ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောကြား
ဒီရက်ပိုင်းအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ် ကို အိမ်တစ်လုံးငှားရမ်းရာမှာ ငွေကြေး အလွန်အမင်း သုံးစွဲ ခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေမှာ စွပ်စွဲချက်တခု ပေါ်ထွက်ခဲ့ပါတယ်။ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုစွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး သူတို့အစိုးရနဲ့ တခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအကြား သွေးခွဲဖို့ကြိုးစားတဲ့ ကောလာဟလတွေ မကြာခဏ ပေါ်ထွက်ခဲ့ပေမယ့် အခုလတ်တလောမှာ ပိုမိုကျယ်ပြန့်လာနေတယ်လို့ ပြောပါတယ်။
“တော်လှန်ရေးလုပ်နေသူ အချင်းချင်းကြားမှာ ငြင်းကြ ခုန်ကြတွေနဲ့ စည်းလုံးညီညွတ်မှု ပျက်စရာတွေ ဖြစ်လာတာမျိုးက သတိထားသင့်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။ အခုအနေအထားကလည်း ရုံးထိုင်ပြီး Visibility နဲ့ လူချင်းတွေ့ပြီး အလုပ် လုပ်နေကြ ရတာ ပြည်သူနဲ့တွေ့နေကြရတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ တချို့အရေးကြီးတဲ့ တော်လှန်ရေးကိစ္စအပိုင်းတွေကို လုပ်နေကြရတဲ့အခါကျတော့ ကျမတို့မှာက ဘယ်လို အပိုင်းမျိုးကို transparency ရှိရှိ သွားရမလဲ။ ဘယ်လို ကိစ္စမျိုးကို လုံခြုံရေးအရ ထားရမလဲဆိုတာကိုက အများအမြင်က နည်းနည်း လိုင်းမပြတ်တဲ့ အနေအထားမျိုး တွေကြောင့် ကောလာဟလ ထွက်သွားရတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”
မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တော်လှန်ရေးအောင်မြင်ဖို့အတွက် NUG ရဲ့ကဏ္ဍ အရေးပါပုံကို စစ်ကောင်စီဘက်က သိရှိပြီး ဖြိုခွဲဖို့ ကြိုးစားနေမှာ ဖြစ်တယ်။ အလျင်အမြန်ဖွဲ့စည်းလိုက်တဲ့ NUG မှာ အားနည်းချက် ရှိနိုင်ပေမယ့် အခုလို အလွဲသုံးစား ပြုမှုမျိုး မရှိဘူးလို့တော့ သူ ယုံကြည်တယ်လို့ RFA ကို ပြောပါတယ်။
“ဟိုတစ်နေ့က ကျနော် ကြားလိုက်တဲ့ သတင်းတစ်ပုဒ်မှာ PDF ရဲဘော်တွေ ကျည်ဆန် ကုန်သွားတဲ့ အတွက် ကျည်ဆန်မပါဘဲ ဝင်လုံးလို့ ၈ ယောက် ကျဆုံးသွားတယ် ဆိုတာ၊ အဲဒီတော့ ကျည်ဆန် တစ်တောင့်ဆိုတဲ့ ပြဿနာဟာ PDF တွေအတွက် သေရေးရှင်ရေး ပြဿနာဖြစ်တယ်။ ကျနော်တို့ အနေနဲ့တော့ NUG မှာ ပါဝင်သူ အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ တော်လှန်ရေးအပေါ် သဘောထားကို ယုံကြည်ပြီးသားပါ။ ဒါကြောင့်မို့ NUG အနေနဲ့ အဲဒီကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ လူထုနားလည် လက်ခံနိုင် လိုက်အောင် လုပ်ဆောင်ပေးပါလို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်”
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်သူတွေလှူဒါန်းထားတဲ့ ငွေကြေးကို အလွဲသုံးစားပြုမှု လုံးဝမရှိအောင် သံမဏိစည်းကမ်း ချမှတ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
“ကျမတို့ထဲမှာ ဒီကိစ္စမျိုးကို Zero Tolerance ပေါ့နော်၊ ပြည်သူလူထုရဲ့ budget တွေ သုံးတဲ့အခါ guideline တွေ ကျမတို့ ထားထားပါတယ်။ အစားအသောက် ဝယ်စားတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ပိုင် ပိုက်ဆံထဲက စားရင်တစ်မျိုး၊ လူထုရဲ့ တော်လှန်ရေး ရန်ပုံငွေထဲက သုံးတယ်ဆိုရင် ဥပမာ alcohol လိုမျိုးဆိုရင် ကိုယ့်ပိုက်ဆံထဲက ကိုယ့်ကိုယ်ပိုင်ငွေထဲက စားဖို့ဆိုတာကအစ မူချထားတာဖြစ်တယ်၊ စည်းကမ်း နဲ့ ကြပ်ကြပ်မတ်မတ် လုပ်ထားတာဖြစ်တယ်။ ငွေစာရင်းရှင်းတမ်းတွေကိုလည်း အသေးသုံးကအစ တော်လှန်ရေးအခြေအနေ အခြေခံအရ ဘောက်ချာရနိုင်တဲ့ နေရာလည်းရှိတယ် တောထဲမှာ ဘောက်ချာမရနိုင်တာလည်း ရှိတယ်၊ ဒီလိုမျိုးတွေ အထိတောင် ကျမတို့ မှတ်တမ်းတွေ ထားတယ်၊ ဘယ်သူ့ကို ပေးလိုက်တယ်။ ဘယ်သူ့ကို ငွေလွှဲလိုက်တယ်ဆိုရင်လည်း တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ စာရင်းဇယား တွေဟာ ပြန်စစ်လို့ရလို့ရှိရင် စစ်ဖို့ အဆင်သင့်ဖြစ်အောင်လုပ်ထားတဲ့ ငွေစာရင်းတွေ ရှိပါတယ်”
