နွေဦးတော်လှန်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာသန်း ၂၂၀၀ လိုအပ်ကြောင်း NUG ပြော

2022.05.18
နွေဦးတော်လှန်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာသန်း ၂၂၀၀ လိုအပ်ကြောင်း NUG ပြော ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရွာက မီးလောင်သွားတဲ့ နေအိမ်ကို မီးငြှိမ်းသတ်နေစဉ်။
Photo: Citizen Journalist

ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းမီဒီယာတွေကို အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ခြံအမှတ် ၁၄ အင်းလျားနေအိမ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းသတ်မှတ်ပြီး အစုရှယ်ယာနဲ့ ပြည်သူဝယ်လာကြတာ အခုဆို ငါးသန်းရရှိသွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။

“EOD အနေနဲ့ ပထမဆုံး Pilot Project အနေနဲ့ ဆောင်ရွက်နေတာကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခိုးရာပါပစ္စည်းတွေထဲက တစ်ခုဖြစ်တဲ့ အမှတ် ၁၄ အင်းလျားလမ်း ရန်ကုန်မြို့မှာ ရှိတဲ့ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းတဲ့ ခြံနဲ့အိမ်ကို အစုရှယ်ယာတွေအဖြစ်နဲ့ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရောဂျက်စတင်တဲ့ ရက်ကနေပြီးတော့ ယနေ့ အချိန်အထိ ဒေါ်လာ ငါးသန်းကျော်ဖိုး ရောင်းချပြီး ဖြစ်ပါတယ်။ မကြာခင်မှာ ရှယ်ယာအားလုံး ရောင်းချနိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။”

ဝယ်ယူသူအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အရေအတွက်အားဖြင့် ခြောက်ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံသား မဟုတ်သူကတော့ ၈၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ပိုင်ဆိုင်တဲ့ နောက်ထပ်နေအိမ်တွေကိုလည်း ရောင်းချဖို့ ပြင်ဆင်နေပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းပိုက်ထားတဲ့ နေအိမ်မြေနေရာ စုစုပေါင်း ၆၀ လောက်ကိုလည်း ရောင်းချနိုင်အောင် စီစဉ်သွားမယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်တွေအပြင် စစ်တပ်နဲ့ ဆက်နွှယ်သူတွေ ထောက်ခံသူ လုပ်ငန်းရှင်ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမှာဖြစ်သလို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“သူတို့ဟာ အကြမ်းဖက်အဖွဲ့စည်း ဖြစ်ပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပေါ့နော် သူတို့ပိုင်ဆိုင်မှုတွေ သူတို့နဲ့ဆက်နွှယ်နေတဲ့၊ သူတို့ကို အားပေးထောက်ခံတဲ့သူတွေ ကျန်တဲ့စီးပွားရေးလုပ်ငန်းစုတွေ အားလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအပေါ့ ဒါတွေအားလုံးသည် ကျနော်တို့နိုင်ငံတော်ပိုင်ပေါ့လေ ပြည်သူအားလုံးရဲ့ စီမံခန့်ခွဲမှု လက်ဝယ်ကို တော်လှန်ရေးပြီးမြောက်တာနဲ့ ဒီဥပဒေနဲ့ကို ကျနော်တို့က ပြန်လည်ရယူပြီးတော့ လက်တွေ့ ကျကျ စီမံခန့်ခွဲနိုင်ခွင့် ရှိပါတယ်။ စီးပွားရေးလုပ်ငန်းစုတွေ ပါမှာလား ဆိုလို့ရှိရင် ကျနော်တို့ပါမှာပဲ ဖြစ်ပါတယ်။”

သိမ်းယူတဲ့နေရာမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ် ထောက်ပံ့ပေးမှုပေါ် မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးအတွက် NUG ရဲ့ လျာထားတဲ့ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကနေ အခုဆိုရင် ဘတ်ဂျတ်လိုအပ်ချက် ပိုများလာပြီး ၂ ဒသမ ၂ သန်းအထိ မြင့်တက်လာတယ်လို့ ပြောပါတယ်။ ဒီလိုအပ်ချက်ဟာ ကာကွယ်ရေးအတွက် မဟုတ်ဘဲ အခုလက်ရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ CDM ဝန်ထမ်းတွေနဲ့ လူသားချင်းစာနာမှု အထောက်အကူပြုရေးတွေ အတွက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

NUG အနေနဲ့ အမေရိကန်က ထိန်းသိမ်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရေးအတွက်ကိုလည်း NUG နဲ့ CRPH တို့ ကြိုးစားနေပြီး မြန်မြန်ရရှိနိုင်ဖို့အတွက် တော်လှန်ရေးအောင်နိုင်ခြေ အနည်းအများပေါ် မူတည်နေတယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အမေရိကန်အစိုးရဆီကို သွားတဲ့အခါမှာ အမေရိကန်အစိုးရ အနေနဲ့က ဒီသဘောမျိုး ရှိတယ်လို့ပဲ ကျနော်တို့ နားလည်ထားပါတယ်။ ဒီတစ်ခေါက် သွားတဲ့အခါမှာတော့ ဆရာဦးမျိုးမင်းတို့လည်း သတင်းစာရှင်းလင်းပွဲပုံစံမျိုး လုပ်ပြီးသား ဖြစ်ပါတယ်။ သွားတဲ့အခါမှာတော့ အပြတ်ငြင်းလိုက်တာမျိုး မရှိပါဘူး Well Consulter ဆိုပြီးတော့ ဒါကို စဉ်းစာမယ်ဆိုပြီးတော့ ပြန်လည်ဖြေကြားလိုက်တာမျိုး ရှိပါတယ်လို့ ဘယ်အချက်တွေပေါ်မူတည်ပြီး စဉ်းစားမှာလဲဆို ကျနော်တို့ ဒီတော်လှန်ရေးရဲ့ အောင်မြင်မှုနဲ့ ကျနော်တို့ရဲ့ အောင်နိုင်ခြေပေါ်မှာ ကြည့်ပြီးတော့ ဆုံးဖြတ်ဖို့များပါတယ်လို့ ကျနော့်အနေနဲ့ ပြန်ပြီးတော့ ရှင်းလင်းတင်ပြလိုပါတယ်ခင်ဗျ။”

လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေနဲ့ နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်း ရှာဖွေ ပေးထားနိုင်ပြီး ငွေတိုက်စာချုပ်ရောင်းချမှုက ၃၇ သန်းနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နေအိမ်ရောင်းချမှုရရှိငွေ ငါးသန်းတို့ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။