NUG ထောက်ခံရေး Facebook လှုပ်ရှားမှု သုံးသန်းကျော်ဖြစ်လာ
2021.08.17
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG–Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုမှာ တစ်ပတ်အတွင်း ပါဝင်သူပေါင်း သုံးသန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) အဖွဲ့က ပြောပါတယ်။
ဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ညက စတင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့အထိ ဖေ့စ်ဘွတ် ခ်အကောင့် သုံးသန်းကျော်ဟာ အဲဒီပရိုဖိုင်ကိုပြောင်းလဲပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြတာလို့ GSCB က ဆိုပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ဒီလှုပ်ရှားမှာပါဝင်ကြတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို စစ်ကောင်စီက တရား စွဲမယ် အဲဒီအကောင့်တွေကို စာရင်းပြုစုထားဖို့ ညွှန်ကြားချက်စာပေါ်ထွက်လာပါတယ်။ အဲဒီညွှန်ကြားချက် ထုတ်ပြီးတဲ့နောက်ပိုင်း အကောင့်ပြောင်းပြီး NUG ထောက်ခံတဲ့သူတွေ ပိုများလာတယ်လို့ GSCB အဖွဲ့ဝင် မန္တလေးမြို့သပိတ်ခေါင်းဆောင် လူငယ်တစ်ယောက်ဖြစ်တဲ့ မအေးမြင့်က ပြောပါတယ်။
“ခြောက်ရက်မြောက်နေ့ အတွင်းမှာရခဲ့တဲ့ ပရိုဖိုင်ချိန်းတဲ့ အရေအတွက်ကတော့ လူပေါင်းသုံးသန်းကျော် ကနေပြီးတော့ ဒီ Challenge မှာ ဒီဖရိန် Campaign မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်၊ နောက် ၁၁ ရက်နေ့မှာ စစ်ကောင်စီကနေပြီးတော့ ဒီဖရိန် Campaign မှာပါတဲ့သူတွေကို တရားစွဲမယ်ဆိုပြီးတော့ ထုတ်ပြန်ချက် ထုတ်ခဲ့တယ်ပေါ့နော်၊ အဲတော့ ပြည်သူလူထုက အဲထုတ်ပြန်ချက် ထုတ်ပြီးတဲ့နောက်ပိုင်းမှာ တော်တော် များများက ချိန်းလာကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစတုန်းကတော့ သူတို့သည် ဒီပရိုဖိုင် Campaign သည် အရေးပါတယ်ဆိုတာမျိုး သိတယ်ဆိုပေမယ့် တချို့တွေက မချိန်းတဲ့သူတွေလည်း ရှိတယ်ပေါ့၊ ဒါပေသိ စစ်ကောင်စီက စာထုတ်ပြီးနောက်ပိုင်းမှာတော့ မဖြစ်တော့ဘူး ချိန်းမှဖြစ်တော့မယ်ဆိုပြီးတော့ လူတွေဟာပိုပြီးတော့ တော်တော်များများလေး ချိန်းလာတယ်ဆိုတာမျိုးတွေ ကျမတို့ တွေ့ရတယ်ပေါ့ နော်”
လက်ရှိ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပဲ ပြုလုပ်နေပေမယ့် မကြာခင် နိုင်ငံတကာ အသိုင်းအဝိုင်း အထိရောက်နိုင်ရေး တွစ်တာကနေလည်း လုပ်သွားဖို့ရှိတယ်လို့ မအေးမြင့်က ဆိုပါတယ်။
ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေး အွန်လိုင်းကတဆင့် လက်မှတ်ထိုးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကိုလည်း သြစတေးလျအခြေစိုက် NUG အစိုးရထောက်ပံ့ရေး အင်အားစုတခုက လုပ်ဆောင်နေတာ ရှိပါတယ်။ ဒီလှုပ်ရှားမှုမှာ အရှေ့တီမောနိုင်ငံရဲ့ သမ္မတဟောင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Derek Mitchell၊ ချက်နိုင်ငံ အထက်လွှတ်တော်အမတ် Pavel Fisher အပါအဝင် နိုင်ငံတကာက မြန်မာ့အရေးထောက်ခံသူ တစ်သိန်းငါးသောင်းကျော်က ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ထောက်ခံလက်မှတ် နှစ်သိန်းအထိရဖို့ ရည်ရွယ်ပြီး ဘာသာစကား ၇ မျိုးနဲ့ လုပ်ဆောင်နေပါတယ်။
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရတစ်ရပ်နဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘာ့နိုင်ငံတွေက ရွေးချယ် ဖို့ရှိနေတာကြောင့် NUG ကို ထောက်ခံကြောင်းပြသဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်နေကြတာပါ။
"လူထုကတော့ သူပါလို့ရတဲ့ နည်းလမ်းပေါ်ပေါက်ပြီဆိုတာနဲ့ ပါဝင်လာတဲ့အတွက် ဒီလိုမျိုးသန်းနဲ့ချီတဲ့ အခင်းအကျင်း ကျနော်တို့ တွေ့ရတာဖြစ်တယ်”
အဲဒီအထွေထွေညီလာခံမှာ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ အပါအဝင် အလှည့်ကျ ကိုးနိုင်ငံပါဝင်တဲ့ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို အကြံပြုချက်ပေးရမှာ ဖြစ်ပါတယ်။
