အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုကို ပုံစံနှစ်မျိုးနဲ့ အရေးယူဖို့ NUG စီစဉ်နေ

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသခံတွေ ရန်ကုန်က စက်ရုံတွေမှာ အလုပ်သွားလုပ်တဲ့အခါ အလုပ်ရှင်တွေနဲ့ မန်နေဂျာတွေက မှတ်ပုံတင်နံပါတ်ကိုကြည့်ပြီး ခွဲခြားဆက်ဆံမှု၊ အလုပ်ဖြုတ်မှုတွေကြောင့် ဇူလိုင်လဆန်း ပိုင်းက အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံလိုက်ရပါတယ်။
ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်တာဖြစ်တဲ့ အတွက် အလုပ်ရှင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ပုံစံနှစ်မျိုးနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကို စက်တင်ဘာ ၂ ရက်နေ့က ဆစ်ဂနယ်ကတစ်ဆင့် စာနဲ့ တုံ့ပြန်ဖြေဆိုပါတယ်။
အလုပ်သမားအခွင့်ရေး ချိုးဖောက်တဲ့ အလုပ်ရှင်ရဲ့ နောက်ခံရင်းနှီးမြုပ်နှံတဲ့ မိခင်နိုင်ငံ တွေကို သတင်းပေးပို့ပြီး စီးပွားရေးဆိုင်ရာ ပြစ်ဒဏ်မျိုး ပေးနိုင်အောင် စီစဉ်နေတယ်လို့ လည်း ဆိုပါတယ်။ ချိုးဖောက်မှု ထင်ရှားတဲ့ တချို့လုပ်ငန်းတွေကိုတော့ ဒီကာလမှာပဲ အမည်ပျက်စာရင်း သွင်းဖို့ စီစဉ်ထားတယ်လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
NUG အနေနဲ့ အပြောနဲ့မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ မျှော်လင့်တယ်လို့ ရန်ကုန်တိုင်း အထည်ချုပ် စက်ရုံတစ်ရုံမှာ လေးနှစ်လောက် အလုပ်လုပ်ခဲ့ပြီးမှ အကြောင်းမဲ့ အလုပ်ထုတ်ခံထားရတဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူ စက်ရုံဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
"တရားမျှတအောင် အကူအညီပေးစေချင်တယ်ပေါ့။ အကူအညီ တောင်းချင်တယ်ပေါ့။ သမီးခံစားရတဲ့ အဖြစ်အပျက်ကို NUG အနေနဲ့ တရားမျှတမှုအပေါ်မှာ သက်ရောက်မှု ရှိစေချင်ပါတယ်ရှင့်"
အလုပ်ထုတ်ခံရသူတွေဟာ ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တောင်ဒဂုံ စက်မှုဇုန်တွေမှာရှိတဲ့ အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံတွေမှာ အများဆုံး လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက လာရောက် အလုပ်လုပ်သူတွေကို အလုပ်မခန့်ဖို့ ညွှန်ကြားလာပြီးနောက်မှာ အခုလို အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရတာလို့ ဩဂုတ်လ ၁၇ ရက်နေ့က ဆက်သွယ်မေးမြန်းစဉ် မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က RFA ကို ပြောခဲ့ပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ဘယ်နေ့ဘယ်ရက်က ညွှန်ကြားတာလဲ၊ တရားဝင် စာထုတ်ပြန်တာလား၊ နှုတ်နဲ့ ညွှန်ကြားတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

စစ်ကောင်စီ အလုပ်သမားရေးဌာနဝန်ကြီး ဦးမြင့်ကြိုင် ကတော့ ဒါတွေဟာ သတင်းအမှား တွေသာ ဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့က RFA ကို ပြောပါတယ်။
အလုပ်သမားတွေ အလုပ်ဖြုတ်ရတဲ့ကိစ္စ၊ အလုပ်ရှင်တွေကို NUG က အရေးယူဖို့ စီစဉ် နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကို မေးမြန်းတဲ့ အခါ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် သူတို့အနေနဲ့ ဘယ်ဘက်မှ မလိုက်ဘဲ ကြားနေဝါဒသာ ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
"ကြားနေပါ။ ကြားနေဆိုတော့ ကြားနေစကား ပြောမိရင်လည်း ဟိုဘက်ဒီဘက်က ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး။ ကိုယ်အမှန်ပြောလည်း ဘယ်သူမှ ကြိုက်မယ့်စ ကားတွေ မဟုတ်ဘူးနော်။ မဖြေပါရစေနဲ့"
NUG အစိုးရကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အလုပ်သမားတွေ ရဲရဲဝင့်ဝင့် ပါဝင်နေကြသလို အလုပ်ရှင်တွေဘက်ကလည်း ခွဲခြားဆက်ဆံတာ မလုပ်ဘဲ ပူးပေါင်း ပေးကြဖို့ သြဂုတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
"စာထဲမှာပဲရှိပြီးတော့ လက်တွေ့မလုပ်နိုင်ဘူးဆိုရင်တော့ အလကား သူများကဲ့ရဲ့စရာ ဖြစ်မယ်"
NUG ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ အလုပ်ရှင်တွေကို စာထုတ်ရုံမဟုတ်ဘဲ လက်တွေ့အရေးယူဖို့ လိုအပ်တယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ) STUM ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေး က ပြောပါတယ်။
"လုပ်ငန်းရှင်ဆိုတာမျိုးကလည်း ဘယ်အစိုးရလက်ထက်မှာမှ ဥပဒေအတိုင်း လုပ်ခဲ့ကြတာ မဟုတ်ဘူး။ နေခဲ့ကြတာ မဟုတ်ဘူး။ အစိုးရပေါင်းစုံကို သူတို့က ရသလိုပေါင်းပြီး နေကြတာဆိုတော့ NUG ကရော သူပြောတဲ့စကား၊ သူချထားတဲ့မူကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ မသိဘူးပေါ့။ စာထဲမှာပဲ ရှိပြီးတော့ လက်တွေ့ မလုပ်နိုင်ဘူးဆိုရင်တော့ အလကား သူများကဲ့ရဲ့စရာ ဖြစ်မယ်။ တကယ်လုပ်ဖို့ရှိတယ် ဆိုရင်တော့ ဒါသူ (NUG) မှာ အစီအစဉ်တစ်ခုခု ရှိတာဖြစ်နိုင်တယ်"
NUG အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်ပြီး လက်တွေ့ ဘယ်လောက် ထိရောက်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ကျွန်တော့်အမြင် ပြောရရင်တော့ ဒီသဘောထားက NUG ဟာ အစိုးရတစ်ရပ် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိတဲ့အလျောက် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ တတ်နိုင်သလောက် အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားကို ဖော်ပြတာလို့ပဲ ထင်ပါတယ်။ ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အနေအထားပါ"
အလုပ်ထုတ်ခံရတဲ့ ကာယကံရှင် အလုပ်သမားတွေကတော့ လုပ်သက်နစ်နာကြေးမရဘဲ အလုပ်ရှင်တွေက မိမိဆန္ဒအလျောက် အလုပ်ထွက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖိအားပေး လက်မှတ်ထိုးခိုင်းပြီး အလုပ်ဖြုတ်ခဲ့တာလို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အခု ၂၀၂၂ ခုနှစ် ပထမ ခြောက်လအတွင်းမှာတင် မြန်မာနိုင်ငံတစ်ဝန်းမှာ အလုပ်အကိုင် အခွင့်အလမ်း တစ်သန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန် ထားပါတယ်။