အခြေခံပညာအဆင့်ပြီးသူတွေ နိုင်ငံတကာမှာ ပညာဆက်သင်နိုင်အောင် NUG လုပ်ဆောင်နေ
2023.02.19

ကဏ္ဍအသီးသီးကို သုညကစခဲ့ပေမယ့် အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်အသီးသီးမှာ တိုးတက်မှုအဆင့်ဆင့်ရနေပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနဲ့ အကူအညီပေးမှုများ အွန်လိုင်း ဆွေးနွေးပွဲအစီအစဉ်မှာ ပြောလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၊ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက NUGကနေ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ အခြေခံပညာပြီးမြောက်မှုဆန်းစစ်ခြင်းနဲ့ စာမေးပွဲဖြေဆိုပြီးကြောင်း လက်မှတ်ရရှိထားသူတွေ အနေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဆက်ပြီးပညာသင်ကြားနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“အရင်တုန်းကလို ဆယ်တန်းမအောင်လို့ တက္ကသိုလ်မတက်ရဘူး။ ဆယ်တန်း မအောင်လို့ ပညာဆက်မသင်ရဘူး ဆိုတာ မရှိပါဘူး။ ထွက်လာတဲ့ အမှတ်စာရင်းကို ကိုယ်ကြိုက်ရင်ယူသွားပြီး မကြိုက်ရင် နောက်သုံးလနေရင် တစ်ခေါက် ပြန်ဖြေလို့ရပါတယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ စနစ်ပုံစံမျိုး သွားနေတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်တွေ၊ သက်မွေးပညာ ဝင်ခွင့်တွေ သွားရမှာဖြစ်ပါတယ်။ နိုင်ငံတကာကို ချိတ်ဆက်ပြီးလည်း သွားလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒီပညာရေးစနစ်၊ ဒီစာမေးပွဲတွေကို ကျွန်တော်တို့နဲ့အခု ချိတ်ဆက်ဆွေးနွေးနေတဲ့ USAID တို့လို EU တို့လိုက ကျွန်တော်တို့ကို အသိအမှတ်ပြုနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလောက်ဆို သဘောပေါက်ပါလိမ့်မယ်။ ကျွန်တော်တို့ အခုစစ်နေတဲ့ စာမေးပွဲက ကမ္ဘာအသိအမှတ်ပြု ဖြစ်လာမှာပါ။ အဲ့ဒါတွေကို ကျွန်တော်တို့ တစ်နှစ်ခွဲကြာ ဆောင်ရွက်ခဲ့ရတာပါ။ အဲ့ဒါတွေကို ဆောင်ရွက်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အလေးပြုပါတယ်။”
NUGရဲ့ အခြေခံပညာပြီးမြောက်မှုဆန်းစစ်ခြင်း စာမေးပွဲဟာ ဖြေဆိုသူအတွက် အောင်ရှုံးမရှိဘဲ အမှတ်သာထွက်ရှိမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအစမှာ အကူအညီမရခဲ့တဲ့ ပညာရေးပိုင်းမှာ လက်ရှိအချိန်မှာ ဥရောပသမဂ္ဂ EU အင်္ဂလန်၊ အမေရိကန် စတဲ့နိုင်ငံတွေကနေ အမေရိကန်ဒေါ်လာသုံးသန်း အကူအညီ စတင်ရလာပြီလို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့က တစ်ကမ္ဘာလုံးက ပြည်သူတွေသိနိုင်အောင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနဲ့ အကူအညီပေးမှုများ အွန်လိုင်း ဆွေးနွေးပွဲအစီအစဉ် ပြုလုပ်ခဲ့တာပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်ကိုင်းနဲ့မကွေးတိုင်းမှာ နေအိမ်မရှိတော့လို့ တောတောင်တွေထဲ နေရတဲ့သူတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ယာယီတဲ အလုံး ၂၂၀၀ ကျော်နဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ဆောက်လုပ်ပြီး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် ပြည်သူတွေ အလိုအပ်ဆုံးအရာတွေကို အကူအညီပေးနိုင်ရေးအတွက် စစ်ကိုင်းနဲ့ မကွေးက မြို့နယ် ၃၅ မြို့နယ်မှာ စစ်တမ်းကောက်နေတယ်လို့ သူက ပြောပါတယ်။
