စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် NUG စာသင်ကျောင်း

ခက်မာ (ဝါရှင်တန်ဒီစီ)
2023.03.07
စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် NUG စာသင်ကျောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးစနစ်နှင့် သင်ကြားနေသည့် စာသင်ကျောင်းတစ်ကျောင်း။
Citizen Journalist

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပညာရေးကိုဆန့်ကျင်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာသင်တဲ့ ကျောင်းတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ပေါ်ပေါက်လာပါတယ်။ အဲဒီထဲက အများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ညွှန်ကြားမှုအောက်က ပညာရေးစနစ်နဲ့ သင်ကြားနေတာမို့ ဒီကျောင်းတွေကို NUG စာသင်ကျောင်းတွေလို့ ခေါ်ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာက NUG ကျောင်းလေးမှာတော့ ကျောင်းသား ၁၅၀ လောက် ပညာသင်ယူနေကြပါတယ်။

ခေတ်အခြေအနေအရ တခြားဘယ်ကျောင်းမှ သွားမတက်နိုင်တဲ့ ကလေးတွေအတွက် ဒီကျောင်းလေး ပေါ်ပေါက်လာရတယ်လို့ ဒီကျောင်းကို ကျောင်းဖြစ်မြောက်ရေး ကြိုးပမ်းပေးသူတစ်ဦးလည်းဖြစ် အဲဒီကျောင်းက ဆရာတစ်ဦးလည်းဖြစ်သူ ဦးထိန်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က Conflict Zone မှာရှိနေတဲ့ စစ်ရှောင်ဒေသကြီးဖြစ်နေတော့ တခြားဘယ်ကျောင်းမှလည်း မရှိဘူးပေါ့နော်။ ဒါကြောင့် ကျောင်းတစ်ကျောင်း လိုအပ်တယ်ဆိုတဲ့ စိတ်ကူးနဲ့ ထောင်ဖြစ်သွားတာပါ။ ကိုဗစ်ကာလကြီးကိုလည်း ဖြတ်သန်းထားရတာရယ်၊ တော်လှန်ရေး ကာလကြီးရယ်ဆိုတော့ ကလေးအများစုက စိတ်လေနေတာတွေ များတယ်ပေါ့နော်။ မိဘတွေကလည်း သူတို့ကလေးတွေကို စာသင်စေချင်တယ်ပေါ့။ ပြီးတော့ ဒီဒေသကလည်း တခြားအစီအစဉ်နဲ့ကျောင်းတွေက ဖွင့်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့်မို့လို့ နီးစပ်ရာလူတွေကပဲ ဦးဆောင်ပြီးတော့ လုပ်ပေးကြဖို့ ဒေသခံမိဘတွေကပဲ အကူအညီတောင်းကြတာပါ။”

NUG ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ သင်ကြားနေတဲ့ ဒီကျောင်းကို ၂၀၂၂ ခုနှစ် ဇွန်လမှာ မူလတန်းအဆင့်ကျောင်းအဖြစ် ဆရာ၊ ဆရာမ ငါးယောက်နဲ့ စဖွင့်ခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းလုပ်အားပေး ဆရာ၊ ဆရာမ တွေကို သင်တန်းပေးဖို့ လိုအပ်လာတာကြောင့် CDM ဆရာမတွေနဲ့ ထပ်မံချိတ်ဆက်ရင်း အခုတော့ ဆရာ ဆရာမ အင်အား ၁၅ ယောက်နဲ့ ကျောင်းသား ၁၅၀ ဝန်းကျင်ကို ပညာသင်ပေးနေနိုင်ပါပြီ။

ရွာခံမိဘတွေရဲ့ သားသမီးတွေအပါအဝင် စစ်ကိုင်းတိုင်းအနှံ့က စစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေ ပညာသင်နေတဲ့ ဒီကျောင်းလေးမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် အနုပညာ သင်တန်းတချို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတချို့ပါ ပေးနိုင်ခဲ့တယ်လို့ ဆရာဦးထိန်လင်းက ပြောပါတယ်။