လက်ရှိ မော်ဒိုက်ဗ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဲဒီကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဟာ လုံခြုံရေးကောင်စီမှာလို ပယ်ချနိုင်တဲ့ ဗီတိုအာဏာမရှိဘဲ တစ်နိုင်ငံကို တစ်မဲပဲ ပေးခွင့်ရှိပါတယ်။
နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီက မဲခွဲဆုံးဖြတ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်း လာမယ့်အကြံပြုချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုက သဘောမတူခဲ့ဘူးဆိုမှသာ အဖွဲ့ဝင် ၁၉၃ နိုင်ငံ လုံးက မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရနဲ့ ပြည်သူ့အာဏာကိုပြန်ရဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့ ရန်ကုန်မြို့သပိတ်ခေါင်းဆောင် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုဟယ်ရီက ပြောပါတယ်။
“အခုလာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာပြုလုပ်မယ့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေ ထွေညီလာခံမှာပေါ့နော် မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရအဖွဲ့တစ်ရပ်နဲ့၊ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ကို ကမ္ဘာ့နိုင်ငံတွေက စိစစ်ရွေးချယ်ဖို့ရှိတယ်ပေါ့နော်၊ အဲဒီနေရာမှာ ကျနော်တို့က NUG ကို ပြည်သူ တွေက ထောက်ခံတယ်ဆိုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကိုပေါ့ ကျနော်တို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body) ဆိုတဲ့အဖွဲ့ကနေ ကျနော်တို့ ဦးဆောင်ပြီး ပြုလုပ်ခဲ့ တာဖြစ်ပါတယ်ခင်ဗျ၊ ကျနော်တို့ကတော့ ရည်ရွယ်ချက်ကတော့ ပြည်သူတစ်ရပ်လုံးပေါ့နော် ကျနော်တို့ အစိုးရ ကျနော်တို့အာဏာ ကျနော်တို့ ပြည်သူတွေကို ပြန်ရဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီလှုပ်ရှားမှုကိုပြုလုပ်တယ်”
NUG နဲ့ စစ်ကောင်စီ တစ်ခုခုကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် ရွေးချယ်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အရေး ကြီးသလို နှစ်ဖက်စလုံးကို မရွေးချယ်ဘဲ ဆိုင်းငံ့ထားပြီး ခုံအလွတ်အနေနဲ့ထားဖို့ ဆုံးဖြတ်တာမျိုးလည်း ရှိနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
ကုလသမဂ္ဂမှာ NUG အတွက် ထောက်ခံမှုတွေရှိလာအောင် တွန်းအားပေးတဲ့သဘောနဲ့ ဒီလှုပ်ရှားမှုကို လုပ်တာလို့ သပိတ်ဦးဆောင်သူ လူငယ်လည်းဖြစ် တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ ဝင်လည်းဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။
“ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့အချိုးအကွေ့တစ်ခုဆိုတာကို ပြသချင်တဲ့အတွက် အခုချိန်မှာ Awarness Campaign ပေါ့၊ ပြည်သူလူထုကို ဒါနဲ့ပတ်သက်ပြီးတော့ အသိအမြင်တွေ ပိုပြီးကျယ်ပြန့်လာအောင် ပြည်သူတွေ ပါဝင်လာအောင်သွားတဲ့ Campaign ဖြစ်တယ်၊ ဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ လူထုအပေါ်မှာ သက်ရောက်မှုရှိလိမ့်မယ်၊ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မယ်၊ ဒါပြီးသွားလို့ နောက်ဆက်လုပ်မယ့် Campaign တွေကတော့ ကျနော်တို့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အင်အားစုတွေနဲ့ ပေါင်းစပ်ပြီးတာ့မှ အဲဒီနိုင်ငံမှာရှိနေတဲ့ အစိုးရ၊ လွှတ်တော်၊ အဲဒီနိုင်ငံမှာရှိနေတဲ့ သူတို့နိုင်ငံသားတွေကနေပြီးတော့မှ မြန်မာ့အရေးဟာ ငါတို့တွေ ဝိုင်းပံ့ပိုးရမယ်၊ ဝိုင်းကူညီရမယ်၊ ဝိုင်းထောက်ခံရမယ်၊ မြန်မာ့အရေးဟာ ငါတို့အတွက် အရေးကြီးတဲ့ ဒီလူသားဆန်မှုတွေ လူသားဖြစ်မှုတွေအပေါ်မှာ ရာဇဝတ်မှုတွေကျုးလွန်နေ တယ်ဆိုတဲ့ အသိအမြင်တွေ ရသွားပြီးတော့မှ သူတို့ သက်ဆိုင်ရာ နိုင်ငံအစိုးရကို Push လုပ်ပြီးတော့မှ UN မှာရှိတဲ့ တကယ့်ဆုံးဖြတ်ရတဲ့အချိန်မှာ ကျနော်တို့ရဲ့ NUG အစိုးရကို ထောက်ခံဖို့ ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ ဒီဟာတွေကို ကျနော်တို့ ဆက်တွန်းမှာဖြစ်တယ်၊ Campaign ကတော့ သူရဲ့ Tempo အလိုက် တဆင့်ချင်းတဆင့်ချင်း သွားမှာဖြစ်ပါတယ်”
