NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဇူလိုင် ၂၂ ဖွင့်မယ်

RFA Burmese
2023.07.21
NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဇူလိုင် ၂၂ ဖွင့်မယ် နွေဦးဖွံ့ဖြိုးရေးဘဏ် Web application (Beta) အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ကျင်းပသည့် နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်စဉ်။
Spring Development Bank

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နွေဦးဖွံ့ဖြိုးရေးဘဏ်လို့ အမည်ပေးထားတဲ့ အွန်လိုင်းဘဏ်တစ်ခုကို ဇူလိုင်လ ၂၂ ရက် မနက်ဖြန်မှာ စတင်အသုံးပြုမယ့်အကြောင်း ဇူလိုင် ၂၀ ရက် မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေညာခဲ့ပါတယ်။ ဒီဘဏ်ဖွင့်ရတာဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်တွေထံ နိုင်ငံခြားငွေ စီးဝင်နေမှုကို ထိန်းချုပ်ဖို့နဲ့ တခြားငွေကြေးတွေ နွေဦးဖွံ့ဖြိုးရေးဘဏ်ထဲ ရောက်လာဖို့ ရည်ရွယ်တာလို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

NUG ရဲ့ ကြားကာလ ဗဟိုဘဏ်ဥက္ကဋ္ဌလည်းဖြစ်၊ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်က ပြည်သူ့တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာလုံခြုံမှုအတွက် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင်လည်ပတ်တာလို့ ပြောပါတယ်။

“ပြည်သူရဲ့ ပိုင်ဆိုင်မှုတွေ ဘဏ်တွေမှာ ပြည်သူက ယုံယုံကြည်ကြည် အပ်နှံထားတဲ့ စုဆောင်းငွေတွေ အပ်နှံငွေတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ လုံခြုံမှုကို အကြမ်းဖက် စစ်ကောင်စီကနေ ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေ အများကြီး ရှိပါတယ်။ ပြည်သူရဲ့ Financial security လို့ခေါ်တဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာလုံခြုံမှု ဒါတွေအားလုံးကို ကျွန်တော်တို့ အနေနဲ့က ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီအတွက်လည်း နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာကို စတင်ပြီးတော့ စဉ်းစားခဲ့တာဖြစ်ပါတယ်”

NUG စီမံဘဏ္ဍာဝန်ကြီးဌာနက ဆောင်ရွက်လုပ်ကိုင်နေတဲ့ ဘဏ္ဍာငွေရှာဖွေခြင်း၊ အခွန်ကောက်ခြင်းနဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေထောက်ပံ့တဲ့ လုပ်ငန်းတွေကို နွေဦးဖွံ့ဖြိုးရေးဘဏ်က NUG ရဲ့ ကိုယ်စားလှယ်ဘဏ်အဖြစ် ကူညီ ဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။

ဘဏ်လုပ်ငန်းတွေကို ဇူလိုင်လ ၂၂ ရက်မှာ အသုံးပြုသူ တစ်ထောင်၊ ကြီးကြပ်သူဦးရေ တစ်ရာနဲ့ စတင် စမ်းသပ်မှာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှာ အပြည့်အဝ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေကတော့ သုံးစွဲသူ ပြည်သူတွေရဲ့ အကောင့်တွေကို ပိတ်ဆို့တာ၊ အကောင့်ထဲက ငွေတွေကို သိမ်းယူတာ၊ ဘဏ်တွေရဲ့ စောင့်ထိန်းရမယ့် မူဘောင်စည်းမျဉ်းတွေကို ကျော်လွန်ပြီး ဘဏ်အကောင့်တွေမှာရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီထံ ပံ့ပိုးနေတယ်လို့ NUG က ပြောပါတယ်။

"သတိထားရမှာက နိုင်ငံတကာမှာ ဒီဟာကို အကျိုးအမြတ်ရတယ်ဆိုတဲ့ နာမည်တစ်ခုကို လုပ်ပြီးတော့ လိမ်တဲ့သူတွေလည်း ရှိတယ်။"

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် သိနိုင်ဖို့ စစ်ကောင်စီ ဗဟိုဘဏ်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းကိုင်မယ့်သူ မရှိပါဘူး။

