ခုခံစစ် တစ်နှစ်အတွင်း မြို့နယ် ၂၅၀ ကျော်ကို ထိန်းချုပ်ထားနိုင်ကြောင်း NUG ပြော

စစ်တပ်က အာဏာသိမ်းပြီး ခုနစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ တစ် နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက် ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲခေါ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ပါပြီ။
ဒီတစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ ကျော်မှာ မြို့နယ်အခြေ ပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး နယ်မြေတော်တော်များများကို ထိန်းချုပ်လာနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မိန့်ခွန်းမှာ ပြောကြားပါ တယ်။
"စစ်ကောင်စီရဲ့ စစ်ရေးအင်အားတွေဟာ အတော်လေး လျော့ပါးကျဆင်းလာနေတဲ့ အနေအထားဖြစ်ပါတယ်"
ခုခံစစ် တစ်နှစ်ပြည့်တဲ့ အခုချိန်မှာ စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ နယ်မြေက ထက်ဝက် တောင် မရှိတော့ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်တဲ့ အခုချိန်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီအနေနဲ့ သူတို့ကောင်းကောင်း စိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးဆိုတာကို ကျနော်တို့ ပြည်သူလူထုကို အလေးအနက် တင်ပြလိုပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး စတဲ့ အဖက်ဖက်က အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေပြီဖြစ်တဲ့ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စု ဟာ ဒင်းတို့ ရှုံးနိမ့်တော့မယ်ဆိုတာကို သိတာနဲ့ ပိုပြီးတော့ ရက်စက်ယုတ်မာလာပါ တယ်”
စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းသုံး တိုက်ခိုက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ဘာသာရေးဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း ပြည်သူတွေရဲ့ နေအိမ် သုံးသောင်းနီးပါးကို စစ်ကောင်စီတပ် က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ခုခံစစ်ကြေညာပြီး တစ်နှစ်အတွင်းမှာ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေဘက်က ၁၅၀၀ ဦး သေဆုံးခဲ့ပြိး စစ်ကောင်စီဘက်က အယောက် ၂၀၁၅၀ ကျော် သေဆုံး၊ ၇၀၀၀ လောက် ဒဏ်ရရတယ်လို့ NUG က ဆိုပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန် ပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ NUG ရဲ့ ပြောဆိုချက်တွေက လက် တွေ့ဖြစ်ပျက်နေတာတွေနဲ့ လွဲချော်နေတယ်လို့ ဝေဖန်ပါတယ်။
“မိန့်ခွန်းအရတော့ အောင်မြင်မယ်ဆိုတဲ့ စကားလုံးကတော့ လှိုင်လှိုင်သုံးတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာကတော့ အဲလောက်ထိ အောင်မြင်တယ်ဆိုတာထက် သွားနေတဲ့ လမ်းကြောင်းက ပြောရရင် နည်းနည်းစည်းလွတ်ဘောင်လွတ်နဲ့ အကြမ်းဖက် လုပ်ငန်း စဉ်ဘက်ကို တော်တော်များများ ရောက်သွားတာကို ကျနော် တွေ့တယ်။ ဒီလမ်းကြောင်း အတိုင်း ဆက်သွားလို့ကတော့ သူတို့အနေနဲ့ ရည်ရှည်ရပ်တည်နိုင်ဖို့ မလွယ်ဘူး။ တော် လှန်ရေးတစ်ရပ်ရယ်လို့ စဉ်းစားကြတဲ့အခါမှာ ရေရှည်လာတဲ့အချိန်မှာ အဲဒီတော်လှန် ရေးကို ဘယ်လောက်ထိ အရှိန်ထိန်းနိုင်မလဲ။ တကယ်ရော အောင်မြင်မှု စစ်စစ်ဟုတ် ရဲ့လားဆိုတာ စဉ်းစားစရာ အချက်အလက်တွေ အများကြီးရှိတယ်။ အဲဒါတွေနဲ့ထောက် ရှုလိုက်ရင် တစ်နှစ်ပြည့်သွားပြီဆိုတဲ့အချိန် နောက်လည်း သူတို့အနေနဲ့ ရှေ့ဆက်သွားဖို့ အလားအလာက အရမ်းကို အခွင့်အလမ်းနည်းပါတယ်”
NUG ကတော့ ခုခံစစ် တစ်နှစ်အတွင်းမှာ PDF တပ်ရင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့သလို ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၂၄ မြို့နယ်မှာ တရားသူကြီးတွေဖွဲ့စည်းပြီး တရားစီရင် ရေးစနစ် အကောင်အထည်ဖော်နေသလို၊ ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတွေကို ထပ်တိုးလုပ်ဆောင် နေပြီလို့ ဆိုပါတယ်။
