စစ်ကောင်စီဟာ ရည်ရွယ်ချက်နဲ့ ပြည်သူ့ကျန်းမာရေး ထိခိုက်အောင်လုပ်နေကြောင်း NUG ဝေဖန်
2021.07.13
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဒဏ်ကို ခံနေရတဲ့ မြန်မာ ပြည်သူတွေဟာ ရသင့်ရထိုက်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို မရရှိရုံမကဘဲ အာဏာသိမ်းစစ်ကောင်စီရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကိုပါ ခံနေရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း UDHR ရဲ့ အပုဒ် ၂၅ အရ လူတိုင်းလုံလောက်တဲ့ လူနေမှုအဆင့်အတန်းနဲ့ ဆေးကုသမှုခံယူခွင့်ဟာ အခြေခံလူ့အခွင့်အရေး တစ်ခု ဖြစ်ပေမယ့် အခုအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို မရရုံမကဘဲ အာဏာသိမ်း စစ်ကောင်စီရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကို ကြုံနေရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
"စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် စိတ်စေတနာကင်းမဲ့ပြီး ဒီလိုလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်စားချေတဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေဟာ Crimes Against humanity ခေါ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်"
နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းဟာ ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ခွဲခြားခြင်းမရှိဘဲ ခံစားခွင့်၊ ရောဂါ ကာကွယ်တားဆီးရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ရရှိပိုင်ခွင့်နဲ့ ဒီပစ္စည်းတွေကို ပြည်သူတွေ ရယူ အသုံးပြုနိုင်လောက်အောင် လက်လှမ်းမှီတဲ့ အခြေအနေ ဖန်တီးပေးဖို့ စတဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပေမယ့် လက်ရှိအခြေအနေအရ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ် ၁၉ ကာကွယ်ဆေး၊ ကုသရေးစင်တာနဲ့ အောက်ဆီဂျင် ပေးတဲ့ စက်ပစ္စည်းတွေကို အရပ်သားပြည်သူတွေအတွက် ဦးစားပေးရမယ့်အစား စစ်တပ်အသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေအတွက် ဦးစားပေး အသုံးပြုနေတာ၊ စစ်တပ်အတွက် အသုံးပြုဖို့ သိမ်းဆည်းရယူတာ စတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့အတွက် လူတိုင်း အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရပိုင်ခွင့်ကို ချိုးဖောက်ရာရောက်နေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် စိတ်စေတနာကင်းမဲ့ပြီး ဒီလိုလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်စားချေတဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေဟာ Crimes Against humanity ခေါ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့လည်း NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းချက်ကြောင့် ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ နှာခေါင်းစည်းနဲ့ အောက်ဆီဂျင်စက်တွေကို လူတိုင်း အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ခွင့် ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတဲ့အပြင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ပင်တားဆီးတာ၊ ပြည်ပက တင်သွင်းမှုကို ကန့်သတ်တာ၊ ထိန်းချုပ်တာတွေဟာ အခမဲ့ ဝေငှတဲ့ ပရဟိတ အဖွဲ့တွေ၊ တပိုင်တနိုင် အောက်ဆီဂျင် ဖြည့်ပေးတဲ့ လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ ခြိမ်းခြောက်တာတွေဟာ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဟာ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ ထိခိုက်အလွယ်ဆုံး ပြည်သူတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အမေရိကန် ဒေါ်လာ ၃၇၂ သန်းအထိ ချေးပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်က ခွင့်ပြုပေးခဲ့ပြီး အိန္ဒိယ နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ အစုံ ၁.၅သန်းကို ဇန်နဝါရီလက ပေးအပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းယူပြီး ဗဟိုဘဏ်နဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေကို စစ်တပ်က ထိန်းချုပ်လိုက်ပြီးနောက်မှာ ဒီချေးငွေတွေကို ဘယ်လိုပုံစံနဲ့ သုံးစွဲနေသလဲ ဆိုတာရယ်၊ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ဘယ်သူတွေအတွက် ဦးစားပေးထိုးနှံနေသလဲ ဆိုတာတွေကို အာဏာသိမ်း စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။
ဇူလိုင်လ ၁၁ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးက တပိုင်တနိုင် အောက်ဆီဂျင် ဖြည့်ပေးတဲ့ လုပ်ငန်းတွေကို ပိတ်ပင်တာဟာ ဈေးတင်ရောင်းချမှုနဲ့ လိမ်ညာရောင်းချမှုတွေကြောင့် ဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့တာဟာလည်း ဆီလျော်မှုမရှိဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ထားတဲ့ ကိုဗစ် ၁၉ ကုသရေးစင်တာတွေရဲ့ အရည်အသွေး မပြည့်စုံတာ၊ ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ သတင်းထုတ်ပြန်မှု မရှိတာတွေဟာလည်း အထူးစိုးရိမ်စရာကောင်းတယ်လို့ NUG အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။