နွေဦးဖွံ့ဖြိုးရေးဘဏ်မှာတော့ မြန်မာကျပ်ငွေ၊ အမေရိကန် ဒေါ်လာ၊ မလေးရှား ရင်းဂစ်၊ စင်္ကာပူ ဒေါ်လာတွေကို တရားဝင်အသုံးပြုပြီး ပထမခြောက်လမှာ အသုံးပြုသူ တစ်သိန်းရဖို့ မျှော်မှန်းထားပါတယ်။ ဒုတိယခြောက်လမှာ အသုံးပြုသူ ငါးသိန်းထိ ရှိလာဖို့ ရည်ရွယ်တယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနွေဦးဘဏ်ဟာ ဒီဂျစ်တယ်ငွေကြေးစနစ်ကို အသုံးပြုမှာမို့ နည်းပညာအရ လိမ်လည်မှုတွေ မဖြစ်အောင်တော့ သတိထားရလိမ့်မယ်လို့ ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

“Cryptocurrency ဆိုတာကတော့ ငွေကြေးကိုလုံခြုံရေးအတွက် Crypto နည်းပညာ အသုံးပြုပြီးတော့ Blockchain ပေါ်မှာ ထုတ်တဲ့ငွေကြေးပေါ့နော်။ စောင့်ကြည့်ရမှာပေါ့ အလားအလာအရပြောရရင် ကောင်းတယ်။ ဒါကို ရိုးရိုးတန်းတန်း ငွေကြေးအစား ထင်သာမြင်သာရှိတဲ့ နည်းပညာကိုအသုံးပြုပြီးတော့ ထုတ်လာမှာဖြစ်တာကြောင့် ကောင်းတဲ့ဘက်က ကြည့်ရင်တော့ အရမ်းကောင်းတယ်။ သတိထားရမှာက နိုင်ငံတကာမှာ ဒီဟာကို အကျိုးအမြတ်ရတယ်ဆိုတဲ့ နာမည်တစ်ခုကို လုပ်ပြီးတော့ လိမ်တဲ့သူတွေလည်း ရှိတယ်။ Scam (လိမ်လည်) လို့ခေါ်တာပေါ့နော်။ အဲလိုဟာမျိုးတွေလည်းရှိတာကြောင့် တော်တော်လေး သတိထားသင့်တယ်"

NUG တာဝန်ရှိသူတွေကတော့ ဘဏ်ရဲ့ ပဏာမအဆင့်အနေနဲ့ ငွေအပ်နှံတာ၊ ငွေကြေး လဲလှယ်တာ၊ ငွေလွှဲတာ၊ ရွှေဝယ်စုတာ၊ Master ကတ် Visa ကတ်တွေ အသုံးပြုပြီး ငွေသွင်း၊ ငွေထုတ် လုပ်နိုင်တာတွေအပြင် တော်လှန်ရေးအတွက် NUG က ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေနဲ့ စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုတွေကို နွေဦးဘဏ်ကနေ လေလံတင် ရောင်းချမယ်လို့ ပြောပါတယ်။

နောက်တစ်ဆင့်မှာတော့ စတာလင်ပေါင်၊ ဥရောပယူရို၊ တောင်ကိုရီးယားဝမ်၊ ဂျပန်ယန်း စတဲ့ငွေကြေးတွေကိုပါ အသုံးပြုနိုင်အောင် စီစဉ်မယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှုအတွက် ငွေပေးချေတာ၊ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်တာ၊ ချေးငွေထုတ်ချေးတာ၊ NUG ကနေ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေကို တခြားပစ္စည်းတွေနဲ့ လဲလှယ်တာတွေကိုပါ အဲဒီ ဘဏ်ကနေတစ်ဆင့် လုပ်ဆောင်နိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ ပြည်တွင်းမှာ နွေဦးဘဏ်ကို သုံးစွဲဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“လတ်တလောကာလမှာ သူတို့ (NUG) ရည်ရွယ်တာက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအတွက် အရင်ဆုံး သုံးနိုင်ဖို့ပဲ ရည်ရွယ်ထားပုံ ရပါတယ်။ လူထုကြားထဲမှာ ပုံမှန် နေ့စဉ် ငွေလွှဲပြောင်းမှု ကိစ္စတွေ ဘာတွေလုပ်ဖို့အတွက်ကတော့ အကန့်အသတ်တွေ ရှိနေတယ်။ Visa Card တို့ ဘာတို့ကနေ လွှဲပြောင်း နိုင်တယ်ဆိုတာ အဲဒါကတော့ ပြည်တွင်းထဲမှာရှိတဲ့ သူတွေ လုပ်နိုင်ခြေ နည်းပါတယ်”