တော်လှန်ရေး အင်အားစုတွေအတွင်း အတွေ့အကြုံရင့်ကျက်မှုနည်းပါးသူတွေရဲ့ ပြစ်တင် ပြောဆိုမှုတွေဟာလည်း စစ်ကောင်စီကို အထောက်အကူ ဖြစ်စေတယ်လို့ ဝေဖန်သူ တချို့က ပြောပါတယ်။ တကသကျောင်းသားတစ်ဦး ဖြစ်တဲ့ ကိုရဲညီထက်က သွေးခွဲ သပ်လျှိုမှုတွေကို သတိရှိဖို့ ထောက်ပြပြောဆိုပါတယ်။
“အခု စစ်ကောင်စီဘက်က ဘယ်လိုဝါဒဖြန့်သလဲဆိုရင် ကျနော်တို့ ဒီအလှူငွေတွေကို သုံးပစ်လိုက်တယ်၊ အခုဆိုရင် NUG ရဲ့ရေးရာပိုင်းမှာ ဆိုရင်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ Personal attack တွေ တိုက်ခိုက်တာမျိုးတွေ ပါလာတာတွေရှိတယ်။ လူထုအနေနဲ့ ဒီအချိန်မှာ စည်းလုံးမှု အရမ်းလိုအပ်တယ်လို့ ကျနော်ပြောချင်တယ်။ မိဘပြည်သူ တစ်ယောက်ချင်းအနေနဲ့ ဒီတော်လှန်ရေးက သွေးကွဲလို့မရဘူး။ ကျနော်တို့ သွေးကွဲ သွားပြီ ဆိုတာနဲ့ တစ်ဖက်က ရန်သူက အင်အားကောင်းကောင်းနဲ့ အငိုက်ဝင်ပြီး ဖြိုခွင်းသွားတာမျိုး ခံရတတ်တယ်။ ကျနော်တို့ ညီညွတ်ရင် ဒီတော်လှန်ရေးက အနှေးနဲ့အမြန် အောင်မြင်ပါမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ စစ်ကောင်စီ ပြိုလဲမှုက ရာခိုင်နှုန်း အရမ်းများနေပြီ။ အပွင့်လင်းဆုံးပြောရရင် သူက ခေတ်မှား ပြီးတော့ အာဏာသိမ်းတယ်လို့တောင် ပြောချင်တယ်။ အခုလို ပြိုလဲနေတဲ့အချိန်မှာ သူတို့ဘက်က ကျနော်တို့ကို သွေးကွဲစေတဲ့ ဝါဒဖြန့်တဲ့အရာမျိုးတွေ အလွယ်တကူ မယုံကြဖို့ ကျနော် အကြံပေးချင်တယ်။ ကျနော်တို့သွေးကွဲလို့မရဘူး ကျနော်တို့ရဲ့ ညီညွတ်ရေး ပြိုကွဲလို့မရဘူး”
NUG ခေါင်းဆောင်ပိုင်းကို ငွေကြေးအပြင် လူမှုရေး အားနည်းရှုပ်ထွေးမှုရှိတယ်ဆိုပြီး ပြောဆိုချက်တွေလည်း ရှိပါတယ်။ ဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒါဟာ မိမိတို့ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ တိုက်ခိုက်မှုတွေဖြစ်တယ်လို့ ပြောပါတယ်။
“လူမှုရေးနဲ့ ပတ်သက်တဲ့ ကောလဟလတွေက လူတယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာကို အင်မတန်ထိခိုက်စေတယ်၊ ထို့အတူ တော်လှန်ရေး အရှိန်အဟုန်တွေ ဒါတွေကို ထိခိုက်စေပါတယ်။ ကျမကတော့ အဲဒီကိစ္စဟာ အချိန်ကပဲ အဖြေပေးသွားမယ်လို့ဘဲ ပြောချင်ပါတယ်။ မည်သို့ပဲ အကြောင်းတရားနဲ့ဖြစ်စေ လူတွေဟာ ကိုယ့်သမိုင်းကိုယ် ရေးနေကြတယ်။ ကျမတို့ကတော့ mechanism အရရော လုပ်ဖော်ကိုင်ဘက်အရရော အပြန်အလှန် ထိန်းကြောင်းကြပ်မတ်ပြီးတော့ သွားနေကြတယ်။ တစ်ယောက်ကို တစ်ယောက်လည်း အလွတ်မပေးဘူး ဆိုတဲ့အနေအထားမျိုး ရှိတယ်ဆိုတဲ့ working environment လေးကို ကျမ မျှဝေချင်ပါတယ်။ အဓိကကတော့ အကျယ်အကျယ်နဲ့ ပေါ့နော် တော်လှန်ရေးကို မထိခိုက်စေချင်တာပါပဲ”
တိုင်းရင်းသားတွေ၊ ဒေသခံ PDF တွေနဲ့ NUG အကြား ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာနေ သလို နိုင်ငံတကာနဲ့ NUG အကြား ဆက်ဆံရေးလည်း တိုးတက်လာနေတဲ့အတွက် NUG အပေါ် တိုက်ခိုက်မှုတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ ဝေဖန်သူတချို့က သုံးသပ်ပါတယ်။ အခု ကိစ္စမှာ စွပ်စွဲခံရတဲ့ ဝန်ကြီး ဦးလွင်ကိုလတ် ကိုတော့ RFA က လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။