမ့်ဦးမယ်လို့လည်း စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။