အာဆီယံရဲ့အကူအညီ စစ်ကောင်စီကတစ်ဆင့်ပေးမယ့်အပေါ် NUG စိုးရိမ်

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.05.08
အာဆီယံရဲ့အကူအညီ စစ်ကောင်စီကတစ်ဆင့်ပေးမယ့်အပေါ် NUG စိုးရိမ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် မော်ခီးဒေသရှိ ကော်ဆဲဒေသခံပြည်သူများကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
Photo: Citizen Journalsit

လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ အကူအညီတွေဖြန့်ဝေဖို့အတွက် အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စိတ်ပျက်မိတဲ့အကြောင်းနဲ့ အထူးစိုးရိမ်တဲ့အကြောင်း မေလ ၇ ရက်နေ့မှာ အခုလိုတုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ကျင်းပသည့် အာဆီယံ လူသားချင်း စာနာမှုဆိုင်ရာအကူအညီပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက အလွန်စိတ်ပျက်မိပြီး စိုးရိမ်ပူပန်မိပါသည်” လို့ NUG ကကြေညာတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်မ်ဂျော့ခ်ဟွိုင်တို့ ပူးတွဲဦးဆောင်ပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

အဲဒီမှာ အဓိကဆွေးနွေးတဲ့ အချက်သုံးချက်က လူသားချင်းစာနာမှုဖြန့်ဝေရေးစီမံမှုဆိုင်ရာ မူဘောင်၊ ဖြန့်ဝေတဲ့အခါတွေ့လာရနိုင်တဲ့အခက်အခဲနဲ့ ကိုဗစ်နိုင်တင်းကာကွယ်ဆေးစီမံဖြန့်ဖြူးမှုအတွက် မူဘောင်တွေဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ 

ဒီအစည်းအဝေးမှာ အာဆီယံအသင်းဝင်နိုင်ငံက သံရုံးကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေ၊ အာဆီယံမိတ်ဆွေတွေနဲ့ စစ်ကောင်စီကဖွဲ့ထားတဲ့ မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့တို့ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ဖွဲ့စည်းထားတာပါ။

အခုကိစ္စဟာ မနှစ်က ဧပြီလမှာ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ထဲက အချက်တစ်ချက် ဖြစ်တယ်လို့ဆိုပါတယ်။ အကူအညီတွေကို ဘယ်ဒေသတွေကို ပေးအပ်မလဲဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ငန်းအဖွဲ့နဲ့ အာဆီယံလူသားချင်းစာနာမှုကူညီရေးဗဟိုက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဲဒီဒေသတွေမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့ပါတယ်လို့လည်း ဖော်ပြပါတယ်။ အဲဒီအပြင် လက်တွေ့လက်တွဲလုပ်မယ့်အဖွဲ့တွေကိုလည်း စစ်ကောင်စီလုပ်ငန်းအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်မယ်လို့ဆိုပါတယ်။

အခုလိုအရေးကြီးတဲ့အစည်းအဝေးမှာ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကို ဖယ်ထုတ်ထားတဲ့အတွက်ကြောင့် ဒီအစည်းအဝေးရလဒ်ဟာ စစ်ကောင်စီကဖွဲ့ထားတဲ့ လုပ်ငန်းအဖွဲ့ကိုပဲ အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုမှာ အဓိကကျတဲ့နေရာမှာ လုပ်ပိုင်ခွင့် ရရှိစေခဲ့တယ်လို့ NUG က ထောက်ပြဝေဖန်ပါတယ်။ ဒါကြောင့် စစ်ကောင်စီကို အားပေးရာရောက်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကို ဖနွမ်းပင်မှာ ကျင်းပတဲ့ အတိုင်ပင်ခံ အစည်းအဝေးမှာ ချန်လှပ်ထားခဲ့တာဟာ အာဆီယံအခြေခံမူငါးချက်ကို ဆန့်ကျင်နေတယ်လို့လည်း NUG အစိုးရက ဆိုပါတယ်။

စစ်ကောင်စီရဲ့လုပ်ငန်းအဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေအပါအဝင် ဘယ်နေရာမှာမဆို ကိုဗစ်ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရောက်အောင် ဆောင်ရွက်ပေးမယ်လို့ အစည်းအဝေးမှာ ကတိပြုပြောဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က အခုလို လုပ်ပိုင်ခွင့်ရလိုက်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီမှာ ပါဝင်လာစေဖို့ စစ်ကောင်စီက နိုင်ငံရေးလုပ်ကွက် ဖြစ်လာနိုင်တယ်လို့လည်း NUG ကထောက်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။