နိုင်ငံတကာကို နိုင်ငံရေးလှည့်ကွက်သုံးဖို့ စစ်ကောင်စီကြိုးစားနေကြောင်း NUG ပြော
2024.01.29

စစ်အာဏာရှင်တွေဟာ မြေပြင်အခြေအနေမှာ ရှုံးနေပြီဖြစ်တာကြောင့် နိုင်ငံတကာကို အဖွဲ့ပြောင်း၊ လူပြောင်းစနစ်နဲ့ ပုံဖော်လုပ်ဆောင်မှုတွေရှိလာမဲ့ အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့အခြေအနေကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာမိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ သုံးသပ်ပြောကြားခဲ့ပါတယ်။
“အခုဒီပုဂ္ဂိုလ်တွေ ကျရှုံးချိန်ရောက်နေတော့ မျက်လှည့်ပြဖို့ လုပ်လိမ့်မယ်။ နိုင်ငံရေးအရပေါ့နော်။ လူပြောင်းတာပဲဖြစ်ဖြစ် အဖွဲ့ပြောင်းတာပဲဖြစ်ဖြစ် လုပ်လိမ့်မယ်။ ကျွန်မတို့ လက်ခံလို့မရပါဘူး။ စနစ်ပြောင်းတာကို မဦးတည်မချင်း အာမ မခံနိုင်မချင်း အပြောင်းအလဲရဲ့အစလို့ ကျွန်မတို့ ပြောလို့မရဘူး။ လည်ထွက်သွားလို့မရဘူး။ ရှုံးနေပြီ ။ ရှုံးနေတဲ့အတွက် ထွက်ပေါက်ရှာလိမ့်မယ်။ ဒီထွက်ပေါက်က တစ်စုတစ်ဖွဲ့တစ်ယောက်ရဲ့ ထွက်ပေါက် ဖြစ်ဖို့မသင့်ဘူး။ ကျွန်မတို့ တစ်တိုင်းတစ်ပြည်လုံး နှစ်ပေါင်းများစွာခံစားနေရတဲ့ ပိတ်ဆို့ဖိနှိပ်ခံနေရတဲ့ စနစ်ဆိုးက လွတ်မြောက်တဲ့ ထွက်ပေါက်ဖြစ်ဖို့လိုတယ်။ မဟုတ်ရင် အာဏာရှင်တွေ သူတို့ရှုံးနေတာကို ခဏလေးမျက်လှည့်ပြပြီးတော့ နေသာထိုင်သာဖြစ်စေမဲ့ အချိုးအကွေ့လေးတစ်ခု ဖန်တီးပြီးတော့ နိုင်ငံတကာကို မျက်လှည့်ပြပါလိမ့်မယ်။ ကျွန်မအစိုးရိမ်ဆုံးက မြန်မာပြည်သူလူထုကို ကျွန်မယုံတယ်။ ကျွန်မသံသယရှိတာ နိုင်ငံတကာကိုပဲ။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆောင်ရွက်နေတဲ့ နိုင်ငံတကာဆက်ဆံရေးအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အစိုးရအဖွဲ့ဝင်တွေက NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ (DMV) တစ်ဝိုက်နေထိုင်တဲ့ မြန်မာတွေနဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ခံစားနေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တိုက်ဖျက်နိုင်တဲ့ နိုင်ငံရေးထွက်ပေါက်အပြောင်းအလဲဖြစ်အောင် တော်လှန်ရေးကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကိုရနိုင်ဖို့အတွက် နိုင်ငံတကာရဲ့အားနဲ့သာမဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ အားနဲ့ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော်ဆောင်ရွက်နေတဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အတူတကွ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဒေါ်ဇင်မာအောင်နဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်၊ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း တွေ့ဆုံပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို စုစုပေါင်း လူတစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။
NUG အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့အတူ ဖက်ဒရယ်စနစ်ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေမှုတွေအကြောင်းကို မြန်မာလူထုနဲ့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတာ သုံးနှစ်တာကာလရောက်ရှိလာပေမဲ့ မြန်မာ့နိုင်ငံရေးအခြေအနေမှာ နိုင်ငံတကာက ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေရရှိဖို့ လိုအပ်နေသေးတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
“အခုဆိုရင် ကြည့် သုံးနှစ်ပြည့်တော့မယ်။ နိုင်ငံတကာကနေ ဒီမိုကရေစီအားပေးတယ်ဆိုတဲ့ နိုင်ငံတကာကနေပြီးတော့မှ ကျွန်တော်တို့ကို ကူညီပံ့ပိုးမှုတွေဆိုတဲ့ဟာက ထိရောက်တဲ့ ကူညီပံ့ပိုးမှုကို အခုထိမပေးသေးဘူး။ မရသေးဘူးဆိုတာ ကျွန်တော်တို့ အပြတ်ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကိုတော့ ကျွန်တော်တို့ ပြည်သူတွေက ပေါက်ဖွားလာတဲ့ ပြည်သူ့တော်လှန်ရေးကို အောင်မြင်ဖို့အတွက် ဒီမိုကရေစီ ပြန်လည်ပြီးတော့ ကျွန်တော်တို့အားလုံးပေါ့နော် လုံးဝဆန့်ကျင်နေတဲ့ စစ်အာဏာရှင်စနစ်အမြန်ချုပ်ငြိမ်းဖို့အတွက်ဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်တော်တို့ကို ကူညီပေးဖို့ လိုကိုလိုတယ်။”
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ိခုက်မှုတွေအားကောင်းလာတာနဲ့အညီ စစ်ကောင်စီကျဆုံးခန်းကိုရောက်ရှိနေပြီဖြစ်ပြီး စစ်အာဏာရှင်ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို နိုင်ငံတကာခုံရုံးတွေမှာ အပြစ်ပေးအရေးယူဆောင်ရွက်နိုင်မဲ့နေ့ရောက်လာတော့မှာဖြစ်တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
“ရာဇဝတ်ကောင်ဆိုတာ ဘယ်တော့မှပြေးမလွတ်ဘူး။ အဲဒီတော့ ဒီနေ့မဟုတ်ရင် မနက်ဖြန်။ အခုလက်ရှိအခြေအနေအရ သက်သေပြနေပါတယ်။ သူ့ရဲ့နောက်ဆုံးအခြေအနေက ဘာဖြစ်နိုင်လဲဆိုတာ။ အဲဒီတော့ နိုင်ငံတကာအခင်းအကျင်းမှာလည်း သူ့ကိုအပြစ်ပေးအရေးယူဖို့လိုသလို ကျွန်တော်တို့က ဒီတော်လှန်ရေးပြီးတာနဲ့ ပြည်တွင်းတရားရေးယန္တရားအောက်မှာ ပြိုင်တူ ဒါမှမဟုတ် ရှေ့ဆင့်နောက်ဆင့်အပြစ်ပေးအရေးယူခံဖို့လိုအပ်တယ်။ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပြည်သူကပေးတဲ့ ဒဏ်ကို ချမှတ်ခံယူဖို့လိုတယ်။ ဒါကို ကျွန်တော်တို့ မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်တယ်။”
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတိုးတက်မှုတွေကို သိရှိနိုင်ဖို့အတွက် နိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
NUG ရဲ့ ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်သူတွေရဲ့ အားနဲ့သာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးစနစ်ရဲ့လိုအပ်ချက်တွေကို ထောက်ပြဝေဖန်မှုတွေကိုလည်း အခုလို မြန်မာပြည်သူတွေရဲ့ အသံတွေကိုနားထောင်ဖို့လိုအပ်တဲ့အတွက် တွေ့ဆုံဆွေးနွေးတာလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။