“သင်ရိုးကတော့ အရင်ကပြဋ္ဌာန်းခဲ့တဲ့ စနစ်သစ်ပညာရေးသင်ရိုးအတိုင်း သင်ပါတယ်။ နောက်ဂီတဆရာတွေ လည်း ရောက်လာတယ်၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ နောက်.. ပန်းချီဆရာတွေလည်းရှိလာ တယ်။ အဲဒီလိုနဲ့ ဂီတရော၊ ပန်းချီရော၊ ပညာရေးသင်ရိုးရော ပြည့်ပြည့်စုံစုံ သိုက်သိုက်ဝိုင်းဝိုင်း သင်ပေးနိုင်ခဲ့ပါ တယ်ခင်ဗျ။ စာရေးကရိယာတွေ သင်ထောက်ကူတွေ တော်တော်များများလည်း အဝေးရောက်စေတနာရှင်တွေ က ကူညီပံ့ပိုးကျတယ်။ နောက်... တစ်ပတ်မှာ နွားနို့နဲ့ကြက်ဥပြုတ်တစ်ကြိမ်၊ ကြက်သားဆန်ပြုတ် တစ်ကြိမ်၊ နောက်ထပ်အဆင်ပြေရာအဟာရတစ်ခုနဲ့ တစ်ပတ်ကို သုံးကြိမ်လောက် ကလေးတွေကို အဟာရဒါန ပြုနိုင်ခဲ့ တယ်။ နောက်... ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေထဲက ကျန်းမာရေးစောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခုက ကူညီတဲ့အတွက် ပုံမှန်ကျောင်းကျန်းမာရေး စစ်ဆေးမှုတွေ၊ သံချဆေးတိုက်တာတွေ ဘာတွေလည်း လုပ်နိုင်ခဲ့ပါ တယ်။ မနှစ်ကတုန်းက။”

nug-school-003.jpeg
Photo: Citizen Journalist

ဒီလိုအခြေအနေမျိုးမှာ ကလေးတွေကျောင်းတက်စရာရှိနေတဲ့အတွက် ဝမ်းသာမိတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ဒီလိုအခက်အခဲကြားကြီးထဲမှာ ကလေးတွေမှာ တစ်နေ့ထက်တစ်နေ့ နှောင့်နှေးလာတဲ့ဟာတွေ၊ ဒီလိုအခက်အခဲကြားကြီးထဲက လွယ်လွယ်ကူကူလေး ထားရတာ ဝမ်းမြောက်တယ်လို့ ပြောရမှာပေါ့ဗျာ။ ပီတိဖြစ်တယ်ပေါ့ဗျာ။ ကလေးတွေ တစ်လုံးပဲတတ်တတ်၊ နှစ်လုံးပဲတတ်တတ်၊ တတ်တဲ့ဟာလေးက အကျိုး တအားသက်ရောက်ပါတယ်။”

ကျောင်းတက်ရတာမှာ စိုးရိမ်စိတ်တချို့ရှိပေမယ့် ဆရာ၊ ဆရာမတွေရဲ့ စောင့်ရှောက်မှုကြောင့် စိုးရိမ်စိတ် လျော့ပါးရတယ်လို့ အဲဒီကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

“သမီးတို့ မိဘတွေနဲ့ စစ်ဘေးရှောင်လာရင်း ဒီမှာတက်ဖြစ်တာပါ။ ဒီကျောင်းလေးမှာက အာဟာရတွေလည်း စားရတယ်။ လေ့ကျင့်ခန်းမျိုးစုံလည်း လုပ်ရတယ်။ ကိုယ်ဝါသနာပါတဲ့ ပြိုင်ပွဲလေးတွေမှာလည်း ဝင်ပြိုင်လို့ ရတယ်။ ဆရာ၊ ဆရာမတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး ကစားလို့ရတယ်ဆိုတော့ ပျော်ပါတယ်။ ဟက်စကီးတွေ လာတာတို့ဆိုရင်တော့ နည်းနည်းကြောက်တယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေရဲ့ လက်အောက်မှာဆိုတော့ သိပ်ပြီးတော့ မစိုးရိမ်ရပါဘူး။”

“ကျောင်းတက်ရင် အန္တရာယ်တစ်စုံတစ်ရာဆိုတာက ဖြစ်မှာတော့ နည်းနည်းစိုးပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမ တွေက ကျောင်းသူကျောင်းသားတွေအပေါ် လုံခြုံအောင်ပြုစုပျိုးထောင်ပေးထားတာ၊ အန္တရာယ် မရှိအောင် ကာကွယ်ပေးထားတာ ဆိုတော့ ဒီလောက်ကြီးလည်း စိုးရိမ်မှုမရှိပါဘူးရှင့်။ ရွာလေးက နည်းနည်း တောကျတယ်ဆိုတော့ မိုးတွင်းတွေ ကျောင်းသွားတယ်ဆိုရင် ရွှံ့တောထဲတွေ ဖြတ်ရတယ်။ မိုးရွာတဲ့အခါ စာအုပ်တွေ၊ ဘာတွေ ရေစိုကုန်ရင်တော့ တော်တော်ဒုက္ခရောက်ပါတယ်။”

စစ်ကောင်စီကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ အွန်လိုင်း စာသင်ကျောင်းတွေမှာ အပ်နှံတဲ့ ကျောင်းသားမိဘတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံ (MRTV) မှာ ကြေညာခဲ့ပါတယ်။ ကျောင်းသားမိဘတွေဟာ စစ်ကောင်စီ စာသင်ကျောင်းတွေနဲ့ စစ်ကောင်စီ အသိအမှတ်ပြု ကိုယ်ပိုင်စာသင်ကျောင်းတွေမှာသာ အပ်နှံကြရမယ်လို့လည်း ဆိုပါတယ်။