“ဘယ်ကိစ္စကတော့ အလိုအပ်ဆုံးဖြစ်နေတယ်။ အစားအစာတွေတင် မကဘူး။ အခြားဘာတွေပါ လိုအပ်နေတယ် စသဖြင့်ဒါကို စစ်တမ်းကောက်ယူဖို့ စစ်ကိုင်း၊ မကွေးမှာကိုပဲ ၃၅ မြို့နယ် စစ်တမ်းကောက်ယူပြီး ရီပို့ကိုလည်း ရေးသားထားပြီး ဖြစ်ပါတယ်။ ယာယီတဲတွေ ဆောက်လုပ်နေတယ်။ ဗုံးခိုကျင်းတွေ ဆောက်လုပ်နေတာတွေ ရှိတယ်။ နောက်တစ်ခုက စစ်ကိုင်းတိုင်းမှာပဲ ကျွန်တော်တို့ အရန်ရိက္ခာသိုလှောင်တဲ့ ကိစ္စတွေ ရှိတယ်။ CSO အဖွဲ့တွေနဲ့ မြေပြင်မှာ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိတယ်။ စစ်ကိုင်းမှာ အဲ့ဒီလို ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။”
အကူညီပေးမှု အပိုင်းအနေနဲ့ စစ်ကိုင်းတိုင်းကို ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော်နဲ့ အများဆုံး ပေးထားပြီး ဖြစ်ပြီး ကရင်၊ မကွေး၊ ချင်းနဲ့ ကရင်နီ စတဲ့တိုင်းနဲ့ပြည်နယ်တွေကိုလည်း အကူအညီတွေ ပေးနေတယ်လို့ ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အရန်ရိက္ခာသိုလှောင်မှုတွေ၊ လေကြောင်းရန် ကာကွယ်ရေးသင်တန်း၊ အလျင်အမြန် ရွှေ့ပြောင်းနည်း သင်တန်းနဲ့ ဆက်တိုက်လေ့ကျင်မှုသင်တန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဥပဒေပါ အခွင့်အရေးမရရှိတာနဲ့ ခွဲခြားဆက်ဆံခံရမှု၊ အဓမ္မခိုင်းစေခံရမှုတွေကို NUG ကို ဆက်သွယ် အကူအညီတောင်းခံဖို့ ပြောပါတယ်။

NUG ဘက်က တော်လှန်ရေးကာလအတွင်း ဖြေရှင်းလို့မရတဲ့ ကိစ္စတွေကို မှတ်တမ်းထားရှိပြီး အသွင်ကူးပြောင်းရေး ကာလမှာ အရေးယူသွားမယ်လို့ ပြောပါတယ်။
လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက လွတ်မြောက်နယ်မြေတွေမှာ စက်သုံးဆီက ရရှိတဲ့ အခွန်ကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ အကူအညီတွေ ရခဲ့တယ်လို့ပြောပါတယ်
“နောက်ပိုင်းမှာ လွတ်မြောက်နယ်မြေတွေရှိလာတာနဲ့အမျှ အခွန်အကောက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရှိလာပါတယ်။ NUG အစိုးရက တိုက်ရိုက်ပေးတဲ့ ရန်ပုံငွေတွေရှိသလို သူတို့ကိုယ်တိုင်လည်း ကောက်ယူပြီးသုံးဖို့ အခွန်နှုန်းထားတွေ သတ်မှတ်ပေးရပါတယ်။ အဲ့ဒီအခါမှာလည်း ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပမာ-စက်သုံးဆီ တစ်ဂါလံကို အခွန် ၂ဝဝ ကျမယ် ဒီလိုသတ်မှတ်ပေးပါတယ်။ ဆီတစ်ဂါလံဖိုးက အကြမ်းဖျဉ်း ၅ဝဝဝ ရှိမယ်ဆို အခွန်နဲ့ဆို ၅၂ဝဝ ကျမယ်။ သိပ်ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး။ ဒါပေမဲ့ အဲ့၂ဝဝ ၊ ၂ဝဝ ပေါင်းများစွာရတဲ့အခါ သက်ဆိုင်ရာနယ်မြေတွေက တော်လှန်ရေး အဖွဲ့တွေအတွက်က ဒီပုံမှန်အတိုင်းအုပ်ချုပ်ရေးကိစ္စတွေဖြစ်တဲ့ လူသားချင်းစာနာကိစ္စနဲ့ မီးဘေးသင့် ပြည်သူတွေကူညီရေးအတွက် ရန်ပုံငွေ အတန်အသင့်ရသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့တွေကို ကူညီဖို့အတွက်လည်း ရန်ပုံငွေတွေရလာပါတယ်။”
ဒါကတော့ NUG က တစ်ကမ္ဘာလုံးကပြည်သူတွေနဲ့ အွန်လိုင်းကတစ်ဆင့် တွေဆုံမှု ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဌာနအသီးသီးက ဆောင်ရွက်နေမှုတွေကို NUG ဝန်ကြီးတွေက ရှင်းလင်းခဲ့တာကို ကောက်နုတ်တင်ပြခဲ့တာ ဖြစ်ပါတယ်။