ပြည်သူတွေမှာ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အသုံးပြုဖို့ စိုးရိမ်စိတ်တွေ ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာတော့ တော်လှန်ရေးကို ထောက်ပံ့သူတွေနဲ့ NUG ရဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ NUG Pay အသုံးပြုသူတွေကို ဖမ်းဆီးရမိကြောင်း မကြာခဏ ဖော်ပြနေပါတယ်။

NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးကတော့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အသုံးပြုမယ့် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အထူးအလေးပေးပြီး စနစ်တကျ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

“လုံခြုံရေးနဲ့ပတ်သက်တဲ့ သတိ အထူးရှိပြီး ကျွန်တော်တို့ဆောင်ရွက်ထားတဲ့ ကိစ္စရပ်ပါ။ ပရိုဂရမ်တစ်ခုခု ပရောဂျက်တစ်ခုခုမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ လုံခြုံရေး တော်လှန်ရေးကာလမှာ လုံခြုံရေးကို ဂရုတစိုက်ဆောင်ရွက်ထားတဲ့ အနေအထား ရှိပါတယ်။ Spring Development Bank လည်း ထိုနည်းလည်းကောင်းပါပဲ လုံခြုံရေးစနစ်တကျ ဆောင်ရွက်ထားတာရှိပါတယ်။ ဘယ်လိုတွေ ဆောင်ရွက်ထားသလဲဆိုတဲ့ အခါကျတော့ အဓိကအားဖြင့် ကိုယ့်ဆီကနေပြီးတော့၊ သုံးစွဲသူကနေပြီးတော့ မပေါက်ကြားဘူးဆိုရင် လုံခြုံတဲ့စနစ်ထိ ကျွန်တော်တို့ ဆောင်ရွက်ထားပေးတာ ရှိတယ်ပေါ့နော်”

ဘဏ်အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက် မလိုလားအပ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တောင်းယူသွားမှာ မဟုတ်ဘဲ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံမှုနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုကိုလည်း အပြည့်အဝ ကာကွယ်သွားမယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ် နမူနာတွေကို တွေ့ရစဉ်။ (Photo: www.unitedbonds-nug.org)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ် နမူနာတွေကို တွေ့ရစဉ်။ (Photo: www.unitedbonds-nug.org)

ထိုင်း - မြန်မာနယ်စပ်ရှိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ကူညီပေးနေတဲ့ မေမေ့ရင်ခွင်အဖွဲ့ တာဝန်ခံ ကိုမျိုးမြင့်အောင်ကတော့ ဒီဘဏ်စနစ်က ငွေလွှဲပြောင်းမှုနဲ့ ခုခံတော်လှန်သူတွေကို ထောက်ပံ့တဲ့နေရာမှာ အဆင်ပြေလာမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အတွက်ကတော့ ဒီဟာက ကလေးတွေ (ခုခံတော်လှန်သူ) တွေဆီကို ငွေပို့တဲ့အခါ လုံခြုံစိတ်ချစွာနဲ့ ပို့လို့ ရနိုင်တယ်။ ထိုနည်းအတူပဲ ကျွန်တော်တို့ ပိုက်ဆံတွေကို သိမ်းတဲ့အခါ စိတ်ချရတယ်။ ငါတို့ပိုက်ဆံတွေ ဘယ်နေ့အကောင့် ပိတ်သွားမလဲဆိုတာ စိုးရိမ်စရာမလိုဘူး။ လူတစ်ဦးချင်းစီမှာမှ စိတ်ချလုံခြုံမှု ရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းတွေကို ရှိကိုရှိရမယ်။ ဒါမှလည်း တစ်ဖက် စစ်ကောင်စီကို ထိုးနှက်ပြီးသား ဖြစ်သွားမယ်”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်လုပ်ငန်း ပျက်စီးလုနီးပါး ဖြစ်နေပြီး စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် သုံးစွဲသူတွေ အခက်အခက်မျိုးစုံ ကြုံနေရပါတယ်။

NUG က နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်တည်ထောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို အရေးယူမယ်လို့ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက ထုတ်ပြန်ထားပါတယ်။ မှတ်ပုံမတင်ထားဘဲ ငွေကြေးလုပ်ငန်းလုပ်ရင် ထောင် နှစ်နှစ်နဲ့ ငွေကျပ် သန်း တစ်ရာ အထိ ချမှတ်နိုင်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ- ၁၇၂ နဲ့ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်အစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှုတွေကို ပိတ်ဆို့တဲ့အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားကြောင်း ဇွန်လ ၂၁ ရက်နေ့က ကြေညာထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။