အာဆီယံနည်းလမ်းသစ် ရှာသင့်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော

2022.05.09
အာဆီယံနည်းလမ်းသစ် ရှာသင့်ပြီလို့  NUG နိုင်ငံခြားရေးဝန်ကြီးပြော ၂ဝ၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က မုံရွာတွင် “အာဆီယံ၊ ဒီမိုကရေစီအတွက် ရပ်တည်ပါ၊ အာဏာရှင်ကို ဆန့်ကျင်ပါ” စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒပြနေကြသူများ။
Photo:Citizen Journalist

စစ်တပ်အာဏာသိမ်းမှုနဲ့ တဆက်တည်းပေါ်ပေါက်လာခဲ့တဲ့ ပဋိပက္ခတွေကို ပြည်တွင်း၊ပြည်ပအင်အားစုတွေက အဖြေရှာဖို့ ပြောဆိုဆွေးနွေးနေကြချိန်မှာပဲ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေကတော့ စစ်တပ်ရဲ့ သတ်ဖြတ်ညှဉ်းပန်းမှု၊ ဖမ်းဆီး နှိပ်စက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုစတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ခံစားနေရပါတယ်။

မြန်မာ့နိုင်ငံရေးကို ပါဝင်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ ကလည်း အခုအချိန်ထိ အောင်မြင်မှု ထင်ထင်ရှားရှားမရှိသေးပါဘူး။

NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် အကျိုးဖြစ်ထွန်းစရာလုံးဝမရှိဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိတာဝန်ယူထားတဲ့ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ရော၊ ENVOY အနေနဲ့ရော စစ်ကောင်စီက ခွင့်ပြုမှ လုပ်မယ့်သဘောမျိုး၊ ဘာလုပ်လုပ် စစ်ကောင်စီကို တိုင်ပင် ဆွေးနွေးတဲ့ သဘောမျိုးရှိပြီးတော့ စစ်ကောင်စီက မကြိုက်ရင် ဘာမှမလုပ်ရဲတဲ့ ပုံစံမျိုးဖြစ်နေတာကတော့ လက်ရှိဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့အပေါ်မှာ ကျွန်မတို့အားရမှုမရှိဘူး။ အဖြေလည်းထွက်မှာမဟုတ်ဘူး။ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ ဒီတိုင်းသွားနေလို့။ တစ်ဖက်မှာတော့ တခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ တစ်နှစ်လည်း ကျော်လာပြီ အောင်မြင်မှုလည်း မရှိဘူး။ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း လိုက်နာရမယ့် ကိစ္စရပ်တွေကို လေးစားလိုက်နာခြင်း မရှိတဲ့အတွက်ကြောင့် နည်းလမ်းအသစ် တစ်ခုတော့ ရှာသင့်ပြီဆိုပြီး စဉ်းစားချက်တွေရှိနေပါတယ်။ ဆန်းသစ်တဲ့ စဉ်းစား တွေးခေါ်ပုံတွေကို ကျွန်မတို့က ကြိုဆိုတယ်။”

ဒါ့အပြင်လက်ရှိပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ ကုလသမဂ္ဂ၊ ဥရောပစတဲ့ တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ကိုယ်စားလှယ်တွေလည်း မြန်မာပြည်နဲ့ပတ်သက်ပြီး အများကြီးရှိတယ်။ အာဆီယံ EU၊UN ကိုယ်စား လှယ်တွေလည်းရှိတယ်။ အခုဆို ထိုင်းကလည်း ကိုယ်စားလှယ် ခန့်အပ်ပြန်ပြီ။ ဒီကိုယ်စားလှယ်တွေ ပေါင်းစည်းပြီးတော့ မြန်မာပြည်ရဲ့အရေးကို ဖိဖိစီးစီးဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့ နည်းလမ်းရှာကြဖို့ပေါ့။ အဲဒီလို ရှာတဲ့အခါမှာ အာဆီယံက ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် တက်တက်ကြွကြွ ပူပေါင်းဆောင်ရွက်ဖို့လိုနေတယ်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ နေရာတာဝန်ယူထားတဲ့ အခန်းကဏ္ဍကတော့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။”

