NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအဆိုပြုချက် စစ်ကောင်စီပယ်ချ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.05.05
NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအဆိုပြုချက် စစ်ကောင်စီပယ်ချ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် အာဆီယံအထွေထွေအတွင်းရေးမှူးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
Photo: AFP

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့အဆိုပြုချက်ကို၊ မြန်မာအာဏာသိမ်းစစ်ကောင်စီက ပယ်ချလိုက်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးကို စစ်ကောင်စီက စိတ်ဝင်စားမှုမရှိကြောင်း ထပ်မံပြသလိုက်တာလို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

NUG နဲ့ အလွတ်ဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အဲဒီပြောကြားချက်ကို စစ်ကောင်စီက မဆင်မခြင် တာဝန်မဲ့ပြောဆိုမှုအဖြစ် ပယ်ချခဲ့တာဖြစ်ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ - အခုလို အခြေအနေမျိုးမှာ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့အတွက် မိမိတို့အနေနဲ့ ကူညီနိုင်ကြောင်း၊ ဒါ့ပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အာဆီယံရဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးသဘောတူညီမှု အစီအစဉ်၊ ပြည်တွင်း ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်‌ကြီးဌာနကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ရဲ့ ပြောဆိုချက်ကို ဆန့်ကျင်ကန့်ကွက်လိုက်ပြီး ဒါဟာမြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာအောင် အားပေးရာရောက်တဲ့အပြင် အကြဖမ်းဖက်ဝါဒတိုက်ဖျက်ရေးဆိုင်ရာ အစိုးရရဲ့အားထုတ်ဆောင်ရွက်မှုတွေကိုလည်း နှောင့်ယှက်ရာကျကြောင်း၊ မိမိတို့ ဝန်‌ကြီးဌာန အနေနဲ့ မလေးရှားအစိုးရအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေကို အဲဒီအကြမ်းဖက်အဖွဲ့တွေ၊ အဲဒီအဖွဲ့တွေနဲ့ ဆက်စပ်နေသူတွေနဲ့ မပတ်သက်ဖို့ သတိပေးထားကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့အချက်ငါးချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ပေမယ့်မဆိုစလောက်သာ ဆောင်ရွက်ခဲ့ပြီး အဲဒီအစား ရွေးကောက်ပွဲအသစ်မတိုင်ခင် သူ့ရဲ့ ကိုယ်ပိုင်အချက်ငါးချက်ပါ လမ်းပြမြေပုံကိုသာ ဦးစားပေးခဲ့ပါတယ်။ တစ်နှစ်ကျော် ကြာခဲ့ပြီးတဲ့နောက်မှာတော့ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ဟာ လျစ်လျူရှုခံခဲ့ရရုံမက စက္ကူစုတ်သဖွယ် ဖြစ်သွားခဲ့ရပါတယ်။

စစ်ကောင်စီဟာလည်း အရှေ့တောင်အာရှအစိုးရတချို့နဲ့ ပွတ်တိုက်မှုတချို့ ဖြစ်စပြုလာခဲ့ကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။ ပြင်းပြင်းထန်ထန်ဝေဖန်သူတွေထဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ပါဝင်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရေးမှာ ဒရွတ်တိုက်ပြီး လိုက်နေမယ်ဆိုရင် မလေးရှားအနေနဲ့ NUG အစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်ရတော့မှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း NUGနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံအစိုးရတွေကလည်း တိတ်တဆိတ်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပုံရကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီရဲ့တုံ့ပြန်မှုက ကြိုတင်ခန့်မှန်းနိုင်ပြီး အရင်က တုံ့ပြန်မှုတွေအတိုင်းပဲ ဖြစ်ပါတယ်။ မလေးရှား ဥပဒေပြဌာန်းသူတစ်ဦးလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Charles Santiago ကလည်း မြန်မာစစ်ကောင်စီဟာ NUG နဲ့ ပတ်သက်ရင် အသံကိုတောင် မကြားချင်တဲ့အထိ ဖြစ်နေပြီး နိုင်ငံတကာအလယ်မှာလည်း အထီးကျန်ဖြစ်နေကြောင်း ပြောဆိုပါတယ်။

ဒါ့ပြင် အာဆီယံဒေသတွင်းမှာ မလေးရှားဟာလည်း တခြားနိုင်ငံတွေနဲ့အတူ မြန်မာစစ်တပ်အပေါ် ဖိအားတွေပိုပေးပြီး NUGနဲ့ ထိတွေ့ဆက်ဆံရေး အဆိုကို ကြိုဆိုကြောင်း၊ တခြားအာဆီယံနိုင်ငံတွေအနေနဲ့လည်း မလေးရှားရဲ့ဦးဆောင်မှုနောက်ကို လိုက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ တရားမဝင် မြန်မာစစ်ကောင်စီကို ဝိုင်းဝန်း ဖယ်ကျဉ်ကြဖို့၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ဥက္ကဋ္ဌ Charles Santiago က တိုက်တွန်းလိုက်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။