NUG နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ အနာဂတ်မှာ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာထောက်ပံ့မှု ပိုရမယ်ဆိုရင် ထိန်းချုပ်နိုင်တဲ့နယ်မြေ ပိုကျယ်ပြန့်လာနိုင်ပေမယ့် အလုံအလောက် မရရင် တော့ အတော်ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက မှတ်ချက်ပေးပါ တယ်။
“နောက်နှစ်တွေကတော့ အလားအလာက သူတို့ ဒီလက်နက်ခဲယမ်းမီးကျောက် ထောက် ပံ့မှုရဖို့နဲ့ စားနပ်ရိက္ခာပေါ့နော်၊ အဲဒါတွေရဖို့ အပေါ်မှာတော့ အများကြီးတည်လိမ့်မယ် ထင်တယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ အဲဒီလို ထောက်ပံ့မှု ကောင်းကောင်းရလို့ရှိရင်တော့ ကိုယ်ထိန်းချုပ်နိုင်တဲ့ ဧရိယာတွေက အလျင်အမြန် ကျယ်ပြန့်သွားတာပေါ့နော်။ ကျယ်ပြန့်သွားပြီးတော့ ပြည်သူလူထု ထောက်ခံမှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးတွေလည်း လုပ်နိုင်တာပေါ့။ အဲဒါတွေမရလို့ရှိရင် တော့ တော်တော်လေးခက်တယ်”
NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ နိုင်ငံတကာအနေနဲ့ လုံလောက်တဲ့ နည်းပညာ၊ လက်နက်ခဲယမ်း၊ ငွေကြေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေးဖို့ ဒီနေ့ ခုခံစစ်တစ်နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းတောင်းဆိုသွားပါတယ်။

PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပေါင်းစပ်ဆင်နွှဲမှု အားသာလာသလို စစ်ကောင်စီဘက်ကလည်း တန်ပြန်ထိုးစစ်တွေ ပြင်းထန်လာနိုင်တာကြောင့် ဒီအခြေ အနေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး နိုင်က သုံးသပ်ပါတယ်။
“၂၀၂၃ ခုနှစ်ဟာ အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်လာပြီလို့ NUG က ကောက်ချက်ချလိုက် ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပယ်က အင်အားချိန်ခွင်လျှာဟာ NUG ခေါင်းဆောင်တဲ့ PDF တွေနဲ့ EAO တွေရဲ့ ပေါင်းစပ်ဆင်နွှဲမှုက အင်အားသာလာပြီးတော့ စစ်ကောင်စီရဲ့ စစ် ရေးအင်အားတွေဟာ အတော်လေး လျော့ပါးကျဆင်းလာနေတဲ့ အနေအထားဖြစ်ပါ တယ်။ ဒီအခြေအနေမှာ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနိုင်တဲ့အခြေအနေကို နောက်နှစ်မှာ ကြိုးပမ်းတည်ဆောက်နိုင်မယ်ဆိုလို့ရှိရင် နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို ရယူနိုင်တဲ့ အနေအထား ရောက်ရှိနိုင်ပါတယ်”
NUG ကတော့ ရှေ့နှစ်မှာ တော်လှန်ရေးအရှိန်မြှင့်ပြီး စိုးမိုးထိန်းချုပ်နယ်မြေများစွာ ပေါ် ထွန်းနိုင်ရေး လုပ်မှာဖြစ်သလို တစ်ဖက်မှာလည်း စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေကို တရားစွဲတင်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ PDF၊ EAO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ကရင်၊ ကယား၊ ကချင်၊ ချင်း စတဲ့ ပြည်နယ်လေးခုနဲ့ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက် ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသိန်းခုနစ်သောင်းကျော် (၉၇၄,၀၀၀) ရှိလာပြီး အာဏာ မသိမ်းခင်က ဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်နဲ့ပေါင်းရင် လက်ရှိ နိုင်ငံတစ်ဝန်းမှာ စစ် ဘေးဒုက္ခသည် စုစုပေါင်းဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာပါပြီ။
နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၆ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း ၁၉ လအတွင်း သေဆုံးသူ ၂၂၆၇ ဦးနဲ့ လက်ရှိအချိန်ထိ အဖမ်းခံထားရသူ ၁၂၃၁၂ ဦး ရှိပါတယ်။