ဒီအတောအတွင်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ နောက်ဆုံးထား အကြောင်း ပြန်ဖို့ပြောထားတဲ့ မေလ ၉ ရက်နေ့ ကုန်ဆုံးသွားပါပြီ။ KIA, KNU, KNPP စတဲ့ အင်အားကြီး တိုင်းရင်းသားအဖွဲ့တွေကတော့ အဲဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က ဆွေးနွေးမှုမျိုးကို သူတို့လက်ခံမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“တကယ်တမ်း မြန်မာနိုင်ငံရဲ့ အခင်းအကျင်း အကျပ်အတည်းကို ဖြေရှင်းပြီးမှ တကယ့်ငြိမ်းချမ်းရေးကို သွား ချင်တယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဘုံသဘော၊ ဘုံနိုင်ငံရေးအရ ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေအားလုံး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်သင့်တယ်လို့ မြင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့ခေါ်ယူတဲ့ အစည်းအဝေး ကျွန်တော်တို့ မသွားတာဖြစ်တယ်။”

2021-06-05T000000Z_2133706856_RC2EUN9P0H75_RTRMADP_3_MYANMAR-POLITICS.JPG
(ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က မန္တလေးမြို့မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကို ရှုတ်ချကြောင်း ကိုင်ဆောင်ဆန္ဒပြသူတစ်ဦးကို တွေ့ရစဉ်။ Photo: Reuters)

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်ဟာ မြန်မာ့နိုင်ငံရေးမှာစစ်တပ်ပါဝင်မှု သက်ဆိုးရှည်ရေးအတွက် အဖန်တလဲလဲသုံးနေတဲ့ နည်းဟောင်းတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်မှန်တဲ့ နိုင်ငံရေး အဖြေတစ်ခုကိုရှာလိုတဲ့ ရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲနဲ့ ကိုယ့်မှာရှိနေတဲ့ ဖိအားကို သက်သာဖို့နဲ့ ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ ဖိအားတွေ စုစည်းသွားမှာကြောက်လို့ ဖိအားတွေ ပြိုကွဲသွားအောင် လုပ်တယ်။ ဒီလိုမျိုးတွေနဲ့ ချဉ်းကပ်ခဲ့တာဖြစ်တယ်။ အခုလည်းအဲ့ဒီအတိုင်းပါပဲ။ NCAမှာ ရှိတဲ့ အစုအဖွဲ့တွေ ဖြစ်တဲ့ အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ EAOs နိုင်ငံရေးပါတီ ဒီအစုအဖွဲ့တွေ မစုံမလင် ဖြစ်အောင် အာဏာသိမ်း ခဲ့ပြီးတော့မှ အခုမှနိုင်ငံရေး၊ စစ်ရေးဖိအားတွေ ဖြစ်တဲ့အချိန်ကျတော့မှ ဒီလိုမျိုးတွေ့မယ်လို့ ပြောတာက ဘယ်လိုနည်းနဲ့မှ ရိုးသားတဲ့ ဖိတ်ခေါ်မှုမျိုး မဟုတ်ဘူး။ ဒါကိုလည်းအတွေ့အကြုံများပြီးသား တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေက ရှင်းရှင်းလင်းလင်းသိမြင်တယ်လို့ မြင်တယ်။ အခုလက်ခံပြီး သွားရောက်တွေ့ဆုံတဲ့ကြတဲ့ အဖွဲ့အစည်းတွေတောင် ယုံယုံကြည်ကြည်နဲ့တွေ့တဲ့ တွေ့ဆုံမှုမဟုတ်ဘူး ဆိုတာ တော့ သေချာပါတယ်။ ဒီဖိတ်ခေါ်မှုဟာလည်းပဲ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပြဿနာတွေအတွက် တော့ စစ်မှန်တဲ့အဖြေတစ်ခုကို ရမှာမဟုတ်ပါဘူး။”

အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုချင်တယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေးပါမယ်လို့ ပြောဆိုခဲ့ပေမယ့် စစ်တပ်ရဲ့ ကြမ်းတမ်းရက်စက်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ အင်အားကြီးတိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးက ဒီကမ်းလှမ်းချက်ကို သူတို့အယုံအကြည်မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။