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ပရိုဖိုင်ပြောင်းလဲထားသူတွေကို စနစ်တကျပြုစုထားဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ညွှန်ကြားတဲ့ ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ အဲဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အနုပညာရှင် ၆၃ ယောက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ စစ်ကောင်စီက အမှုဖွင့်တာခံခဲ့ရပါတယ်။
အဲဒီကြေးနန်းစာထဲမှာ ပရိုဖိုင်ပြောင်းလဲထားသူတွေဟာ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ NUG ကို ထောက်ခံပြီး အကြမ်းဖက်လုပ်ငန်းတွေကို ပြုလုပ်ဖို့ တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့် နေသူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

အမှုဖွင့်ခံရတဲ့ အနုပညာရှင် ၆၃ ယောက်ထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာကြောင့် စစ်တပ်ကို အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေလည်း ပါဝင်နေပါတယ်။
ပြည် သူတွေကတော့ ရတဲ့နည်းနဲ့ စစ်ကောင်စီဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်နေတာကြောင့် သန်းနဲ့ချီပြီး ရှိလာတာလို့ တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
“ဒါစစ်ကောင်စီရဲ့ ထုံးစံအတိုင်းပါပဲ၊ လူထုကို လက်နက်နဲ့ခြိမ်းခြောက်မယ်၊ ဥပဒေနဲ့ ခြိမ်းခြောက်မယ် ဒါမျိုးတွေပေါ့၊ အခုလည်း အကြမ်းဖက်အဖွဲ့ မတရားအသင်းနဲ့ ဆက်သွယ်ဆိုတဲ့ အခင်းအကျင်းမျိုးတွေနဲ့ ဝါဒဖြန့်လာတာ တွေ့ရပါတယ်၊ ဥပဒေကို ပြင်းထန်စွာချိုးဖောက်ထားတယ် ၅၀၅ (က)၊ ( ခ) နဲ့လည်း မလုံလောက်ဘူး ဒါဟာ ၁၇ (၁) တို့ အခြားသော မတရားအသင်းပုဒ်မတွေ အကြမ်းဖက် အက်ဥပဒေတွေနဲ့ စွဲလို့ရတယ်ဆိုတဲ့ဟာမျိုး လူထုကိုတော်တော်လေး ဝါဒဖြန့်ချိလာတာ တွေ့ရတယ်၊ ဒါကဘာကို ပြနေလဲ ဆိုရင် ဒီအွန်လိုင်း Campaign ပေါ့နော် ဒီ Credential Challence နဲ့ပတ်သက်တဲ့ NUG ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ဖို့အတွက် တိုက်တွန်းတဲ့ လူထုကို Awarness လုပ်တဲ့ Campaign ဟာ အတိုင်းအတာ တစ်ခုအထိ ပေါက်ရောက်ပြီးတော့ စစ်ကောင်စီဘက်က တော်တော့်ကို ထိခိုက်မှုတွေရှိနေတယ်ဆိုတာကို ပြသနေတယ်လို့ ကျနော်တို့ကတော့မြင်တယ်၊ လူထုကတော့ သူပါဝင်လို့ရတဲ့ နည်းလမ်းမျိုးစုံနဲ့ ပါဝင်တာ ပဲ၊ အွန်လိုင်းမှာ Like ပေးတာဖြစ်ဖြစ် Share ပေးတာဖြစ်ဖြစ် Comment ပေးတာဖြစ်ဖြစ် အဲဒီလိုမျိုး ပရိုဖိုင်ပုံချိန်းတာဖြစ်ဖြစ် လူထုကတော့ သူပါလို့ရတဲ့ နည်းလမ်းပေါ်ပေါက်ပြီ ဆိုတာနဲ့ ပါဝင်လာတဲ့အတွက် ဒီလိုမျိုးသန်းနဲ့ချီတဲ့ အခင်းအကျင်း ကျနော်တို့ တွေ့ရတာဖြစ်တယ်”
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်း ရေးအင်အားစု (GSCB) ရဲ့ စာရင်းအရ ဩဂုတ်လ ၉ ရက်နေ့ညကနေ ဩဂုတ်လ ၁၅ ရက်နေ့ညအထိ Accept NUG – Reject Military ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပရိုဖိုင် လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ပြည်သူတွေရဲ့ အကောင့်ပေါင်း သုံးသန်းနဲ့ လေးသိန်းကျော်လာပါပြီ။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခုလို အငြင်းပွားမှုမျိုးကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ အနေနဲ့ တစ်ကြိမ်ကြုံခဲ့ရပါသေးတယ်။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) အစား စစ်အစိုးရ ကိုယ်စားလှယ်ကိုပဲ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) က အတည်ပြုရွေးချယ်ခဲ့ပါတယ်။