NUG-school002.jpg
Photo: Citizen Journalist

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဆရာဦးထိန်လင်းက အခုလိုတုံ့ပြန်ပါတယ်။

“ဒီကလေးတွေက ဘယ်ဒေသမှာပဲရှိရှိ သူတို့ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို ရယူ ပိုင်ဆိုင်ခွင့်ရှိကြတာ သိပြီးဖြစ်မှာပါ... သူတို့လည်း။ ဘယ်ဒေသက ကလေးတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပညာသင်ပေးနေတာဟာ သာဓုခေါ်စရာတစ်ခုပဲလို့ ကျွန်တော်တော့မြင်ပါတယ်။ ဒါကိုပင်လျှင် သူတို့က တော်လှန်ရေးရဲ့ အသွင်အပြင်တစ်မျိုးအနေနဲ့ ရှုမြင်ပြီးတော့ ကျောင်းတွေ ပျက်စီးရာပျက်စီးကြောင်း၊ ကလေးတွေ ပညာသင်ကြားခွင့် အကျိုးမဲ့ရာ မဲ့ကြောင်းပေါ့နော် ကြံစည်တယ်၊ အမိန့်တွေ ထုတ်တယ် ဆိုတာမျိုးဟာ အတော်အောက်တန်းကျတဲ့ လုပ်ရပ်လို့ ကျွန်တော်တော့မြင်ပါတယ်။”

စစ်ကိုင်းတိုင်းထဲက ကျောင်းသားမိဘတစ်ဦးကတော့ စစ်ကောင်စီဆိုတာ သူတို့နယ်မှာ ရှိလာမှာ မဟုတ်သလို ရှိဖို့လည်း မလိုဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီနယ်မြေမှာတော့ စကစကျောင်းဆိုတာ ရှိလည်းရှိလာမှာမဟုတ်သလို၊ ရှိလည်း မရှိနိုင်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်က အလိုမရှိဘူးဆိုတော့ သူတို့လည်း ရှိစရာအကြောင်းမရှိဘူးလို့ ထင်တယ်။ သူတို့ ကိုယ်တိုင်ကလည်း အမည်းရောင်နယ်မြေ သတ်မှတ်ထားတာ။ ကျွန်တော်တို့ကလည်း ဂရုစိုက်စရာမလိုဘူး။ သူတို့ရှိဖို့လည်း မလိုဘူးပေါ့ဗျာ။”

nug-school-008.jpg
Photo: Citizen Journalist

လောလောဆယ် NUG ကျောင်းလေးမှာ ပညာသင်နေတဲ့ ကျောင်းသူလေးတွေကလည်း ဒီကျောင်းလေးက တစ်ဆင့် ရရှိခဲ့တဲ့ပညာနဲ့ အနာဂတ်ကလေးငယ်တွေ သူတို့လိုဘဝမျိုးမရောက်ရအောင် အားထုတ်သွားမယ်လို့ ပြောပါတယ်။

“ကိုယ်ပညာတတ်ကြီး ဖြစ်သွားရင် တကယ်လို့များ ခေတ်တွေကောင်းသွားပြီ ဆိုလို့ရှိရင်တောင်မှ ကိုယ့်ဆရာ ဆရာမတွေက ကိုယ့်ကိုလုပ်ပေးခဲ့သလို ကိုယ်ကလည်း တခြားကလေးတွေကို ပရဟိတလေးလုပ်ပေးချင်တယ်။ နောက်ပြီးတော့ ဒီခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ကိုယ်က ဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရပြီးပြီဆိုတော့ နောက်လာ မယ့် နောင်လာမယ့် ကလေးလေးတွေကို ကိုယ့်လို ဒုက္ခတွေ မကြုံတွေ့စေချင်တော့ပါဘူး။ ဒါကြောင့်မို့ ကိုယ်က ပရဟိတပဲ လုပ်ချင်ပါတယ်။ အများပြည်သူ ကောင်းစားမယ့်အလုပ်ကိုပဲ လုပ်ချင်ပါတယ်ရှင်”

NUG ကျောင်းလေးတွေဟာ နေ့စဉ်အသက်အန္တရာယ်ရှိနေတဲ့ကာလမျိုးမှာတောင် သူတို့သားသမီးတွေကို အနာဂတ်ရည်မှန်းချက် အလင်းရောင်လေးတွေပေးနေတဲ့ ကျောင်းတွေဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

“ပညာတတ်ကြီး ဖြစ်လာရင် ဆရာမ လုပ်မယ်။ ပရဟိတ လုပ်မယ်။ ပန်းချီဆရာမကြီး လုပ်မယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။